မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၂)

မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၁)

http://myanmargazette.net/148470/creative-writing#comment-255925

 

ပထမတန်းတွင် နှင်းဆီ၏အကြောင်းကို ပိုသိလာခဲ့သည်။ နှင်းဆီ၏အမေသည် မြို့တွင် နာမည်ကြီးသော ဆရာဝန်တစ်ယောက်ဖြစ်၍ အဖေသည် ချမ်းသာသော လူကုံထံတစ်ယောက်ဖြစ်သည်။ တစ်ဦးတည်းသော အစ်ကိုမှာလည်း တစ်မြို့လုံးတွင် အတော်ဆုံးဟုဆိုနိုင်သည့် ထူးချွန်ကျောင်းသားဖြစ်၏။ ထို့ကြောင့် အနှစ်ချုပ်လျှင် နှင်းဆီသည် မြို့မျက်နှာဖုံး၊ အထက်တန်းလွှာမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။

 

နှင်းဆီ၏အခြေအနေကို သိလိုက်ရချိန်တွင် ဝတီတစ်ယောက် အားကျစိတ်များဝင်မိ၏။ ဝတီ့အဖေသည် ပုံနှိပ်စက်လုပ်ငန်းကို လုပ်ကိုင်သည်။ ပုံနှိပ်စက်သုံးခုလောက်သာရှိသော မြို့တွင် အဖေသည် အတော်ဆုံးဟု ဆိုနိုင်၏။ လုပ်ငန်းအခြေအနေကောင်းမွန်သော်လည်း ချမ်းသာသည်ဟု မဆိုနိုင်။ အဘွား၏ စီမံအုပ်ထိန်းမှု၊ အဖေ၏ အလုပ်ကြိုးစားမှုနှင့် အမေ၏ ဖြည့်ဆည်းပေးမှုအောက်တွင် ဝတီနှင့်မောင်လေးတို့နှစ်ယောက် လိုတရမဟုတ်သော်လည်း လိုအပ်သမျှတော့ ပြည့်စုံခဲ့သည်။ သို့ရာတွင် ကလေးပီပီ နှင်းဆီ၏ ဂါဝန်လှလှများ၊ ချော့ကလက်ဝေဖာများကိုတော့ မက်မောမိသည်သာ။

 

ထိုနှစ်တွင် နှင်းဆီနှင့် ဝတီတို့ ပိုမိုရင်းနှီးလာခဲ့သည်။ စိတ်သဘောထားကောင်းလှသော နှင်းဆီ၏အမေက စာတော်သောဝတီ့ကိုလည်း ချစ်ခင်လိုလားခဲ့သည်။

 

“သမီး..ဝတီ…နှင်းဆီလေးနဲ့အတူတူထိုင်နော်..သူက အိမ်မှာအငယ်ဆုံးဆိုတော့ အရမ်းဆိုးတယ်…သမီးက သည်းခံပေးနော်… စာလည်း အတူတူကြည့်ကြ သိလား… သမီးက စာတော်တော့ နှင်းဆီမသိတာတွေလည်း ပြောပြပေးနော်…နှစ်ယောက်သား ချစ်ချစ်ခင်ခင်နေကြနော် သမီး…”

 

နှင်းဆီအမေ၏ ပြောစကားများကြောင့် ဝတီတစ်ယောက် နှင်းဆီနှင့်အတူတူထိုင်ဖြစ်သည်။ ကျောင်းဖွင့်စမှာတော့ နှစ်ယောက်သားက အဆင်ပြေသည်။ နောက်ပိုင်းတွင်တော့ နှင်းဆီ၏ ဗိုလ်ကျလိုစိတ်က ဝတီ၏ သည်းခံနိုင်စွမ်းထက် ကျော်လာခဲ့သည်။ ရန်ဖြစ်သည်က မကြာခဏ။ တစ်ခါတစ်ခါ လက်တွေအထိပါ ပါလာသည်။ ကျောက်သင်ပုန်းများ၊ ကွန်ပါဘူးများ၊ ပေတံများကလည်း ရန်ဖြစ်ကူပစ္စည်းများ ဖြစ်လာခဲ့သည်။ ပထမတန်းတွင်တော့ နှင်းဆီက ပထမ၊ ဝတီက ဒုတိယ ရရှိခဲ့သည်။

 

