စိတ်တို့ရဲ့ဖြစ်စဉ်(အပိုင်းနှစ်)

Pye Kun ZawJuly 11, 20121min05

အပိုင်းတစ်မှာတင်ပြထားသလိုဘဲ မြင်၊ကြား၊နံ၊ရသာ၊အတွေ့အထိခံစားမှုတွေ ဖြစ်ပေါ်ဖို့အကြောင်းအချက်နှင့်ပြည့်စုံလာတဲ့အခါ အသိစိတ်ဖြစ်ပေါ်ပုံကိုဆက်လက်တင်ပြပါမယ်။

မြင်သိစိတ်ဖြစ်လာပုံမှာ အဆင်း(ရူပါရုံ)ကို မျက်စိကအကြည့်ဓါတ်(စက္ကုပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ မြင်သိစိတ်(စက္ကုဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။

ကြားသိစိတ်ဖြစ်လာပုံမှာ အသံ(သောတာရုံ)ကို နားကအကြည့်ဓါတ်(သောတပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ ကြားသိစိတ်(သောတဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။

နံသိစိတ်ဖြစ်လာပုံမှာ အနံ့(ဂန္ဓာရုံ)ကို နားကအကြည့်ဓါတ်(ဃာနပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ နံသိစိတ်(ဃာနဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။

အရသာသိစိတ်ဖြစ်လာပုံမှာ အရသာ(ရသာရုံ)ကို လျှာကအကြည်ဓါတ်(ဇိဝှါပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ အရသာသိစိတ်(ဇိဝှါဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။

အတွေ့အထိသိစိတ်ဖြစ်လာပုံမှာ အတွေ့အထိ(ဖောဌဗ္ဗါရုံ)ကို ခန္ဓာကိုယ်အနှံ့အပြားကအကြည်ဓါတ်(ကာယပသာဒ)နှင့် တွေ့ဆုံသွားတဲ့အခါ အတွေ့အထိသိစိတ်(ကာယဝိဉာဏ်စိတ်)ဖြစ်ပေါ်ပါတယ်။

 

ဒီနေရာမှာ အဆင်းအသံအနံ့စတဲ့ အာရုံတွေနှင့် မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်ကအကြည်ဓါတ်တွေဟာ ရုပ်တွေဖြစ်ကြပြီး.. ဝိဉာဏ်စိတ်တွေက နာမ်ဖြစ်ကြပါတယ်။ ရုပ်နာမ်တွေဟာဖြစ်ပြီးပျက်ကြတာဓမ္မတာပါ။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေတွေ့နေကြားနေရတဲ့ အဆင်းအနံ့စတာတွေဟာ တစ်ဆက်တည်းလိုမျိုးခံစားရပါတယ်။

ဒီလိုဖြစ်ရခြင်းအကြောင်းမှာ ရုပ်တွေရဲ ့သက်တမ်းနှင့် နာမ်(စိတ်)တွေရဲ့သက်တမ်းမတူကြလို့ဖြစ်ပါတယ်။ အလွန်လျှင်မြန်ပြီးထပ်မံပိုင်းခြားမရတော့တဲ့ အလွန်တိုတောင်းသောကာလတစ်ခုကို အဘိဓမ္မာအခေါ် ခဏငယ်လို့ခေါ်ပါတယ်။ အဲဒီခဏငယ်သုံးကြိမ်ဟာ စိတ်တစ်ခုရဲ့သက်တမ်းနှင့်ညီပါတယ်။ ပထမခဏငယ်ကိုစိတ်စဖြစ်တဲ့ကာလ ဒုတိယခဏငယ်ကိုစိတ်ဖြစ်ဆဲကာလ တတိယခဏငယ်ကိုပျက်တဲ့ကာလဆိုပြီးတော့လည်းသတ်မှတ်နိုင်ပါတယ်။ အဲဒီစိတ်တစ်ခုရဲ့သက်တမ်းကို စိတ်တစ်ခဏတစ်ချက်လို့လည်းခေါ်ပါတယ်။ အဲဒီစိတ်တစ်ခဏပေါင်း ၁ရ ချက်ဟာ ရုပ်တစ်ခုရဲ့သက်တမ်းနှင့်ထပ်ပြီးညီပါတယ်။ ၁ရ ကို ၃ နှင့်မြှောက်တော့ ခဏငယ်ပေါင်း ၅၁ ခုကြာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ရုပ်စဖြစ်တဲ့အချိန်ဟာ ခဏငယ်တစ်ချက်သာကြာပြီး ပျက်တဲ့ကာလဟာလည်း ခဏငယ်တစ်ချက်ဘဲဖြစ်ပါတယ်။ ကျန်တဲ့ ၄၉ ခုသောခဏငယ်ပေါင်းကြာချိန်ဟာ ရုပ်တွေရဲ့တည်ဆဲကာလဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြင်နေကြားနေရတာတွေဟာ အဆက်မပြတ်သလိုခံစားနေရခြင်းသာဖြစ်ပါတော့တယ်…

