စာရေးဆရာ ပါရဂူ ရေးသားသော ရေစီးကြောင်း စာအုပ်မှ ထုတ်နုတ် တင်ပြချက် မာတိကာ အမှတ် (၆) တူနေသော စုတ်ချက်သုံးချက်

nyanakyawAugust 27, 20121min03

ကျမ်းဂန်၌ ပါသော ထိုမထေရ်များ၏ ဘဝအတ္ထုပ္ပတ္တိကို လေ့လာကြည့်သောအခါ အံ့ဩဖွယ် ဆင်တူနေသည်ကို တွေ့ရှိရပေသည်။

သိဂ္ဂဝမထေရ်သည် ဗြာဟ္မဏအိမ်ထောင်စု တစ်ခုတွင် ဆွမ်းလာရပ်သည်မှာ ခုနှစ်နှစ် ခုနှစ်မိုးရှိသွားပြီ။ သို့သော် မထေရ်သည် ဗြာဟ္မဏအိမ်ထောင်စုမှ ဆွမ်းတစ်လုပ်စာ သို့မဟုတ် ယာဂုတစ်ဇွန်း တစ်ယောက်မ စာမျှပင် မရရှိပေ။ တစ်နေ့သောအခါ၌ ထိုဗြာဟ္မဏအိမ်ထောင်စုက အိမ်ရှင် ဗြာဟ္မဏကြီးသည် ကိစ္စတစ်ခုနှင့် အပြင်ထွက်ရာမှ အိမ်အပြန်လမ်းတွင် သိဂ္ဂမထေရ်ကို တွေ့သည်။ ဗြာဟ္မဏကြီးက “အိမ်က ဆွမ်းရခဲ့ရဲ့လား ကိုယ်တော်”ဟု ငေါ့တော့တော့ မေးလိုက်သည်။ မထေရ်က “ရခဲ့ပါတယ်”ဟု ပြန်ဖြေသည်။

ဗြာဟ္မဏကြီးသည် အိမ်ပြန်ရောက်သောအခါ အိမ်က လူများအား “ရဟန်းကို ဘာဖြစ်လို့ ဆွမ်းလောင်း လိုက်ရသလဲ”ဟူ၍ မာန်မဲကြိမ်းမောင်းသည်။ အိမ်ကလူများက “ဆွမ်း တစ်ဇွန်းမျှ မလောင်းပါဘူး။ ခါတိုင်းလိုပါပဲ” ဟူ၍ ပြောကြသည်။ နောက်တစ်နေ့ ရဟန်းကြွလာသောအခါ ဗြာဟ္မဏကြီးက ရဟန်းအား ဆွမ်းမရဘဲ ဘာဖြစ်လို့ ရခဲ့တယ်လို့ လိမ်ပြောရသလဲ ဟူ၍ရန်တွေ့သည်။ မထေရ်က “မနေ့က ဒကာကြီးတို့ အိမ်က ကန်တော့ဆွမ်းပါဆိုတဲ့ စကားတစ်ခွန်း မရစဖူး ရခဲ့ပါတယ်။ ဒါကြောင့် ရခဲ့တယ်လို့ ကျုပ်ပြောခြင်း ဖြစ်တယ်ဟူ၍ ပြန်ပြောလေသည်။

ရဟန်းအပေါ် ဗြာဟ္မဏကြီး စိတ်ပြောင်းသွားသည်။ “ကန်တော့ဆွမ်းပါ”ဟူသည့် စကားတစ်ခွန်း ရရုံနှင့် ချီးမွမ်း စကားဆိုသည်။ ဆွမ်းတစ်ဇွန်း တစ်ယောက်မစာ ရလျှင်ကား မည်မျှ ချီးမွမ်းစကားဆိုမည်နည်း။ ယင်းသို့ အတွေးပေါ်ပြီးလျှင် ဗြာဟ္မဏကြီးသည် သူစားသည့် ထမင်းထဲမှ ဆွမ်းတစ်ဇွန်းယူပြီး မထေရ်အား လောင်းလိုက် သည်။ ထို့နောက်တွင်လည်း နေ့စဉ်ရက်ဆက် ထိုကဲ့သို့ပင် လောင်းသည်။ ရက်အတန်ကြာသောအခါ ရဟန်းအား အိမ်သို့ပင့်ပြီး ဆွမ်းကပ်သည်အထိ ဖြစ်လာသည်။