ဒုတိယတန်းအရောက်တွင်တော့ မည်သူက မည်သို့ ရိုက်ထည့်လိုက်မှန်းမသိသော အသိတစ်ခု ဝတီ့ခေါင်းထဲတွင် စွဲလာခဲ့သည်။ “နှင်းဆီနဲ့ဝတီက ပြိုင်ဘက်တွေ” ဟူ၍။ “ပြိုင်ဘက်ဆိုတာ ဘာလဲ…ဘာကို ပြိုင်ရမှာလဲ…”။ အမှန်တော့ အမှတ်ချင်း မတိမ်းမယိမ်းဖြစ်နေသော ဝတီတို့နှစ်ယောက်၏ အရည်အချင်းများကို ဆရာမများက ပြိုင်ဘက်ဟု သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ အခြေအနေချင်း ပြိုင်စရာမရှိသော ဝတီသည်လည်း စာကိုသာ ဖိပြီး ကြိုးစားခဲ့သည်။ ပထမဆိုသည်မှာ အမြင့်ဆုံးဟု သိလာသည့်အချိန်တွင် ထိုပထမကို မက်မောလာ၏။ နှင်းဆီကို ကျော်နိုင်ဖို့ရာ ပထမသာလျှင် ပထမ ဖြစ်ပေသည်။

 

မည်သို့ပင်ကြိုးစားသော်လည်း ဝတီတစ်ယောက် ဒုတိယအဆင့်မှ တက်မလာခဲ့ပေ။ ပထမနှင့် ဒုတိယသည် ကပ်ရပ်ဖြစ်သော်လည်း တကယ်တမ်းတွင်မူ ဝေးကွာလွန်းလှပေသည်။ တဖြည်းဖြည်းနှင့် သိလာခဲ့သည်က ပိုက်ဆံချမ်းသာသော နှင်းဆီသည် အိမ်တွင် ဆရာမသီးသန်းဝိုင်းနှင့် စာသင်ရသည်။ ဘာသာရပ်အလိုက် သီးသန့်ဆရာမများနှင့် ထပ်မံသင်ခွင့်ရသည်။ မိဘနှစ်ပါး၏ အနီးကပ် ညွှန်ကြားမှုဖြင့် စာကျက်ရသည်။ ထို့ကြောင့် ညဘက်တစ်ယောက်တည်းစာကျက်၊ မနက်ဘက်ကျောင်းမသွားမီ တစ်နာရီခွဲခန့် ကျူရှင်တက်ရသော ဝတီတစ်ယောက် နှင်းဆီကို မမီသည်မှာ အဆန်းတော့ မဟုတ်တော့ပေ။

 

တတိယတန်းစာသင်နှစ်တွင် ဝတီတို့နှစ်ယောက်ကြားရှိ ယှဉ်ပြိုင်မှုများ၊ အာဃာတများကို ပြင်းထန်လာစေသည့်အပြင် ဝတီ့နှလုံးသားထဲသို့ မနာလိုမှုဟူသော အမည်းရိပ်စတင်စွန်းထင်းစေခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။

 

ထိုနှစ်တွင် တတိယတန်းနှင့် စတုတ္ထတန်းမှ ထူးချွန်ကျောင်းသားများသည် မြို့နယ်ထူးချွန်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရသည်။ ကျောင်းမိသားစုအဆင့်နှင့် မြို့နယ်အဆင့်ဟူ၍ နှစ်ဆင့်ဖြေရ၏။ ကျောင်းမိသားစုအဖြစ် ကျောင်း (၅) ကျောင်း ယှဉ်ပြိုင်ဖြေဆိုပြီးချိန်တွင် ထုံးစံအတိုင်း နှင်းဆီနှင့် ဝတီတို့သည် ပထမနှင့် ဒုတိယနေရာတို့ကို ရယူနိုင်ခဲ့ကြသည်။

 

မြို့နယ်အဆင့်တွင်မူ တစ်ကျောင်းမှ တစ်ဘာသာသာ မေးခွန်းထုတ်ရသည်။ ဝတီတို့ကျောင်းက ပထဝီဝင်ဘာသာ။ မိမိကျောင်းသာကို သာစေချင်သည့်စိတ်ဖြင့် ဆရာမက မေးခွန်းအချို့ကို ပြောပြခဲ့သည်။

 

“ဝတီနဲ့နှင်းဆီ..ဒီဘက်ကို ခဏလာခဲ့ဦး..”