5 comments

  • mamanoyar

    July 12, 2012 at 10:11 am

    ဖတ်ပြီး မှတ်သားသွားပါတယ်ရှင်

    Reply

  • ဇောက် ထိုး

    July 12, 2012 at 2:38 pm

    ရှေ့မြင်စိတ်တွေဟာ… နောက်နောက်မြင်စိတ်တွေဖြစ်ဖြစ်လာရင်ပျက်ပျက်သွားတယ်လို့သိရပါတယ်နော်…
    တကယ်လို့…နောက်မြင်စိတ်ဖြစ်လို့ ရှေ့မြင်စိတ်မပျက်ခဲ့ရင် ဒုက္ခလို့တွေးဖူးပါတယ်။
    ဘာကြောင့်လဲဆိုရင်… တီဗွီကြည့်နေစဉ်..နောက်အရုပ်ပေါ်တဲ့အထိ…ရှေ့အရုပ်က မပျက်သေးဘူးဆိုရင်…
    အရုပ်တွေထပ်ပြီး ဝါးသွားနိုင်တယ်လို့..အဲဒီလို အတွေးပေါ်ဖူးလို့ပါဗျာ…
    အခုတင်ပြမှုဟာလဲ ဗဟုသုတရပါတယ်ခင်ဗျာ။

    Reply

    • Pye Kun Zaw

      July 12, 2012 at 8:01 pm

      ကျွန်တော်သင်ကြားလေ့လာရတာတော့ ရှေ့ရုပ်တွေမပျက်ခင်မှာဘဲ နောက်ရုပ်တွေ တဖွားဖွား ဖြစ်ပေါ်နေတယ်လို့ ဆိုထားတာဘဲ။ တကယ်တော့ကျွန်တော်တို့မြင်နေရတဲ့ အစိုင်အခဲမြေကြီးတွေ ကိုယ်ကအသားတွေ ဒြပ်ထုတွေဟာ ရုပ်တစ်ခုထဲလို့ပြောလို့မရပါဘူး။ ရုပ်ဆိုတာဂုဏ်သတ္တိလို့ ကျွန်တော်ယူဆပါတယ်။ အပူအအေးစတဲ့ ဆန့်ကျင်ဘက်အကြောင်းတွေကြောင့် ဖောက်ပြန်တတ်သောတရားလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ အနည်းဆုံး မြေကြီးအစိုင်အခဲတစ်ခုမှာတောင် ရုပ်ပေါင်းရှစ်မျိုးပါပါတယ်တဲ့။ အကျယ်သိချင်ရင် ဆရာကြီးမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာစာအုပ်က ရုပ်ပိုင်းဆိုတဲ့အခန်းမှာရှိပါတယ်ခင်ဗျာ။

      Reply

  • Khaing Khaing

    July 12, 2012 at 2:42 pm

    ရုပ်နံတရားတွေ ဖြစ်ပျက်တွေ ဆွးနွေးတာဆိုတော့ တစ်ခုတော့မေးချင်တယ်ရှင် ….. ကျွန်မ သေခါနီးအချိန်မကိုကြောက်တယ် ကျွန်မမိသားစုထဲကလူတွေ ကျွန်မကိုခွဲခွာသွားမှာကြောက်တယ် ဒါတွေက တရားမရှိလို့လား ……….

    Reply

    • Pye Kun Zaw

      July 12, 2012 at 7:32 pm

      တရားမရှိလို့လားဆိုတာတော့ ပြောရခက်ပါတယ်။ သောတပန်ဖြစ်တဲ့ ဝိသာခါကျောင်းအမကြီးဟာ သူအချစ်ဆုံးမြေလေးသေတော့ ငိုကြွေးဝမ်းနည်းခဲ့လို့ ဘုရားရှင်ကတရားဟောဖြေသိမ့်ခဲ့ရပါတယ်။ ကိုယ်ချစ်တဲ့သူတွေ ခွဲခွာသွားမှာကိုကြောက်တာ အနာဂါမ်မဖြစ်သေးလျှင် ဘယ်သူမဆိုဖြစ်မှာပါဘဲ။ ဒါပေမယ့် ကျွန်တောဖတ်ဘူးတာကတော့ အရိယာပုဂ္ဂိုလ်တွေဟာ ဖြစ်ကြောမရှည်ကြပါဘူး။ ဒါကိုကျွန်တော်တို့အတုယူသင့်ပါတယ်။ သေခါနီးအချိန်ကိုကြောက်တာကလည်း အရိယာမဖြစ်သေးရင် ငရဲကျနိုင်သေးတာကြောင့် ကိုယ်သွားရမယ့်ဘဝ မသေချာသေးတဲ့သဘောကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းရာဘုံကိုရောက်ဖို့သေချာအောင် နေ့စဉ်ကောင်းမှုပြုသင့်ပါတယ်။ ဒါဆိုရင်တရားနှင့်သေနိုင်ပါတယ်။ သေခါနီးအခါကိုယ်ပြုလုပ်ခဲ့တဲ့ ကံတွေအကျိုးပေးပုံကို ပိုစ့်သတ်သတ်တင်ပေးပါမယ်။ ကျွန်တော်သိသမျှဝေမျှခြင်းသာဖြစ်ပါတယ်။ အမှားပါနိုင်တာကြောင့် ပိုပြီးတတ်သိနှင့်ဆရာတော်အရှင်သူမြတ်တွေ တရားဟောဆရာတွေနှင့် ကြုံရင်ဆွေးနွေးသင့်ပါတယ်။

      Reply

Leave a Reply

Your email address will not be published.