သတင်းထောက်တစ်ဦး၏ မှတ်စု(၅)

အဇဋာJuly 9, 20121min06

ကျွန်တော်တို့ သတင်းထောက်တွေမှာ သတင်းထောက် စဖြစ်တဲ့နေ့ဆိုတာရှိပါတယ်။ တကယ် သတင်းထောက်အလုပ်ကို ဝါသနာပါတဲ့သူတွေအနေနဲ့ပေါ့လေ။ နောက်ပြီး ငါကတော့ ဘယ်လိုဖြစ်ရင် သတင်းထောက်ဖြစ်ပြီလို့ သတ်မှတ်တယ်။ ဘာကိုရရင် သတင်းထောက်ဖြစ်ပြီ စသဖြင့်လည်း ကိုယ့်ကိုယ်ကို ပြန် သတ်မှတ်တတ်ကြပါတယ်။ ကိုယ် ကိုယ်တိုင် သတင်းထောက်လုပ်နေပေမယ့် ကိုယ့်ကိုယ်ကို သတင်းထောက်မဖြစ်သေးဘူးလို့ ထင်နေတဲ့ သူတွေလည်းရှိပါတယ်။ နောက်ပြီး သတင်းဖြစ်နေပေမယ့် သတင်းထောက်မဟုတ်တဲ့သူတွေလည်း အများကြီးပါပဲ။

နိုင်ငံတကာမှာတော့ သတင်းထောက်ဖြစ်ဖို့အတွက် Journalism ကျောင်းတွေမှာ Degree ရဖို့လေးနှစ်လောက်ကြိုးစား၊ အလုပ်သင်သတင်းထောက်အနေနဲ့ တစ်နှစ်လောက် Field ထဲမှာ ကျင်လည်ပြီးကာမှ ဂျာနယ်တိုက်တစ်တိုက်ရဲ့ အလုပ်ခန့်အပ်မှုကို ရနိုင်ပါတယ်။ အဲဒီအလုပ်ရဖို့ကလည်း လက်ရှိ ဖြစ်၊ပျက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ သတင်းကောင်းကောင်း ဒါမှမဟုတ် သတင်းဆောင်းပါးကောင်း တစ်ပုဒ်ကို  တင်ပြနိုင်ပါမှ ဖြစ်နိုင်ပါတယ်။ ဒါက အကြမ်းသဘောမျိုးပြောတာပါ။ တကယ်သူတို့လုပ်ရတာက ဒိထက် အဆပေါင်းများစွာ အဆင့်တွေ ဖြတ်ကျော်ရတာပါ။

ကျွန်တော်တို့နိုင်ငံမှာတော့ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းတာကြတာပေါ့ဗျာ။

ဆိုတော့ ကျွန်တော့်မှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့။ ကျွန်တော် “ငါ သတင်းထောက်တစ်ယောက် ဖြစ်နေပါပြီလား” လို့ ကိုယ့်ကိုယ်ကို ပြန်လည်သတိထားမိတဲ့နေ့၊ ပြန်လည်ခံစားမိတဲ့နေ့ကလေးကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။

တကယ်လို့ ဖြစ်နိုင်မယ်ဆိုခဲ့ရင် CNN, Wall Street, Newsweek, Time တို့လို သတင်းစာကြီးတွေ၊ သတင်းဌာနကြီးတွေက ကျွန်တော့်ကို Interview လုပ်ပြီး “ခင်ဗျားရဲ့ သတင်းထောက်ဖြတ်သန်းမှုထဲက အပျော်ဆုံးနေ့ကိုပြောပါ” ဆိုရင် အဲဒီနေ့ပါပဲ။ တကယ်ပါ။

 

ချောက်ထဲသို့ ပြုတ်ကျခြင်း

အဲဒီနေ့က ကျွန်တော် ပထမဆုံးစလုပ်တဲ့ဂျာနယ်ရဲ့ ပထမဆုံးစာမူ စပြီး Design ထိုင်တဲ့နေ့။ အဲဒီနေ့ကို မရောက်ခင်ကတည်းက ဂျာနယ်တစ်တိုက်လုံးမှာရှိတဲ့ သတင်းထောက် ၁၅ ယောက်လောက်ဟာ တော်တော်အလုပ်ရှုပ်ကြရပါတယ်။ သတင်းတွေကို အသည်းအသန်လိုက်နေကြရတာပါ။