“ဟုတ်ကဲ့ ဆရာမ..”

 

သင်္ချာဖြေပြီး၍ ထမင်းစားနားချိန်တွင် ဆရာမက လှမ်းခေါ်ခဲ့သည်။ ဝတီတို့ရောက်သွားတော့ အဓိကထားကျက်ရမည့် စာအချို့ကို ရွေးပေးခဲ့သည့်အပြင်…

 

“ဒီမှာ..ဆရာမ မေးခွန်းတစ်ခု မေးထားတယ်… ဒီမြန်မာနိုင်ငံမြေပုံမှာ အမှတ်စဉ်တွေ ထိုးပေးထားတယ်… သမီးတို့ အကုန်မသိဘူး..ဒီတော့ ဆရာမရေးပေးထားတဲ့ နံပါတ်နဲ့ ဘေးက အဖြေတွေကို ဒီအတိုင်း ကျက်သွားလိုက်..”

 

ဝတီတစ်ယောက် အနည်းငယ်တော့ လန့်သွားသည်။ သို့ရာတွင် အဖြေများကို ကျက်ရုံမက မြေပုံထဲက အညွန်းတွေကိုပါ မှတ်မိအောင် ကြည့်ထားလိုက်၏။ စာမေးပွဲဖြေသောအခါဝယ် ဝတီ့မှတ်ဉာဏ်သည်ပဲ ချွတ်ချော်လေလားမသိ။ မြေပုံထဲက အမှတ်စဉ်တွေက လွဲနေသည်ဟု ခံစားရသည်။ ဖျတ်ကနဲတွေးလိုက်မိသည်က ထိုပထဝီဝင်ဆရာမသည် နှင်းဆီ၏ စာကျက်ဂိုက်ဖြစ်သည်။ ဇဝေဇဝါအတွေးများဖြင့် ဝတီတစ်ယောက် ကျက်ထားသည့်အတိုင်း မဖြေတော့ဘဲ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ထင်ရာကိုသာ ဖြေခဲ့တော့သည်။ နှင်းဆီကတော့ ယုံကြည်မှုအပြည့်ပုံစံနှင့် စာဖြေခန်းထဲက ထွက်လာ၏။

 

24 comments

  • Mon Kit

    September 18, 2012 at 10:38 am

    ဟယ်.. ဝတီ ဆုံးဖြတ်ချက်မှန်မယ်နဲ့တူတယ်…
    ဆရာမ က မေးခွန်းနဲ့ အဖြေကို လွှဲပြောင်းပြထားတာနေမှာ…
    နှင်းဆီကိုတော့ အမှန်တွေဘဲ ပြောမှာပေါ့နော်…
    ဟိ… မှန်မမှန်တော့ မသိဘူး… ခန့်မှန်းပေးသွားတယ်နော်…
    ဖတ်ရတာ ကောင်းလာပီ.. ဆက်ရေးနော်…

    Reply

    • လုံမလေး မွန်မွန်

      September 18, 2012 at 11:23 am

      မှန်မမှန်တာတော့ နောက်အပိုင်းပေါ့နော်.. 🙂
      အားပေးတာ ကျေးဇူးပါ အစ်မ.. ဆက်ရေးနေပါတယ်ရှင့်…

      Reply

  • ကိုခင်ခ

    September 18, 2012 at 10:47 am

    ဪ စာမေးပွဲဖြေပြီး အမှတ်စာရင်းကို ချက်ချင်းမသိရသေးသလိုပါဘဲ လုံမလေးရေ။
    မျော်နေရပြန်ပေါ့။

    Reply

  • pooch

    September 18, 2012 at 11:05 am

    မွန်မွန်ရေ ပြိုင်ဖက်ရှိမှ တိုးတက်တာလို့လည်း ပြောကြတယ်။
    ယှဉ်ပြိုင်ဖို့ရာအတွက်အကောင်းဆုံးဖက်ထားရမဲ့ ပြိုင်ဖက်လို့လည်း
    ဖားတကောင်က ပြောဖူးတယ်။ :mrgreen:

    ဒါပေမဲ့ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုး ရှိဖို့တော့ လိုတာပေါ့နော်။
    ဆက်ပ

