ဗောင်း ဗောင်း..ဗောင်ဗောင်သီးဖောက်သံပါ…။ Bang

အစိုးရ ဝံကျီးအပြောင်းအလဲတွေတော့ လုပ်ကုန်ပြီ။ ကောင်းသလား ဆိုးသလား ဘယ်ဖက်ကို ဦးတည်သလဲ ရေရေရာရာမသိပေမဲ့ ကျနော့်ကိုယ်ပိုင် ခံစားချက်အရ အရွေ့ကနေ စွမ်းအင် ဖြစ်ခြင်းသဘောကို လက်ခံတာမို့ နှစ်ခြိုက်ပါတယ်။ ပြောင်းတိုင်းလားဆိုတော့လည်း မဟုတ်ပါဘူး၊ အရင်ကလည်း ရာထူးနေရာ အပြောင်းအလဲ များစွာရှိခဲ့တာပဲ၊ ဒီနေရာက ဟိုနေရာ၊ ဒီလူပြီးနောက်လူ ညီလေးအကိုဂျီး ချစ်တမ်းကစားနေကြတာများတယ်။ အနှစ်သာရအားဖြင့် ပြစရာနတ္ထိပါ။ ဒီတခေါက်ရော ဘယ်လိုလဲ၊ စောင့်ကြည့်ရပါအုံးမယ်။ လက်ငင်းပြောနိုင်တာ ၉ဂဏန်း ကိုးနဝင်း အစဉ်အလာ ဆက်ထိန်းပါတယ်။ ထားပါတော့ သူ့မြင်းသူ့စိုင်း စစ်ကိုင်းရောက်ရောက်၊ နိုဗွီလေးလည်း အဲဒီမှာနေတော့တာ မဟုတ်ဘူး။ သတင်းပြေးထားတဲ့အတိုင်း ပြန်ကြားရေးဝံကျီးရာထူးကို ဦးအောင်ကြည်၊ ထိပ်တန်းဝံကျီးအချို့ သမတရုံးသို့ ပြောင်းပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးဖို့ သမတလက်ထောက်အဖွဲ့ စိတ်ကြိုက်ရွေးသလား သို့မဟုတ် တိုင်းမှူးများအထက် စစ်ဆင်ရေး ကွပ်ကဲရေးမှူးများလို ဝံကျီးများအထက်က ဝံဂျီးများအဖြစ် သမတကိုတာဝန်ခံဖို့ ခန့်သလား……. ဒါလည်း သူ့လှေသူထိုး ပဲခူးရောက်ရောက် ဖြစ်ပါတယ်။

မဆလခေတ် ဝံကျီးဌာနများဖွဲ့တဲ့အခါ ဝံကျီးကို မဆလပါတီဝင်ကေဒါအား တာဝန်ပေးပြီး ဒုတိယဝံကျီးများကို ပညာရှင်အရပ်သားများ ပေးတဲ့အစဉ်အလာ ရှိတာမို့ ဒီလောက်နဲ့တော့ သမဒဂျီး ခလေးကွက်ရွှေ့နေတုန်းလို့ ပြောပါရစေ။ ၁၉၈၈ခုနှစ် နောက်ပိုင်း စစ်အစိုးရလက်ထက်ကြတော့ ပိုဆိုးသွားတယ်။ ဝံကျီး၊ ဒုဝံကျီး၊ ညွှန်ချုပ်၊ ညွှန်မှူးနဲ့ နောက်ဆုံး ဦးစီးအရာရှိ နေရာပါမချန် စစ်ဗိုလ်များ ဝင်ပါတယ်။ မှတ်မိနေသေးတဲ့ စစ်အုပ်ချုပ်ရေး အစောပိုင်းကာလ ဖြစ်ရပ်တခု ရှိတယ်။ ပညာတတ် စစ်အရာရှိဟောင်းတဦး စသုံးလုံးဖမ်းလို့ အချုပ်ကျတယ်။ အဲတုန်းကအချုပ်ကြီးကို မြို့နယ်ရဲမှူးများ (သုံးပွင့်) အလှည့်ကျစီ ညစဉ် ကင်းစစ်ရပါတယ်။ တညမှာတော့ နောက်တန်းမှာ ခေါင်းငုံထိုင်နေတဲ့ သူ့ကိုကြည့်ပြီး ခင်ဗျားကို……. မဟုတ်လားလို့ မေးတယ်။ နောက်မှသိတာ သူတပ်ထဲမှာရှိစဉ် ုအဲဒီရဲမှူးက အရာခံတဦးပါ။ စစ်အုပ်ချုပ်ရေး အစောပိုင်းမှာ စစ်တပ်ထဲက တပ်ကြပ်ဆိုရင် ရဲ၊ အကျဉ်းဦးစီးဌာနလို စစ်တပိုင်းဌာနများမှာ တပွင့်၊ အကြပ်ကြီး အရာခံများဆို နှစ်ပွင့်၊ သုံးပွင့်ပေါ့ဗျာ..။ ဒီလိုနဲ့ အရပ်သားစစ်စစ် ဝန်ထမ်းများ သုံးပွင့်၊ တပွင့်တခက်လောက်နဲ့ အငြိမ်းစားယူကြရတယ်။

