လူအကဲခတ်ခြင်း

Pye Kun ZawJuly 31, 20121min09

လူတွေနှင့်ဆက်ဆံရတဲ့အခါမှာ လူအကဲခတ်ဖို့အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ဟိုးငယ်ငယ်ကလေးဘဝထဲကနေစပြီး သေဆုံးသည်အထိ မိတ်ဆွေအသစ်တွေ ဆွေမျိုးအသစ်တွေကို ကြုံဆုံကြရပါတယ်။ ပြီးတော့ကိုယ်ဘဝတစ်လျှောက်လုံးအတွက် ကြင်ဖော်ကိုလည်းရွေးချယ်ရပါတယ်။ ကိုယ်နှင့်မသိတဲ့ သူစိမ်းကနေပြီးတော့ သူငယ်ချင်းမိတ်ဆွေဖြစ်လာသလို ဘဝကြင်ဖော် ကိုယ့်အမျိုးကနေတစ်ဆင့်တော်ရတဲ့ ဆွေမျိုးအဖြစ်ရောက်လာကြရမှာ ထိုသူစိမ်းအပေါ် ကိုယ်ရဲ့အကဲဖြတ်မှုဟာ အလွန်အရေးပါပါတယ်။ ကလေးဘဝထဲကစပြီး ကိုယ်ပေါင်းမယ့်သူငယ်ချင်းကိုစရွေးချယ်ရပါတယ်။ နောက်ဘဝလက်တွဲဖော် ရွေးချယ်တော့လည်း မသိမသာရော သိသိသာသာရော ကိုယ်ရဲ့တစ်ဘက်သားအပေါ် အစပိုင်းမှာအကဲခတ်မှုဟာ လွန်စွာမှအရေးပါပါတယ်။ ဒါကြောင့်လူအကဲခတ်မှုမမှားစေဖို့ အရေးကြီးလှပါတယ်။

အလုပ်ခွင်ရောက်တော့လည်း လူအကဲခတ်ခြင်းကို မဖြစ်မနေသုံးရပါတယ်။ အလုပ်မဝင်ခင်မှာထဲက အလုပ်ရှင်(သို့)အထက်လူကြီးဘက်ကရော အလုပ်သမားဘက်ကပါ ကိုယ်နှင့်အဆင်ပြေမပြေ သုံးသပ်အကဲဖြတ်ကြပါတယ်။ ကျွန်တော်အထက်ကမန်နေဂျာကို အလုပ်ရှင်ကစခန့်ခဲ့စဉ်က သူစိတ်ထဲမှာဒီလူဟာ အသုံးဝင်မယ့်သူဖြစ်မယ်လို့ ခံစားအကဲဖြတ်မိလို့ ခန့်လိုက်တယ်လို့ဆိုပါတယ်။ စာရွက်ပေါ်က လတ်မှတ်တွေ အလုပ်အတွေ့အကြုံတွေအရဆိုရင် သူကိုအလုပ်ခန့်ဖို့ အခွင့်အလမ်းနည်းပါတယ်။ တစ်ခါတလေမှာ အကဲခတ်မှုမှန်တာတွေရှိသလို မှားတာတွေလည်းရှိပါတယ်။ အမှားနည်းအောင်အသေးစိတ်ကျကျ လေ့လာအကဲခတ်ဖို့လိုအပ်ပါတယ်။ ငယ်ငယ်ကပုံပြင်ဇတ်လမ်းလေးတစ်ပုဒ်ကို သတိရမိပါတယ်။

ဟိုး..တစ်ချိန်က အကျဉ်းသားတွေကိုအုပ်ချုပ်ရတဲ့ အာဏာပါးကွက်သားအိုကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သူအုပ်ချုပ်ရတဲ့အကျဉ်းထောင်ကို ဥပဓိရုပ်ကောင်းတဲ့လူငယ်တစ်ယောက် ဓါးပြမှုနှင့်ကျလာပါတယ်။ သူကိုမြင်မြင်ချင်း ကိုယ်ချင်းစာသနားမိခဲ့ပြီး စကားပြောကြည့်တော့ ထိုလူငယ်က ဒီအမှုမှာသူ မတရားခံရတာဖြစ်ကြောင်း ပြောတဲ့အခါမှာတော့ အာဏာပါးကွက်သားကြီးဟာ “ငါကအငြိမ်းစားယူခါနီးတော့မယ်.. သည်လူငယ်ကလေးကတော့ ဘဝတက်လမ်းအများကြီးရှိတယ်.. ဒီလိုသူ မတရားခံရပြီးအချိန်ကုန်သွားရင် နှမြောဖို့ကောင်းတယ်.. ငါအပြစ်ဒဏ်ခံရလည်းငါ့အတွက် နေရဖို့အချိန်မကျန်တော့ဘူး” ဆိုပြီးတွေးမိတာကြောင့် အခွင့်သာတဲ့တစ်ညမှာ ထိုလူငယ်ကိုခေါ်ထုတ်ပြီး ထွက်ပြေးခိုင်းပါတယ်။ ခရီးစရိတ်အတွက်လည်း သူစုထားတဲ့ငွေလေးကိုပေးကာ မသွားခင်ညစာကို သူပါလာတဲ့ထမင်းထုတ်ကို နှစ်ယောက်ခွဲစားကြပါတယ်။ ထမင်းထုတ်ထဲမှာ ဟင်းအဖြစ် အသားတစ်တုံး အသဲတစ်တုံး ငပိထောင်းတို့ပါပါတယ်။ ထမင်းစစားတော့ လူငယ်က အသားကိုအရင်နိုက်ပြီးစားလိုက်ပါတယ်။ အာဏာပါးကွက်သားကြီးကတော့ ငါးပိအနည်းငယ်နှင့်စစားပါတယ်။ နောက်တော့ထိုလူငယ်ကဘဲ အသည်းကိုအလျှင်အမြန်နိုက်စားလိုက်ပြန်ပါတယ်။ ထိုအချိန်မှာ အာဏာပါးကွက်သားကြီးစိတ်ထဲမှာ ဒီလူငယ်ကအစားတစ်လုပ်လေးအတွက်တောင် ဒီလောက်လောဘကြီးနေရင် ဒီအပြစ်ဒဏ်ကိုလည်း မတရားခံရတာမဟုတ်တန်ရာဘူးလို့တွေးမိပြီး သွေးတိုးစမ်းတဲ့အနေနှင့်လူငယ်ကို ဖမ်းချုပ်ဟန်ပြလိုက်ပါတယ်။ ထိုလူငယ်ကပြန်ပြီးခုခံတဲ့အခါမှာတော့ ကို်ယ့်ကျေးဇူးရှင်ကိုတောင်ပြန်ခုခံဖို့လုပ်တယ်ဆိုတော့ သေချာတယ် ဒီလူငယ်ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရတာဘဲဆိုပြီး ဖမ်းချုပ်လိုက်ပါတယ်။ အတွေ့အကြုံချင်းမမျှတော့ လူငယ်အရှုံးပေးလိုက်ရပါတယ်။ ဒီလိုနှင့် တစ်ဒင်္ဂမှာ အကဲခတ်မှန်သွားတာကြောင့် အာဏာပါးကွက်သားကြီးအတွက် လူမိုက်ကိုကယ်တင်မိတဲ့အဖြစ်မှ လက်မတင်လေးလွတ်သွားလေသတဲ့။

ဒီပုံပြင်ဇတ်လမ်းလေးကအတိုင်းဘဲ ကျွန်တော်တို့တစ်တွေ ဘဝမှာ လူအကဲခတ်မှန်နိုင်ကြဖို့ အရေးကြီးပါကြောင်း..

9 comments

  • ပင်လယ် ပျော်

    July 31, 2012 at 9:33 pm

    လူကဲခတ် ပညာတတ်လိိုလျှင် အပေါင်းအသင်းများများထားလော့…

    Reply

    • Pye Kun Zaw

      July 31, 2012 at 9:41 pm

      ကျွန်တောကတော့ ငယ်ငယ်ကအပေါင်းသင်းနည်းခဲ့လို့လားမသိ လူတိုင်းနှင့်အပေါင်းအသင်းဖြစ်အောင် မပေါင်းတတ်ဘူး..

      Reply

      • မောင်ပေ

        August 2, 2012 at 8:55 pm

        အပေါင်းအသင်းများများထားရမှာတော့ အမှန်ပဲ
        ဒါပေသည့် အခုမှ စတွေ ့တဲ့ အပေါင်းအသင်းမျိုးကိုတော့ စိတ်နှစ်ကိုယ်နှစ် မပေါင်းနဲ ့ပေါ့ဗျာ
        အပေါင်းအသင်းများမှာ ဆိုးတာရော ကောင်းတာပါ သိလာမှာပေါ့ဗျာ
        နောက်ပြီး အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာကြုံတတ်ရတယ်ဆိုတဲ့စကားကိုလဲ
        အပေါင်းအသင်းများက မစပေးမှာပါဘဲ

        Reply

  • MaMa

    July 31, 2012 at 9:44 pm

    မှန်လိုက်တာ။
    စိန်ကဲ ကျောက်ကဲထက် လူကဲခတ်ရခက်တယ်လို့ ဆိုထားသလိုပါပဲ။
    စိတ်ထားကောင်းရှိပြီး အမျှော်အမြင်ကြီးကြီးနဲ့ လူကဲခတ်တတ်တဲ့ အာဏာပါးကွက်သားကြီးကို ချီးကျူးမိတယ်။

    Reply

    • Pye Kun Zaw

      July 31, 2012 at 9:50 pm

      ဟုတ်တယ်အစ်မ.. ငယ်ငယ်ကဖတ်ခဲ့ရတဲ့ ပုံပြင်ကလေးတွေ အရမ်းကောင်းတာဘဲ.. အခုထိမှတ်မိနေသေးတယ်.. ရွှေသွေးကာတွန်းဂျာနယ်ထဲကထင်တယ်.. ရုပ်ပြပုံပြင်လေးတစ်ပုဒ်ပါ..

      Reply

  • ko khin kha

    August 1, 2012 at 4:55 pm

    ပုံပြင်လေးအရ တစ်ခုတော့မေးချင်တယ် အာဏာပါးကွက်သားက ဘယ်နိုင်ငံသားလဲ၊ လူငယ်က ဘယ်နိုင်ငံသားလဲ။
    ဘာဖြစ်လို့မေးတာလဲဆိုတော့ အာဏာပါးကွက်သားက ချမ်းသာတဲ့တိုင်းပြည်ကသူဖြစ်ပြီး၊ လူငယ်က ဆင်းရဲတဲ့တိုင်းပြည်ကသာဖြစ်ခဲ့မယ်ဆိုရင် လူငယ်ဟင်းကိုဦးအောင်စားတာ မလွန်ကြောင်းပါ၊ ဘာလို့လဲဆိုတော့ ထောင်အပြင်မှာ သူအသားဟင်းနဲ့ မစားခဲ့ရရှာလို့လေ။
    (ဟာသလေး အဖြစ်ရေးကြည့်တာပါ)

    Reply

    • Pye Kun Zaw

      August 2, 2012 at 3:16 am

      ဟားဟား အဲဒါတော့ကျွန်တော်လည်းမသိဘူးဗျ.. ဒါပေမယ့် အဲဒီပုံပြင်က ဗမာပုံပြင်ဆိုတော့ ဗမာနိုင်ငံသားဘဲဖြစ်ကြမှာပေါ့။

      Reply

  • လူအကြောင်းကတော့ ပေါင်းကြည့်မှသိရတာပါ။
    တစ်ချို့လူက အပေါ်ယံလေးရှပ်ကြည့်ပြီး အကဲဖြတ်ရင်မှားနိုင်ပါတယ်။
    တစ်ချို့သောလူတွေရဲ့ မျက်နှာဖုံးက နည်းနည်းလေးထူတော့ မှန်းရခက်တယ်လေ

    Reply

  • Khaing Khaing

    August 3, 2012 at 8:03 am

    အပေါ်က ကိုပေပြောသလို လေးပေါက်ပြောသလို အဆိုတွေကသိပ်မှန်ပါတယ် ……. သစ်ပင်ကောက်တာကို မြင်ရပေမယ့် လူ့အတွင်းစိတ်ကောက်နေတာကိုတော့ မမြင်ရဘူးတဲ့ …… လူအကြောင်းပေါင်းကြည့်မှ သိတဲ့ …….. တစ်ချို့ကြတော့လည်းပြောတာ လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးသွားကြည့်ဆိုလားပဲ ……. ကျွန်မကတော့ လူတွေကို မြင်မြင်ချင်းခင်မင်တတ်တယ် …အဲဒါ ကျွန်မအားနားချက်ပါပဲ ….

    Reply

Leave a Reply to ko khin kha Cancel Reply

Your email address will not be published.