    Reply

    • pooch

      September 18, 2012 at 11:07 am

      ဆက်ပါအုန်းလို့ ရေးတာမွန်မွန်ရေ ပြတ်ကျန်ခဲ့လို့ ကော်မကောင်းပြန်ဘူး 🙁

      Reply

    • လုံမလေး မွန်မွန်

      September 18, 2012 at 11:27 am

      ဟုတ်ပါတယ် အစ်မ..
      မွန်မွန့်ဘဝကလည်း ပြိုင်ဖက်ဆိုတာကြောင့်ပဲ ကြိုးစားဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်… မဟုတ်ရင် မွန်မွန်က ငပျင်းရယ်…. 🙂

      Reply

  • ကထူးဆန်း

    September 18, 2012 at 11:07 am

    ဒီလိုနဲ့ဘဲ ဂဇက် သို့ နေ့စဉ် ဝင်ဖြစ်နေရပါတော့သည်။

    Reply

    • လုံမလေး မွန်မွန်

      September 18, 2012 at 11:37 am

      တကယ်တော့ လုံမလေးလည်း အားနာပါတယ် လေးလေးထူးဆန်းရှင့်… စာတွေက ခေါင်းထဲမှာပဲရှိနေပြီး စာရွက်ပေါ်နဲ့ ကွန်ပျူတာပေါ်ကို မရောက်နိုင်လေတော့… 🙁
      စာမေးပွဲကြားထဲကကို မပြီးပြီးအောင် ရေးနေပါတယ်… 😛

      Reply

      • မဟာရာဇာ အံစာတုံး

        September 18, 2012 at 8:39 pm

        ကြိုးစားထား ငါ့တူမဂျီးရေ ..
        ပို့စ်နဲ့ ပတ်သက်လို့တော့
        နောက်တော့မှ အေးဆေး မန့်မယ် ငါ့တူမဂျီးရေ …

        Reply

  • weiwei

    September 18, 2012 at 11:17 am

    မျဉ်းပြိုင်နှစ်ကြောင်းဆိုတော့ မဆုံနိုင်ပေမယ့် ကြာလေဝေးလေတော့ မဖြစ်ဘူးပေါ့ …
    ကျွန်မအတွေ့အကြုံထဲမှာတော့ ဆန့်ကျင့်ဘက်လေးတွေ များတယ် … ဆန့်ကျင်ရင်းကနေ ဝေးသွားလိုက်တာ ဘယ်လိုမှ ပြန်နီးစပ်အောင်လုပ်လို့မရတော့တဲ့ ရာဇဝင်တွေ ရှိခဲ့ဖူးတယ် …

    Reply

  • ဦး ကျောက်ခဲ

    September 18, 2012 at 11:29 am

    ဪ ဒွတ်ခ၊………. တရား မရှိလိုက်တာ!
    သမီးရေ ဆက်ပါဦးကွယ်……….

    Reply

  • Ju Jue

    September 18, 2012 at 11:39 am

    ဖတ်ရင်းနဲ့ ဆက်ပြီး ဖတ်ရင်ချင်နေပါတယ်…လုံမရေ… ဝတီရဲ့ လုပ်ရပ်လေး ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ သိချင်လှပါပြီ…. အပိုင်း ၃ ကို ဆက်လက်စောင့်မျှော်နေပါတယ်…

    Reply

  • candle .

    September 18, 2012 at 2:03 pm

    ဝတီ့ ဆုံးဖြတ်ချက်မှန်မှာပါ..
    အဲ့ဒီ စာမေးပွဲ အပြီးမှာ သူတို ့နှစ်ယောက်ရဲ ့
    မောဟ အားပြိုင်မှု ့တွေဟာ ပိုပြင်းလာနိုင်ပါတယ်..
    ဟင်းးးးးးး…..စိတ်မောတယ်
    ဆက်ပါအုံး..မြန်မြန်..

    Reply

  • အားလုံးအစအဆုံးဖတ်ပြီးမှ ထပ်မန်းတော့မယ် အခုတော့ ဖတ်ဘဲဖတ်သွားလိုက်တော့မယ်နော်
    လုံမလေး မယ်မွန်ရေ့

    Reply

  • မောင်ပေ

    September 18, 2012 at 2:16 pm

    နှင်းဆီ က ချာမ နဲ ့ပေါင်းပြီး ဝတီ့ကို လုပ်ကြံလိုက်တာပေါ့
    ဘုရားဘုရားဘုရား
    မိန်းမတွေရဲ ့ပြိုင်ဆိုင်ချင်စိတ် အညှိုးအာဃာတ တွေများ တယ်ကြောက်ဖို ့ကောင်းတာကလား
    ဒါနဲ ့အခုစာထဲက ဝတီလေးက အပြင်မှာ မွန်မွန် ဆိုတာပေါ့နော်
    မောင်ပေ မွန်မွန် ့ကို ဂျစ်မိသွားပြီကွယ် ။ နောက်ဆို မွန်လေးကို ပြိုင်သမျှလူအားလုံးကို မောင်ပေ့ရန်သူပဲ
    သိလား
    ဟီဟိ

    Reply

  • Shwe Ei

    September 18, 2012 at 2:18 pm

    အင်း ပြိုင်ချင်စိတ်ရှိတာကောင်းပေမဲ့ မနာလိုဖစ်တတ်လာရင်တော့ မလွယ်ပါဝူးအေ။

    Reply

  • Crystalline

    September 18, 2012 at 2:46 pm

    ဆရာမကတော့တကယ့်ကိုပဲ ဘုရားနဲ့တစ်ဂိုဏ်တည်းထားသင့်တဲ့သူပေပဲနော်. အားပေးစောင့်မျှော်နေတယ်နော့.

    Reply

  • garuda

    September 18, 2012 at 3:15 pm

    ဂေဇက်ထဲမှာ မြန်မာစာ အရေးအသားကောင်းတဲ့ သူတွေ အတော်များပါသည်။ တကယ့် စာရေးဆရာများလား၊ အပျော်တမ်းရေးသူများလားတော့မသိ။ အခုလိုလေ့လာဖတ်ရှု့ခွင့်ရတာ အကျိုးများတဲ့ အတွက် ကျေးဇူးတင်ပါသည်။

    Reply

  • Shwe Tike Soe

    September 18, 2012 at 4:51 pm

    မေ့တောင်မေ့နေတယ်အေ ညည်းနှယ့် ဝေးလိုက်ထာ နောက်ဆို နဲနဲကပ်ကပ်လေးတင်ပါအေ…
    သူလဲ ကိုရီးယားကားကျနေတာပဲ ကောင်းခန်းဆို ဖြတ်ပီ ဟွန်.

    Reply

    • လုံမလေး မွန်မွန်

      September 18, 2012 at 5:08 pm

      တင်ချင်ပါတယ်ရှို..သများက စာမေးပွဲကြီးရှေ့ထားပြီး စာမကျက်ဘဲ ရေးနေတာ… ဖြစ်နိုင်ရင် အပြီးကို တင်ချင်တာ… ဟင့်.. နိုချင်လာဘီ…

      တကယ်တော့ သူငယ်တန်းကနေ ဆယ်တန်းနှစ်အထိ..နောက် အခုအချိန်အထိ..ဖြစ်ပျက်ခဲ့တာတွေကို အခြေခံပြီးရေးမှာဆိုတော့ စာဖောင်းပွမှာစိုးတာတစ်ကြောင်းကြောင့် သေသေချာချာလေး ရေးနေတာလည်း ပါပါတယ်…နောက်ပြီး အချိန် (တရုတ်ကြီး မဟုတ်။ ကြေးမုံဂျီးနဲ့ အမျိုးမတော်) မလောက်မငဖြစ်နေတာကြောင့် သည်းခံပေးဖို့ တောင်းပန်အပ်ပါတယ်ချင့်… အားပေးမှုအပေါင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ်…

      Reply

      • Shwe Tike Soe

        September 19, 2012 at 11:56 am

        ရပါတယ် ရပါတယ် အန်တီမမ မွန်ရယ် ခိခိခိ

        Reply

  • aemoshu

    September 19, 2012 at 11:41 am

    အလုပ်မလုပ်ပဲ MG ပဲဝင်နေတယ်ပေါ့လေ .. ဟိ…

    ဖတ်လို့ကောင်း၊ ဆွဲဆောင်မှုအရမ်းရှိ။
    ဒါပေမယ့်ညီမလေးရေ … ဒါလေးပြီးအောင်ရေးပြီးရင်တော့.. အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့လို့။ မပင်ပန်းစေချင်လို့ပါကွယ်။

    Reply

Leave a Reply to ဦး ကျောက်ခဲ Cancel Reply

Your email address will not be published.