အသိစိတ်မီးစိမ်းကလေး အမြဲစိမ်းစေသော်….

Mon LayJuly 28, 20121min04

ရှော့ပင်းစင်တာ အသစ်တစ်ခုဖွင့်တိုင်း သွားဖြစ်တတ်သည့် ကျွန်မ သည်ကနေ့  လည်းနာနတ်တောလမ်းမှာ မကြာခင်ကဖွင့်လှစ်လို်က်သည့် Junction Square ကိုသွားလို်က်သည်။ ကျွန်မကတာမွေအဝိုင်းထိပ်မှာ နေသူဖြစ်သောကြောင့် ပါရမီ၁၇၄ကားကိုသာ စောင့်စီးလိုက်သည်။ ကားပေါ်ကဆင်းလို့   တစ်ဖက်ကိုလမ်း ကူးမယ်ကြံလို်က်တော့ ကျွန်မကိုလမ်းကူးခွင့်မပေးဘဲ ကားများကတစ်စီးနှင့်တစ်စီး အပြိုင်အဆိုင်ဝှီးခနဲဝှီးခနဲ ဖြတ်သွားနေကြသည်။ သည်တော့ကားများအရှင်းကိုသာ ရပ်စောင့်နေလိုက် တော့သည်။ ရပ်စောင့်နေရင်းမှ မလှမ်းမကမ်းက လူကူးမျဉ်းကျားကိုမြင်လိုက်သည်။ ထို့နောက်လူကူးမျဉ်းကျားမှသာ ကူးတော့မည်ဟု

စိတ်ကူးလိုက်ပြီး လူကူးမျဉ်းကျားဆီကိုသွားကာ ကားများအရှင်းကိုစောင့်နေလို်က်သည်။ ထိုသို့ရပ်စောင့်နေရင်း အရှေ့တူရှုမှ လူကူးမှုကိုပြသည့်မီးပွိုင့်အသေးစားလေးအလုပ်လုပ်နေသည်ကို လှမ်းမြင်လိုက်သည်။နိုင်ငံခြားကားများထဲတွင် ပါသည့် လူကူးမျဉ်းကျားပြမီးပွိုင့်လေးဖြစ်သည်။ ထိုမီးပွိုင့်လေးစိမ်းနေလျှင် လမ်းသွားလမ်းလာများသည် လမ်းဖြတ်ကူးနိုင်ပြီး မီးပွိုင့်လေးနီနေလျှင် လမ်းသွားလမ်းလာတို့သည် ရပ်စောင့်ကြရသည်။ ဤသည်မှာ နိုင်ငံကြီးသားများ လမ်းဖြတ်ကူးရာတွင် ပြုလုပ်နေကြအပြုအမူပင်ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းကိုအသုုံးပြုကြသော နိုင်ငံများတွင် လမ်းဖြတ်ကူးသူများ ယာဉ်တိုက်မှုအန္တရာယ်နည်းပါးကြသည်။

ထိုမီးစိမ်းလေးကိုလှမ်းမြင်လိုက်သည့် သကာလလမ်းဖြတ်ကူးတော့မည်ဟု ကျွန်မဟန်ပြင်လိုက်သည်။ သို့သော် မည်သည့်ကား၊ ဘတ်စ်ကားမျှရပ်မပေးကြပါ။ ကျွန်မလည်း ကိုယ့်အသက်ကိုသနားသက်ညှာသောအားဖြင့် နောက်ကိုခြေတစ်လှမ်းကပျာကယာ ဆုတ်လိုက်ရသည်။ ပြီးတော့ထိုမီးပွိုင့်အသေးလေးကို လှမ်းကြည့်လိုက်သည်။ မီးပွိုင့်လေးကစိမ်းနေတုန်းပင်ဖြစ်သည်။ ကျွန်မကိုယ်ကျွန်မပင် အမြန်စဉ်းစားလိုက်ရသည်။သို့သော် ကျွန်မ မမှားပါ။ထိုမီးပွိုင့်လေးစိမ်းနေလျှင် ကျွန်မတို့  လမ်းဖြတ်ကူးနိုင်သည့်အသိကြောင့် ကျွန်မလမ်းဖြတ်ကူးရန်ဟန်ပြင်လိုက်ခြင်းသာဖြစ်သည်။  ထို့   ကြောင့် နောက်ထပ်တစ်ကြိမ် လမ်းဖြတ်ကူးရန်ကျွန်မဟန်ပြင်လိုက်ပြန် သည်။ သည်တစ်ခါ ထိုမီးပွိုင့်လေးက မီးနီလေးပြနေသောကြောင့် ကျွန်မခဏရပ်လိုက်သည်။ တချို့  လူများကတော့ ကားရှင်းတာနှင့် ကူးသွားကြသည်။ ခဏကြာတော့ မီးစိမ်းလေးပြန်စိမ်းနေသည်။ သည်တစ်ခါကျွန်မလမ်းဖြတ်ကူးတော့မည်။ သို့  သော်ရန်ကုန်ကကားများကို မယုံရဲပါ။ ကျွန်မတို့   အတွက်မီးစိမ်းလေးပြနေသော်လည်း တဝီးဝီးနှင့်ဖြတ်သွားနေသည့် ကားများကို ရှောင်လိုက်ရသေးသည်။ သို့  သော် ဖြတ်သွားနေသည့်ကားများထဲမှ ယာဉ်စည်းကမ်းကိုနားလည်သည်ဟု ထင်ရဟန်ရှိသော ကားတစ်စီးကဆက်မသွားတော့ဘဲ ရပ်လိုက်သည်။ အမှန်ဆိုရလျှင် အားလုံးသော ကားတို့   သည် လူကူးမျဉ်းကျားမီးနီကိုမြင်လျှင် ရပ်ပေးကြရမည်သာဖြစ်သည်။ သို့  မဟုတ် မြင်ပင်မမြင်ပေဘူးလားဟု ကျွန်မပြောလိုက်ချင်သည်။

