ဒူဘိုင်းသွားသူနည်းလာ၍ အေဂျင်စီအချို့ရပ်နားထားရ

klnJune 30, 20101min01

အရှေ့အလယ်ပိုင်းဒေသရှိ ဒူဘိုင်းနိုင်ငံသို့ ပြည်တွင်းမှ သွားရောက်၍ အလုပ်လုပ်ကိုင်မှုများ ယခုနှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်းနှင့် ကျဆင်းလာပြီး လက်ရှိအချိန်တွင်မူ ရန်ကုန်မြို့တွင်းရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့သည်လည်း အဆိုပါနို်င်ငံသို့ အလုပ်သမားပို့ဆောင်ပေးမှုကို ရပ်နားထားရကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ဝန်းကျင်မှ စတင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်ခဲ့သည်ဟု ဆိုခဲ့သော ဒူဘိုင်းနို်င်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများ သိသိသာသာ ကျဆင်းလာခဲ့ရခြင်းမှာ ယင်းနိုင်ငံမှ ကုမ္ပဏီအများစု၏ လုပ်ငန်းအခြေအနေများ မမှန်ကန်မှုနှင့် ၎င်းတို့ထံတွင် လာရောက်အလုပ်လုပ်ကိုင်သော ပြည်ပအလုပ်သမားများကို အခန့်အပ်မီတွင် သဘောတူညီထားသော စည်းမျဉ်းများကို မလိုက်နာကြခြင်းကြောင့်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့နှင့် ဒူဘိုင်းရောက်မြန်မာအလုပ်သမားများထံမှ သိရသည်။ ဒူဘိုင်းနိုင်ငံရှိ ပြည်ပအလုပ်သမားလိုချင်သော ကုမ္ပဏီများနှင့် ပြည်တွင်းရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ အလုပ်မခန့်အပ်မီတွင် ပေးမည်ဟုဆိုသော ခံစားခွင့်များကို အလုပ်သမားများက မရရှိခြင်းကြောင့် မြန်မာအပါအဝင် အခြားသောအိမ်နီးချင်းနို်င်ငံများမှ အလုပ်သမားအချို့မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ထိုနိုင်ငံရောက် အလုပ်သမားများထံမှ သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများအတွက် အလုပ်သမားလိုအပ်ချက်များရှိနေသေးသည့် ဒူဘိုင်းနိုင်ငံအနေဖြင့် ၎င်းတို့လိုအပ်သော အလုပ်သမားများကို လုပ်အားခသက်သက်သာသာပေး၍ ရနိုင်သည့်နိုင်ငံများမှ အလုပ်သမားများကို အဓိကရှာဖွေကြပြီး ယင်းကဲ့သို့ ရှာဖွေရာတွင် နီပေါ၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့ဖြစ်ကြောင်း အေဂျင်စီအချို့မှသိရသည်။ ယခုကဲ့သို့ ဒူဘိုင်းရှိ ကုမ္ပဏီအချို့မှ ပြည်ပအလုပ်သမားများကို စာချုပ်ပါအချက်အလက်များအတိုင်း ဆောင်ရွက်ခြင်းမပြုကြခြင်းနှင့် ပတ်သက်၍ လုပ်ခလစာနှင့် အလုပ်သမားများရရှိရမည့် အကျိုးခံစားခွင့်များအား ချိုးဖောက်ခံနေရသည်ဟုဆိုသော အလုပ်သမားများမှာ ယင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားပြီး အမိနိုင်ငံသို့ ပြန်ရန်ကြိုးစားနေကြသည်ဟု သိရသည်။ ထို့အပြင် အဆိုပါနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများအပါအဝင် အခြားနိုင်ငံများမှ အမျိုးသမီးများမှာလည်း နေရေးထိုင်ရေးကိစ္စရပ်များတွင် လုံခြုံမှုမရှိကြောင်း အထက်ပါအလုပ်သမားများထံမှ သိရသည်။ ယခုကဲ့သို့ ဒူဘိုင်းနိုင်ငံရှိကုမ္ပဏီများတွင် လုပ်ကိုင်နေသော ပြည်ပအလုပ်သမားအများစုမှာ လုပ်ငန်းခွင်အတွင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုနေသော်လည်း ယင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နေသူများမှာမူ ယခုအချိန်ထိ ရှိနေသေးသည်ဟု ရန်ကုန်မြို့တွင်းရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ စုံစမ်းသိရှိရသည်။

One comment

  • etone

    June 30, 2010 at 10:13 am

    ကောင်းတယ် ဘယ်သူမှမသွားရင်ပိုကောင်းတယ် ဒီကုလားနိုင်ငံမှာသွားပြီးအလုပ်လုပ်ချင်တဲ့လူရော ရှိကြသေးလား ။ ဟိုတစ်ခါ မိန်းမတစ်ယောက်အသတ်ခံရတာပြန်တွေးကြည့်ဦး ။ ကုလားတွေကစောက်ကျင့်ကောင်းတာမဟုတ်ဘူး ။

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.