ဂျာနယ်အသစ်တွေရဲ့ထုံးစံအရ ပထမဦးဆုံးအစောင်(First Issue) ဟာ အင်မတန်အရေးကြီးလှပါတယ်။ ပထမအစောင်မှာ တာထွက်ကောင်းသွားတာနဲ့ နောက်အစောင်တွေမှာ အဆင်ပြေနိုင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ သတင်းထောက်တွေလည်း သူ့ထက်ငါ သတင်းတွေရေးကြရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးအစောင်မှာ မျက်နှာဖုံးတက်တဲ့သတင်းပါရင် ဒီဂျာနယ်ရဲ့ ပထမဆုံးမျက်နှာဖုံး သတင်းရေးတဲ့သူဟာ ငါပဲဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ဂုဏ်ယူကြပါတယ်။ နောက်ပြီးတော့ အလွန်ပီတိဖြစ်ကြရပါတယ်။ “အဲဒီဂျာနယ် စလုပ်တုန်းကပေါ့ကွာ” ဆိုတဲ့စကားမျိုးကို သိပ်ပြောချင်ကြတာကိုးဗျ။

ကျွန်တော်တို့ဂျာနယ်တွေမှာ ကိုယ်ပိုင် Trend ရှိကြရပါတယ်။ ဥပမာ- 7day၊ မြန်မာပို့စ်၊ ပြည်မြန်မာ၊ Venus၊ မြန်မာတိုင်းမ်၊ Messenger, ပေါ်ပြူလာနယူးစ်, True News စတဲ့ သတင်းစာစောင်တွေဟာ သတင်းစုံအမျိုးအစား ဂျာနယ်တွေချည်းပါပဲ။ Trade Times, Street View, Commerce, စတဲ့ ဂျာနယ်တွေကတော့ စီးပွားရေးတစ်ခုတည်းကို ဦးစားပေးတဲ့ ဂျာနယ်တွေဖြစ်ပေမယ့်လည်း ဖတ်ရတာချင်း မတူတာကို တွေ့ရမှာပါ။ သူတို့က Subject တစ်ခုတည်းကို Modify မလုပ်ကြပါဘူး။ ဒါပေမယ့် ဖတ်ရတာချင်းမတူတာကိုတွေ့ရမှာပါ။ ဥပမာ- The Farmer, My Music, 8 Days, Internet, စတဲ့ဂျာနယ်တွေကတော့ Subject တစ်ခုတည်းကို အဓိကဦးစားပေးပြီးလုပ်လို့ ပုံစံရော၊ Trend ပါ မတူနိုင်ပါဘူး။

နောက် ဂျာနယ်တွေရဲ့ Trend ဆိုတာက အဲဒီဂျာနယ်ရဲ့ Layout Design, Photo Usage, ဂျာနယ်ရဲ့အဓိကအရောင်၊ စသဖြင့် ကွဲပြားသွားတာကိုလိုက်ပြီး ဂျာနယ်ရဲ့ Trend ကလည်း လိုက်ပြောင်းသွားတာပါပဲ။

ဂျာနယ်တစ်ခု လုပ်တာမှာ အရေးကြီးတာတစ်ခုရှိပါသေးတယ်။ အဲဒါက ထုတ်မယ့်ရက်ပါ။ ဘယ်နေ့မှာ ထုတ်မလဲဆိုတဲ့ ပြဿနာဟာ တော်တော်ခေါင်းစားစေပါတယ်။ ရ ရက်ရှိတဲ့ တစ်ပတ်မှာ နာမည်ကြီးဂျာနယ်တွေက သူ့ရက်နဲ့သူ ရှိပြီးသားပါ။ ကိုယ်က ဘယ် Trend ကိုဦးစားပေးပြီးလုပ်မလဲဆိုတဲ့အပေါ်မှာ ဘယ်နေ့ကိုရွေးပြီး ဘယ်နေ့ထုတ် ဂျာနယ်ရဲ့ဈေးကွက်ကိုတော့ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်နိုင်မယ်ဆိုပြီး တွက်ချက်ကြရပါတယ်။