ထိုဗြာဟ္မဏကြီးနှင့် မောဂ္ဂလိအမည်ရှိ ပုဏ္ဏေးမကြီးတွင် တိဿအမည်ရှိ သားတစ်ယောက်ရှိသည်။ တိဿသည် ပညာတတ်သည်။ မာနကြီးသည်။ တစ်နေ့တွင် ဗြာဟ္မဏကြီး အိမ်တွင် တိဿနှင့် သိဂ္ဂမထေရ်တို့ ဆုံကြသည်။ သိဂ္ဂမထေရ်က တိဿကို မေးသည်။

“လုလင်..သင် ဝေဒကျမ်းသင်တာ တတ်ပြီလား”

“မန္တန်ကို ကျုပ်မတတ်ရင် ဘယ်သူတတ်မှာလဲ၊ သင်ရဟန်းကော ဝေဒတတ်သလား”

“တတ်သလား မတတ်သလား သိရအောင် မေးကြည့်လေ”

တိဿသည် ဝေဒကျမ်းဂန်များထဲမှ သူမသိသော ခဲရာခဲဆစ်ကို ရှာပြီး မေးလိုက်သည်။ ရဟန်းက ဒေါက်ဒေါက် ဒေါက်ဒေါက်နှင့်ပြန်ဖြေလေသည်။ (မည်သည့် အကြောင်းအရာ မေးသည်ဆိုသည်ကို ကျမ်းဂန်းများ၌ အသေးစိတ် ဖော်မပြ) မထေရ်က တိဿအား မေးခွန်းတစ်ခု ပြန်မေးသည်။ ထိုမေးခွန်းမှာ ယမိုက်ကျမ်းထဲက စိတ္တယမိုက်နှင့် ပတ်သက်သည်။ (ရဟန်း၏ မေးခွန်းကိုမူ ကျမ်းဂန်၌ အသေးစိတ် ဖော်ပြသည်) တိဿလုလင် အဖြေမပေးနိုင်ရှာတော့။

“ရဟန်း သင်၏ မန္တန်ကား ဘယ်လိုမန္တန်မျိုးနည်း”           “ဗုဒ္ဓ မန္တန်”

“ကျုပ်ကို ဗုဒ္ဓမန္တန် သင်ပေးမလား”     “ငါလို ရဟန်းပြုရင် သင်ပေးမယ်”

တိဿလုလင်သည် ဗုဒ္ဓမန္တန် သင်လိုသဖြင့် သိဂ္ဂဝမထေရ်ထံတွင် ရှင်သာမဏေ ပြုလိုက်လေသည်။ သိဂ္ဂဝမထေရ် တာဝန်ကျေသွားပြီ။ သိဂ္ဂဝမထေရ်နှင့် ဓဏ္ဍဝဇ္ဖိမထေရ်တို့သည် တိဿနှင့် ပက်သတ်၍ တာဝန်ခွဲဝေ ယူထားကြ၏။ တစ်ပါးက တိဿကို သာသနာတော်အတွင်း ရောက်လာအောင် ကြိုးစားရမည်။ ထို့ကြောင့် ခုနှစ်နှစ် ခုနှစ်မိုး ဆွမ်းမရဘဲနှင့် ဗြာဟ္မဏအိမ်တွင် ဇွဲကောင်းကောင်းနှင့် ဆွမ်းရပ်နေခြင်း ဖြစ်သည်။ ကျန်တစ်ပါးက သာသနာတော်တွင်း ဝင်ရောက်လာသော တိဿအား ပိဋကတ်သုံးပုံ သင်ကြားပေးရမည်။ သိဂ္ဂဝ မထေရ်သည် သူ့တာဝန် ဝတ္တရား ကျေပွန်သွားပြီဖြစ်၍ တိဿကို ဓဏ္ဍဝဇ္ဖိမထေရ်ထံ စေလွှတ်လိုက်သည်။ ဓဏ္ဍဝဇ္ဖိ မထေရ်သည် တိဿ သာမဏေအား တစ်ပတ်တိတိ အကဲစမ်းပြီးနောက် ကျေနပ်အားရမှု ရှိသောအခါကျမှ ပိဋကတ်သုံးပုံကို သင်ကြားပေးသည်။ တိဿသည် သာမဏေအဖြစ်ဖြင့်ပင် သုတ္တန်ပိဋကတ်နှင့် အဘိဓမ္မာ ပိဋကတ်ကျမ်းကုန် တတ်မြောက်သွားလေသည်။

ဤကား ကျမ်းဂန်၌လာသော သီရိဓမ္မာသောက မင်းကြီး၏ ရာဇဂုရု တတိယသင်္ဂါယနာ၏ အမှူးအချုပ် ကထာ ဝတ္ထုကျမ်းပြု ရှင်မဟာမောဂ္ဂလိတိဿ၏ ထေရုပ္ပတ္ထိ အကျဉ်း ဖြစ်သည်။

ရောဟဏမထေရ်သည် ဟိမဝန္တာတောင်အနီး ဂဇင်္ဂလဗြာဟ္မဏရွာရှိ သောဏုတ္တရဗြာဟ္မဏအိမ်သို့ ခုနှစ်နှစ်နှင့် ခုနှစ်လတိတိ ဆွမ်းခံကြွသော်လည်း မည်သည့်အခါမျှ ဆွမ်းတစ်ဇွန်းမျှပင် မရရှိပေ။ တစ်နေ့တွင် ဆွမ်းခံကြွလာသော ရောဟဏ မထေရ်အား “ကန်တော့ဆွမ်းပါ”ဟု ပြောလိုက်သည်။ ထိုနေ့တွင် အလုပ်လုပ်ရာမှ ပြန်လာသော သောဏုတ္တရ ဗြာဟ္မဏသည် လမ်း၌ ရောဟဏမထေရ်ကို တွေ့သောအခါ “အိမ်က ဆွမ်းရခဲ့သလာ်း”ဟုမေးသည်။ ရဟန်းက “ရခဲ့ပါတယ်”ဟု ပြန်ဖြေသည်။ အိမ်ရောက်၍ ဗြာဟ္မဏက ပုဏ္ဏေးမအား “ရဟန်းကို ဆွမ်းလောင်းလိုက်သလား”ဟူ၍ မေးကြည့်သောအခါ “မလောင်းလိုက်ပါဘူး။ ကန့်တော့ဆွမ်း လို့သာ ပြောလိုက်တာပါ”ဟူ၍ ပုဏ္ဏေမက ပြန်ဖြေသည်။

နောက်တစ်နေ့ ရဟန်းကြွလာသောအခါ ဗြာဟ္မဏက ရဟန်းအား “သင်မနေ့က ဆွမ်းမရဘဲနှင့် ရခဲ့တယ်လို့ ဘာဖြစ်လို့ လိမ်ပြောသလဲ”ဟု ရန်တွေ့သည်။ ရဟန်းက သင့်အိမ်ကို ခုနှစ်နှစ် ဆယ်လ ဆွမ်းခံလာနေတာ ဆွမ်းတစ်ဇွန်းတစ်ယောက်မကို မဆိုတားနှင့် ကန်တော့ဆွမ်းပါ ဆိုတဲ့ တုန့်ပြန်မှုမျိုးကိုတောင် မရရှိခဲ့ဘူး။ မနေ့ကတော့ ကန်တော့ဆွမ်းပါဆိုတဲ့ စကားကို ရခဲ့ပါတယ်။ ဒါကြောင့် “ရခဲ့တယ်လို့” ငါပြောခဲ့ခြင်း ဖြစ်တယ်။” ဟူ၍ ပြောလေသည်။ ဗြာဟ္မဏကြီးက ဒီရဟန်းဟာ စကားတစ်ခွန်းရတာတောင် ချီးမွမ်းစကား ပြောတယ်”ဟု တွေးလျက် ရဟန်းအား ကြည်ညိုသွားပြီး နေ့စဉ် ဆွမ်းကပ်လှူလေသည်။

ထိုဗြာဟ္မဏအိမ်၌ နာဂသေနအမည်ရှိ သားတစ်ယောက်ရှိသည်။ နာဂသေနသည် ဝေဒကျမ်းဂန်ကို တတ်ကျွမ်းသည်။ တနေ့သ၌ ရောဟဏမထေရ်နှင့် နာဂသေနတို့ ဆုံကြသည်။ နာဂသေနက ရဟန်းကို မေးသည်။

“သင် အတတ်ပညညာ တတ်ကျွမ်းပါသလား“

“ငါ လောကီအတတ်ပညာကိုလဲ တတ်ကျွမ်း၏၊ လောကုတ္တရာ အတတ်ပညာကိုလဲ တတ်ကျွမ်း၏”

နဂသေန သဘောတူလေသည်။ ရောဟဏမထေရ်သည် နာဂသေနအား ရှင်သာမဏေဝတ်ပေးပြီး အဘိဓမ္မာပိဋကတ်ကို သင်ကြားပေးသည်။ ထို့နောက် ရောဟဏမထေရ်က နာဂသေနကို အဿဂုတ္တမထေရ်က တစ်ဖန် နာဂသေနအား ပါဋလိပုတ် အသောကာရုံကျောင်းတိုက်ရှိ ဓမ္မရက္ခိတ မထေရ်ထံ ပိဋကတ်ကျမ်းစာများ သင်ယူရန် စေလွှတ်လိုက်လေသည်။