နိုင်ငံတော်အစိုးရတို့  ကယာဉ်အန္တရာယ်ကင်းဝေးအောင် ဘက်ပေါင်းစုံမှလုပ်ပေးထားသော်ငြားလည်း လမ်းသွားလမ်းလာများကလည်းစည်းကမ်းမရှိ၊ ယာဉ်မောင်းသမားတို့  ၏ စည်းမရှိကမ်းမရှိမောင်းနှင်မှုတို့ကြောင့် လမ်းသွားလမ်းလာများ အသက်သေဆုံးနေကြရသည်ကို မကြာခဏကြားနေရသည်။ ဤသည်မှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာ ပေးဝေမှု ချို့  တဲ့ အားနည်း ခြင်းကြောင့်နှင့် လူတို့  ၏ အသိစိတ်နည်းပါးမှုတို့  ကြောင့်သာဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနေချိန်တွင် ထိုကဲ့သို့  အသေးစားစည်းကမ်းများကိုလည်း စောင့်ထိန်းသွားသင့်သည်ဟု ကျွန်မတွေးရင်း ခြေလှမ်းများက Junction Square သို့   သာ။

4 comments

  • Shar Thet Man

    July 28, 2012 at 12:27 pm

    ထိရောက်တဲ့ဝေဖန်မှုလေးများပေးကြပါရှင်

    Reply

  • P chogyi

    July 28, 2012 at 2:45 pm

    ခင်ဗျားတော်တော်ကံကောင်းတာပဲ
    သူတို့က မီးနီမီးစိမ်းမကြည့်ဘူး ရဲ ရှိ/မရှိပဲကြည့်တာ
    အဲဒီမီးတွေကလည်း စိမ်းချင်အမြဲစိမ်းနေတာ အားကိုးလို့မရဘူး
    ကိုယ့်ဘာသာအခြေအနေကြည့်ကူးမှ အဆင်ပြေတာ
    ပြီးခဲ့တဲ့တစ်နှစ်လောက်က လူကူးမီးတွေအောက်မှာ ခလုပ်ရှိတယ်
    ကူးချင်ရင် ခုလုပ်နှိပ်လိုက် ကားကိုအနီပြပြီး၊ လူကူးမီးစိမ်းသွားတယ်
    မကြာပါဘူး ခလုပ်တွေမရှိတော့ဘူး အပေါက်ဟောင်းလောင်းဘဲကျန်တယ်။

    Reply

  • htoosan

    July 29, 2012 at 12:07 am

    ဖြစ်သင့်တာနဲ့ ဖြစ်နေတာ သဟာဇာတ မတည့်ဘူး ဖြစ်နေတယ် ။
    Shar Thet Man ပြောသလို လူကူးမျဉ်းကြားက မီးပွိုင့်တွေ ကောင်းကောင်း အလုပ်လုပ်ဖို့ လိုသလို ကားသမား များ မြင်သာတဲ့ နေရာလည်း ဖြစ်ရန်လိုပါသည် .။
    အခုတော့ မီးပွိုင့်က အလုပ်မလုပ်တော့ ဘယ်သူမှအရေး မလုပ်ကြတော့ဘူး ။
    အဲ့ဒီ့ရှေ့မှာ မျဉ်းကြားက ကူးတဲ့ သူထက် ကြုံသလို တွေ့ရာ နေရာက ကူးတဲ့ သူကပိုများတယ်..

    Reply

  • Shar Thet Man

    July 29, 2012 at 12:54 pm

    ဟုတ်တယ်….အဲတော့တပ်ထားတာအကျိုးမရှိဘူးဖြစ်နေတယ်…အလကားပစ်ရတာပေါ့နော်။။။

    Reply

Leave a Reply to P chogyi Cancel Reply

Your email address will not be published.