အဲဒီကိစ္စတွေအားလုံး အဆင်ပြေပြီဆိုရင်တော့ သတင်းတွေ စုပေတော့ပေါ့။

အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ သတင်းထောက်တွေ စိတ်အလှုပ်ရှားဆုံးပါပဲ။ ကိုယ်ရေးတဲ့ သတင်းကို စာမျက်နှာပေါ်မှာ ပထမဆုံးတွေ့ရမယ့်အချိန်ကို စောင့်မျှော်နေရတဲ့အချိန်ပေါ့။ နောက်ပြီးတော့ ဂျာနယ်အစစ်မထွက်ခင်မှာ Pilot ထွက်တယ်ဆိုတာ ရှိပါသေးတယ်။ အစမ်း(တိုက်တွင်း စာစောင်) ထုတ်ပါသေးတယ်။ အဲဒီလို တိုက်တွင်းမှာ လေးငါးစောင် စိတ်တိုင်းကျသည်အထိ ထုတ်ပြီးကာမှ ဂျာနယ်အစစ်ကို ထုတ်ကြရတာပါ။ ဒါက အများဆုံးလုပ်လေ့ရှိတဲ့ ပုံစံတစ်ခုပါ။

အဲဒီလို အခြေအနေတွေအားလုံး ပြည့်စုံနေပြီဆိုတဲ့နေ့၊ ကျွန်တော်တို့ရဲ့ဂျာနယ် လာမယ့် သဘက်ခါ ထွက်မယ်ဆိုတဲ့နေ့ ညသန်းခေါင် ၁ နာရီလောက်မှာ ကျွန်တော်တို့ဂျာနယ်ရဲ့ အယ်ဒီတာတွေ၊ ညအိပ်တဲ့သတင်းထောက်တွေ၊ Layout Designer တွေ နဲ့အတူ ကျွန်တော် အလုပ်ရှုပ်နေခဲ့တာပေါ့ဗျာ။ [ကျွန်တော်တို့(အထူးသဖြင့် Breaking News အဓိကလိုက်တဲ့သတင်းထောက်တွေ) ဟာ အဲဒီလိုနေ့မျိုးမှာ ဂျာနယ်တိုက်မှာ အိပ်လေ့ရှိကြပါတယ်။ ညတွင်းချင်းတက်လာတဲ့သတင်းတွေ၊ တစ်ခြား ချက်ချင်းဖြစ်တဲ့သတင်းတွေကို ထွက်မယ့်နေ့မှာ အချိန်မှီ၊ သူများထက်ဦးပြီး ပါနိုင်အောင်လို့ပါ။]

အဲဒီနေ့မတိုင်ခင်တစ်ရက်က အယ်ဒီတာက ကျွန်တော့်ကို အလုပ်တစ်ခုခိုင်းခဲ့ပါတယ်။ အဲဒါက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်တဲ့ Special Report(အထူးဆောင်းပါး) ရေးခိုင်းတာပါ။ Special Report ဆိုတာက ဂျာနယ်ရဲ့ အလယ်ခေါင်မှာ စာရွက်နှစ်ရွက်ပူး(ကျွန်တော်တို့အခေါ် “ခွဖောင်”) အနေနဲ့ ပါတာပါ။ အဲဒီတုန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စက တော်တော်လေး လူပြောများနေခဲ့တာပါ။ ကျွန်တော်ရေးခဲ့တဲ့ Special Report က နိုင်ငံရေးလောကမှာရှိတဲ့ အဓိက Player တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ ဒီဘက် ဒီမိုကရေစီအင်အားစု ပါတီတွေရဲ့ အဓိကပုဂ္ဂိုလ်တွေကို အင်တာဗျူးပြီးတော့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ အဖြေကို မပေးဘဲနဲ့၊ အဲဒီ Special Report ရဲ့အဆုံးမှာ မေးခွန်းတစ်ခု၊ အတွေးတစ်ခုနဲ့ အဆုံးသတ်ပါတယ်။

[အဲဒီတုန်းက ကျွန်တော်တို့(ကျွန်တော်နှင့် အယ်ဒီတာ)ရဲ့အမြင်က ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စဟာ လူတွေ ပြောနေကြသလောက် မြန်မြန်မဖြစ်နိုင်ဘူး၊ တကယ်လို့ ဖြစ်မယ်ဆိုရင်တောင် လွှတ်တော် သက်တမ်းတော်တော်များများကို အချိန်ယူရလိမ့်ဦးမယ်၊ “မဖြစ်နိုင်ဘူးဆိုတဲ့ဘက်ကိုယိမ်းတဲ့ ရှုထောင့်” ကနေ ရေးခဲ့ပါတယ်။]