စကားပြန်ကောက်ရရင် မဆလခေတ်မှာ ပါတီကေဒါပထမ ပညာရှင်ဒုတိယမူနဲ့ ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး အောင်လိုက်တာ တိုင်းပြည်ပျက်သွားတဲ့အထိပဲ။ အခုလည်း ဝံကျီးနေရာ စစ်ဗိုလ်များယူထားပြီး ဒုဝံကျီး ရာထူးအချို့ကိုသာ အရပ်သားလက်ထဲ ထည့်မယ်ဆိုရင် ပိုထူးလာမယ် မထင်ဘူး။ ပထမအဆင့်မှာကို ရဲရဲဝံ့ဝံ့နဲ့ အရေးကြီးတဲ့ ဌာနအများစုကို အရပ်သားများအား ပေးဖို့လိုတယ်။ လောလောဆယ် ကက်ဘိနက်မှာ အရပ်သားဝံကျီး တယောက်စ နှစ်ယောက်စနဲ့ မလုံလောက်ပါဘူး။ ပညာရှင်ဝံကျီးများကို တာဝန်ခံမှုနဲ့အတူ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးရမယ်။ ပေါ်လစီပိုင်းမှာကို စစ်ဗိုလ်နဲ့ အရပ်သား အပြန်အလှန် ငြင်းခုံဆွေးနွေးခွင့် ပြုရမယ်။ ဒုတိယဆိုတာ ပထမခိုင်းတာ လုပ်ရတာ၊ ကိုယ့်ခြေကိုယ့်လက် မဟုတ်ဘူး၊ ဗျူရိုကရေစီ ယန္တရားမှာ နိုင်ငံတကာမှာလည်း ဒီလိုပဲရှိတယ်။ မဆလခေတ်ကို သင်ခန်းစာယူပါ။ သူတို့လည်း သင့်တော်တဲ့တချိန် ပညာရှင်လက်ထဲ အပ်မယ်လို့ အစီအစဉ်ရှိမှာပဲ။ သို့သော် မဖြစ် မဖြစ်နဲ့ ဖြစ်သလိုရအောင် သွားလိုက်တာ အဆုံးမှာ ဘုံးဘုံးလဲပါတယ်။ အခုလည်း ဒုတိယဝံကျီးနေရာအချို့ကို အရပ်သားပညာရှင်များကို လွှဲပေး ခိုင်းစား၊ နောင်မကြာခင် တဆင့်ပြီးတဆင့် လုပ်ပါမယ်ဆိုရင် မေ့လိုက်ပါ။ အရင်က မဖြစ်ခဲ့ရင် အခုလည်း မဖြစ်ဘူး။ ပိုကောင်းတဲ့ အဖြေလိုခြင်ရင် နည်းလမ်းအသစ် ပြောင်းရပါမယ်။

ကြည့်ထားကြကွဲ့ ကြောင်ကြီးလေပေါ်ပျံပြနေတယ်….

ရေတိုရေရှည် အကျိုးစီးပွား အရေးကြီးတယ်။ လူသစ်မွေးထုတ်၊ စနစ်သစ်ပြောင်းတယ်ဆိုတာ အကျိုးရလဒ် ချက်ခြင်းမထွက်ဘူး၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သွားရတာမျိုး၊ သရက်ပင်စိုက်သလို အပင်စိုက်သူ စားချင်မှ စားရတာ။ ဒီလိုနဲ့ ဆူလွယ်နပ်လွယ် လုပ်ကြရင်း တိုင်းပြည်တွေ မွဲကုန်ပါတယ်။ ဦးသိန်းစိန် ဘယ်ခြေလှမ်း လှမ်းမှာလဲ။ စစ်တပ်ရဲ့ ပျက်သွားတဲ့ နာမည်ကို ပြန်ဆယ်ပေးဖို့ ရေရှည်အပြုသဘော အုတ်မြစ်ဖောင်ဒေးရှင်း ချပေးမှာလား၊ ရေတိုကာလတခုကြည့် လက်ပူတိုက်မှာလား။ အခုထိတော့ သမဒ သက်တမ်း သုံးပုံတပုံသာ ရောက်လာတယ် တဗောင်းဗောင်းနဲ့ ဗောင်ဗောင်သီးသေနတ် ပစ်တာထက် ပိုမတွေ့ရပါ……….။
ဝေဖန်တယ်ကွာ ဘာဖြစ်လဲ၊ ဝံဂျီး ဝံဂလေး ရာထူးမမက်လို့ အတိုက်အခံ လုပ်တာကွ။ 😎

7 comments

  • P chogyi

    August 29, 2012 at 9:21 am

    ဝံဂျီး၊ ဝံကလေး ရာထူးမမက်နဲ့
    ဦးကြောင်ကြီးကို ပေးမှမပေးတာ။

    Reply

  • ကထူးဆန်း

    August 29, 2012 at 11:06 am

    သမဒ ကြီးလိုဘဲ ဦးကြောင်လည်း ဘောင်ဘောင် သီး ဖောက်ပါသည် ။ 😀

    Reply

  • kotun winlatt

    August 29, 2012 at 11:15 am

    ဟီ..တော်တော်မြည်တဲ့ ဗောင်းးးးးဗောင်းးးးးသံပါလားးးးး

    Reply

  • mocho

    August 29, 2012 at 12:37 pm

    ဟွန့် ..အခု လောလောဆည် ပီအက်စီ ( ဝန်ထမ်း ရွေး ကျင့် ) ..ခုတော့ ဘာ ခေ ါ် လည်း မသိတော့ …ရာထူး ဝန် ဆိုလားဘာလား….အဲ..အဲဒါ ဝင် ဖြေမဲ့ လူတွေ တော့ မောပြီ။ ဝံကြီး နဲ့ ဌာနတွေ ပြန် တွဲ ကျက် ရ အုံးမယ်။

    Reply

  • ရဲစည်

    August 30, 2012 at 1:38 am

    ခွစ် …. ခွစ် …. ခွစ်
    ဟို သီချင်းကြီးထဲက စာသားလို

    ထူး … မခြား……. နား ဟာ..ဟား …ဟား 🙂

    Reply

  • surmi

    August 30, 2012 at 9:43 am

    အသံတော ့ အတော်လေးကျယ်တယ် သို ့သော်လည်းပေါ ့လေ
    သူလဲ ရှေးနည်းအတိုင်းကျင် ့သုံးတယ်ထင်တယ်

    Reply

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:43 pm

    အားပေးသွားပါကြောင်း

    Reply

Leave a Reply

Your email address will not be published.