မော်လမြိုင်က မြန်မာ့နည်း မြန်မာ့ဟန် မော်တော်ကား

Zaw WonnaJuly 11, 20101min06

မော်လမြိုင်မှ ခရီးသည်တင် မော်တော်ကား တစ်စီး

မော်လမြိုင်၏ Icon တစ်ခုဖြစ်သော မော်လမြိုင်မြို့တွင် လက်ရှိ အသုံးပြုနေကြသော ခရီးသည်တင် မော်တော်ကားတစ်စီးဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်လက်ကျန် ချက်ဗလက် (Chevrolet) ကားများကို လူစီး၍ အဆင်ပြေစေရန်  ပြုပြင် ပြောင်းလဲထားခြင်း ဖြစ်ပါသည်။ ကား၏ နောက်ပိုင်းကိုယ်ထည် တစ်ခုလုံးကို သစ်သားဖြင့်အဓိကထား တည်ဆောက်ထားသည်။ အပေါ်အမိုးမှာလည်း ခင်းထားသော သစ်သားအပေါ်တွင် သွပ်ပြားများကို အုပ်ပြီး မိုးလုံစေရန် ပြုလုပ်ထားပါသည်။ ကား၏ ကိုယ်ထည်ကို  ပေါလစ်တင်ထားသည့်အတွက်  ပရိဘောဂပစ္စည်းတစ်ခုကဲ့သို့ လှပနေပါသည်။ ခရီးသည်များထိုင်ရန် အတွက် ကား၏အတွင်းနံရံဘေး တစ်ဘက်တစ်ချက်နှင့် အလယ်တွင် စုစုပေါင်း ခုံတန်းသုံးတန်း တပ်ဆင်ထား၍ ခရီးသည် သုံးဆယ်ခန့် တင်ဆောင်နိုင်သည်။

မော်လမြိုင်မြို့တွင်း ယာဉ်လိုင်းများတွင် အများဆုံးပြေးဆွဲပြီး အနီးအနား မိုင် ၂ဝ ဝန်းကျင်ခန့်မှ မြို့ရွာများသို့လည်း ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများအတွက် အသုံးပြုလျက် ရှိပါသည်။ မော်လမြိုင်မြို့မှ ခရီးသည် အများဆုံး အားထားနေရသော ယာဉ်လည်းဖြစ်ပါသည်။ သံထည်ဖြင့် ပြုလုပ်ထားသော ခေတ်ပေါ်ကားများကဲ့သို့ အပူချိန်လွန်ကဲမှုမရှိပဲ လေဝင်လေထွက်မျှတကာ သက်တောင့်သက်သာ စီးနင်းနိုင်ခြင်း၊ ကုန်ပစ္စည်းများကိုလည်း ခေါင်မိုးပေါ်တွင် စိတ်ချလက်ချ တင်ထားနိုင်ခြင်းတို့ကြောင့် ခရီးသည်များအတွက် လွန်စွာ အဆင်ပြေပါသည်။ ယခုအခါ စက်ပစ္စည်းအစိတ်အပိုင်းများ ရှားပါးခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်း၊ ဆီစားနှုန်းများခြင်းတို့ကြောင့် ယာဉ်ပိုင်ရှင် အများစုအနေဖြင့် တွက်ခြေမကိုက် ဖြစ်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ သုံးဘီးယာဉ်(တုတ်တုတ်) နှင့် ပါကစ္စတန်နိုင်ငံမှ အလှဆင်ထားသော ကားများကဲ့သို့ မော်လမြိုင်မှ ချက်ဗလက်ကားများသည်လည်း မြန်မာ့ဟန်၊ မြန်မာ့လက်ရာ တစ်ခုအဖြစ် သတ်မှတ်နိုင်မည်ဟု ယူဆမိပါသည်။

6 comments

  • etone

    July 12, 2010 at 4:19 am

    ဟီးဟီး မိုက်တယ် ။

    Reply

  • Shwemannmay

    July 12, 2010 at 5:51 am

    အင်း စီးလို ့တော့ဖြစ်နေသေးတာပဲ

    Reply

  • kai

    July 12, 2010 at 8:25 am

    မျိုးမြင့်လေးဆိုတဲ့ မမတို့ မော်ရွှေမြိုင်သီချင်းမှာ…သင်္ဘောသီးခွဲခြမ်းသဏ္ဍန်ဘတ်စ်စကားဆိုတာ အဲဒါကိုပြောတာလားမသိဘူး။
    သစ်သားဘော်ဒီဆိုတော့ ထိုင်ခုံတွေပါ ကနုတ်တွေဘာတွေဆင်ပြီး မြို ့ကျက်သရေဆောင် တိုးရစ်တွေစိတ်ဝင်စားမဲ့ ကားလုပ်သင့်တာအမှန်ပါပဲ။
    ဖိလစ်ပိုင်၊ မနီလာမြို ့မှာလည်း အဲဒီလိုအလှဆင်ဘတ်စကားတွေ စီးခဲ့ဖူးတယ်။
    အဲဒီအလည်ရောက်တဲ့ တိုးရစ်တိုင်း မဖြစ်မနေစီးကြတာပဲ။

    Reply

  • thihayarzar

    July 27, 2010 at 7:22 am

    ဘီလူးကျွန်းကိုသွားတုန်းကတော့ စီးဖူးတယ်။ အဲ့ဒီဘက်ကကားတိုင်းကအခုလိုကားပုံစံတွေချည်းပဲ။ မြန်မာလူမျိုးတွေ စည်းကမ်းရှိတာကို ကမာ္ဘကသိစေချင်လို့ သိမ်းထားတာနေမှာ။

    Reply

  • Yin Nyine Nway

    July 27, 2010 at 8:03 am

    ဟားဟား…အထင်ကိုမကြီးကြဘူး
    ကိုယ့်နိုင်ငံကိုဆိုရင်

    Reply

  • khunaung

    July 27, 2010 at 8:46 am

    လွန်ခဲ့တဲ့ 10 နှစ်ကျော်ကျော်ကတော့ ဘားအံကနေ လှိုင်းဘွဲ့ သွားတဲ့လမ်းပေါ်မှာ..စီးခဲ့ဘူးတယ်..ခုမြင်လိုက်ရတော့ သတိရသွားတယ်..အာရှတိုက်ရဲ့ နိုင်ငံတစ်ခုမှာ (နိုင်ငံမမှတ်မိ) ဆင်ထားတာတော့ အရမ်းလှတယ်..ရန်ကုန်မှာလဲ ဗိုက်ပူကြီးတွေရှိပါသေးတယ်ဗျာ..တချို့ဆို ရှယ်ဆင်ထားတာ..ပုံတော့မရှိလို့မတင်ပေးတော့ဘူး..တချို့ကတော့..တော်တော်အိုနေပြီ..ဒါပေမဲ့ အသုံးဝင်နေသေးတော့သုံးနေကြတာပါပဲ..အင်္ဂါရပ်နဲ့ ညီမညီတော့မသိဘူး စီးရင်တော့ (ဂေါင်း/ ခေါင်းငုံ့ဆင်းပါ) လို့ရေးထားတာ..စာလုံးပေါင်းမှားနေတယ်ဆိုပြီး..မဆင်းရင်တော့..အီတာပါပဲ..

    Reply

Leave a Reply

Your email address will not be published.