ကျွန်တော်ရေးတဲ့ အဲဒီ Special Report ကို အဲဒီနေ့ညက Design ထိုင်ကြပါတယ်။ ရုံးရဲ့အပေါ်ထပ်မှာပါ။ အောက်ထပ်မှာတော့ ကျွန်တော်နဲ့ သိပ်ခင်မင်တဲ့ နိုင်ငံခြားသတင်းအယ်ဒီတာ(Foreign Editor) အစ်ကိုကြီးက သတင်းတွေဘာသာပြန်နေပါတယ်။ အဲဒီအစ်ကိုကြီးက အရင်တုန်းက ကြေးမုံနဲ့ မြန်မာ့အလင်းမှာ လက်ထောက်အယ်ဒီတာလုပ်ခဲ့ပြီးတော့ Dummy(သတင်းအစီအစဉ် နေရာချခြင်း) အလုပ်ကို ခု ဂျာနယ်နှစ်တိုက်၊ သုံးတိုက်မှာ အချိန်ပိုင်း လုပ်ပါတယ်။ အဲဒီမှာ Layout Designer က ကျွန်တော်ရေးတဲ့ Special Report ကို သူ Edit လုပ်နေရင်း ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ ပြီးတော့ ဘယ်လိုတွေ(ဥပမာ-ဓါတ်ပုံတွေကို ဘယ်နေရာက ထည့်ရင် ကြိုက်လဲ၊ ခေါင်းစည်းစာသားက ဘာရောင်ဆိုကောင်းမလဲ)  စသဖြင့်မေးပါတယ်။

အဲဒါပြီးတော့ အားလုံးလဲပြီးရော ကျွန်တော့် ဆောင်းပါး(Special Report) ကို 4C(Four Color) နဲ့ Print ထုတ်ပါတယ်။ အဲဒီမှာ ကျွန်တော် ဘယ်လိုမှ မရဘူးတဲ့ ခံစားမှုတစ်ခုရလိုက်ပါတယ်။ ကိုယ်ရေးထားတဲ့၊ ကိုယ်ပိုင်လက်ရာတစ်ခုကို ခမ်းခမ်းနားနား မြင်လိုက်ရတော့ ပြောမပြတတ်တတ်အောင်ပါပဲ။ ခမ်းခမ်းနားနားမြင်ရတယ်ဆိုတာက ကျွန်တော်တို့ သတင်းတွေ စရေးခါစက သတင်းရေးပြီးရင် A4 စာရွက်ပေါ်မှာပဲ မြင်ဖူးတာပါ။ ဒီလို ဓါတ်ပုံတွေ၊ Highlight Quotes(မြင်သာစေတဲ့ ပြောစကားတွေ) ကို သေသေချာချာ အတည်အခန့်ကြီး လုပ်ထားတာဆိုတော့…။

အဲဒီခံစားမှုကို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ကိုယ့်ရေးထားတဲ့စာမှုပါဖူးတဲ့သူတိုင်း ကျွန်တော်နဲ့ ခံစားချက်ချင်းတူနိုင်ကြပါလိမ့်မယ်။

အဲဒီ ဂျာနယ်စာမျက်နှာပေါ်မှာ ကျွန်တော့်စာမှုကိုတွေ့လိုက်တဲ့ခဏမှာ ကျွန်တော် “ဟေး” ကနဲ ထ အော်မိလိုက်ပါတယ်။(ပုံမှန်ကတော့ ဒီကိစ္စဟာ ဘာမှ မဟုတ်တဲ့ကိစ္စပါ)။ ကျွန်တော် အပေါ်ထပ်က အော်တဲ့အသံလည်းကြားရော၊ အောက်မှာဘာသာပြန်နေတဲ့ အစ်ကိုကြီးက ဘေးမှာရှိတဲ့ အယ်ဒီတာကို လှမ်းပြောလိုက်ပါတယ်။ “တစ်ကောင်တော့ ချောက်ထဲပြုတ်ကျသွားပြီ” တဲ့။

သူကပြောပါတယ်။ “ဒီလောကထဲကို မင်း ရောက်လာတာ မကြာသေးဘူး။ ဒါပေမယ့် မင်း စုန်းစုန်းမြုပ်သွားပြီ။ ဒါပေမယ့် ