မွေးသေအတွင်းပြုလုပ်ခြင်း…

Ko out of...September 26, 20121min01

လူတို့ကမ္ဘာ လူဖြစ်လာ ချမ်းသာလိုကြသည်…
ချမ်းသာလိုငြား ပြေးကာလွှား တရားရှာကြသည်…
တရားတရား မကွဲပြား လွဲမှားကြလေသည်…
မတရားကိုပင် တရားထင် အမြင်မှားကြသည်…

ကုသိုလ်ကာမ ပြုလိုကြ စိတ်က ထက်အောက်ရည်…
ရူပကုသလံ ဖြစ်ပျက်ဟန် ရုပ်နာမ်ရှု့ကြည့်သည်…
အရူပမှာ ဖြစ်ပျက်ခွာ ငြိမ်းရာရှာကြသည်…

ရုပါရုပ ပြုကာမ သုံးဝဝဋ်လည်မည်…
ကိလေသဝဋ် ကမ္မဝဋ် မချွတ်ဝိပါက်လည်…
တခု-တခု အကြောင်းပြု ပေါင်းစုလည်းအားညီ…
တဆယ့်နှစ်တန် လည်အားမြန် သဏ္ဍာန်ပေါ်လိမ့်မည်…
သုံးဆယ့်တစ်ဘုံ ပုံရိပ်စုံ လွမ်းခြုံလူပေါ်တည်…
ဗြဟ္မာ လူ နတ် အပါယ်ဇာတ် မပြတ်လည်တော့သည်…

ဝဋ်လည်မစဲ လွန်ဆင်းရဲ နှစ်မွဲခံရမည်…
ချမ်းသာလိုလှ ရှာကာမှ ဒုက္ခရကြသည်…
တရားရှာမှ မတရားရ များလှလူတွေဆီ…

ပစ္စုပန္န ကံဝါဒ ညွှန်ပြဝိဟာရီ…
ချမ်းသာလိုလျှင် ဒုက္ခမြင် အစဉ်သိရမည်…
ဒုက္ခသိရန် ကံဖြစ်ဟန် အမှန်ရှု့ကြည့်သည်…
ကံစက်သံသရာ လူကိုယ်မှာ လည်တာမြင်ရမည်…

ဒွါရသုံးပါး ကံသုံးပါး သုံးပါးဝဋ်လည်မည်…
ကံဖြစ်ရာမှာ ကိလေသာ သူဟာအကြောင်းမည်…
ကိလေသာစက် လည်ဖို့တွက် ဝိပါက် အကြောင်းမှီ…
ဝ်ပါက်မှာလည်း ကံကြောင့်ဘဲ မလွဲလည်ရမည်…

ကံသရာ မြင်သောအခါ မိစာ္ဆကင်းတော့သည်…
သံသရာ ဒုက္ခ လူ့ပြင်ပ မုချမရှိပြီ…
ကံကြောင့်ဖြစ်ရ ဝဋ်ဒုက္ခ လွတ်မှအေးကြမည်…

ကွင်းကွက်ပြတ်သား ဒုက္ခများ ထင်ရှားမြင်ရပြီ…
ဒုက္ခမြင်လျှင် သမုဒယစင် လူတွင်ချမ်းသာမည်…
လူချမ်းသာဖို့ ကံပြင်စို့ မချို့ယုံယုံကြည်…

ပစ္စုပန္န ကံမြင်ကြ ဓမ္မဝိဟာရီ…
မေတ္တာရှေ့ထား ကရုဏာထား ဟောကြားမိန့်မှာသည်…
တစ်ခုတည်သာ မြတ်သာသနာ ရှည်ကြာတည်ရမည်…
သာသနာအလင်း ကမ္ဘာချည်း မယွင်းချမ်းသာမည်…
အရိယာလမ်း ကမ္ဘာလွမ်း ငြိမ်းချမ်းကြစေမည်…

ရေးစပ်သူ…ပစ္စုပန် ကမ္မဝါဒဆရာဦးညွှန့်ဝေ…

One comment

  • candle .

    September 26, 2012 at 9:27 pm

    ” ကံကြောင့်ဖြစ်ရဝဋ်ဒုတ်ခ လွတ်မှအေးကြမည် ”
    အကြိုက်ဆုံးစာသားလေးပါ..

    သုံးဆယ့်တစ်ဖုံ အလုံးစုံ အကုန်ငြိမ်းချမ်းကြပါစေ..

    Reply

Leave a Reply

Your email address will not be published.