နာဂသေနသည် နောက်ပိုင်း၍ မိလိန္ဒမင်းကြီးနှင့် အမေးအဖြေပြုလုပ်သော ရှင်နာဂသေန(ရှင်နာဂသိန်) ဖြစ်လေသည်။

ဤကား “မိလိန္ဒပဥှာ”၌ ပါသော ရှင်နဂသေန(ရှင်နာဂသိန်)၏ ထေရုပ္ပတ္တိ အကျဉ်းဖြစ်သည်။

 

ဗုဒ္ဓဂယာ မဟာဗောဓိပင်အနီး၌ ဗြာဟ္မဏရွာတစ်ရွာရှိ၏ ထိုရွာမှ ဗြာဟ္မဏလုလင်တစ်ဦးသည် ဝေဒကျမ်းများကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်၏။ လူတစ်ဖက်သားနှင့် ဝါဒအငြင်းအခုံလုပ်ရခြင်းကို အလွန်စိတ်ပါဝင်စား၏။ အရပ်တကာ နယ်တကာလှည့်လည်သွားလာပြီး ဝါဒငြင်းခုံခြင်းကို ပြုလုပ်နေလေသည်။

တစ်နေ့သောအခါ၌ ထိုဗြာဟ္မဏလုလင်သည် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရောက်သွားသည်။ ဗြာဟ္မဏလုလင်သည် ထိုကျောင်း၌ ပတဉ္စလီ၏ အယူဝါဒများကို ရွတ်ဖတ်နေသည်။ ထိုကျောင်းတိုက်၌ သီတင်းသုံးနေသော ရှင်ရေဝတမထေရ်ကြားသောအခါ ဗြာဟ္မဏလုလင်နှင့် ရှင်ရေဝတတို့ ဝါဒပြိုင်ကြသည်။

ဗြာဟ္မဏလုလင်သည် သူတတ်သိထားသည့် ကျမ်းဂန်ပါအကြောင်းအရာများထဲမှ ခက်ရာခဲဆစ်ကို ရှင်ရေဝတအား မေးသည်။ ရှင်ရေဝတက ဗြာဟ္မဏလုလင်မေးသမျှကို ဖြေဆိုလေသည်။ ဗြာဟ္မဏလုလင် အလှည့်ပြီးသောအခါ ရှင်ရေဝတအလှည့် ရောက်လာသည်။ ရှင်ရေဝတသည် ဗြာဟ္မဏလုလင်အား အဘိဓမ္မာပါဠိတော်လာ ပြဿနာတစ်ခုကို မေးလိုက်လေသည်။ ဗြာဟ္မဏလုလင် မဖြေနိုင်၊ လက်မှိုင်ချရလေတော့သည်။ ဗြာဟ္မဏလုလင်က မေးသည်။

“သင်ရဟန်းပြောသော မန္တန်သည် မည်သူ့ မန္တန်နည်း”

“ဗုဒ္ဓ၏ မန္တန်ဖြစ်သည်”

“ကျွန်ုပ်ကို ဗုဒ္ဓမန္တန် သင်ပေးပါ”

“ရဟန်းပြုလျှင် သင်ပေးမည်”

ဗြာဟ္မဏလုလင်သည် ဗုဒ္ဓမန္တန်ကို သင်လိုသည်ဖြစ်၍ ရဟန်းပြုလေသည်။ ရဟန်းပြုပြီးနောက် ပိဋကတ်သုံးပုံကို သင်ယူသည်။

ဤကား ကျမ်းဂန်၌လာသော အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသ၏ ဘဝအရှေ့ပိုင်း အကြောင်းအရာ အကျဉ်းချုပ်ဖြစ်သည်။

3 comments

  • သုရှင်

    August 27, 2012 at 10:18 am

    ကောင်းပါ့ဗျာ( သို့သော် ဇာတ်လမ်းက မဆုံးသေးဘူးခင်ဗျ)

    Reply

  • surmi

    August 27, 2012 at 10:52 am

    နောင်တော်ကြီးကဘာကိုဆိုလိုချင်လဲတော ့မသိ
    ကျနော်တော ့မအံ ့ဩပါဘူး
    လူတူ၊ နံမည်တူ ၊ ဖြစ်ရပ်တူတွေရှိနေတယ်ဆိုတော ့

    Reply

  • Mobile

    December 16, 2012 at 6:26 pm

    အားပေးသွားပါကြောင်းးးးးးးးးးးးးးးး

    Reply

Leave a Reply

Your email address will not be published.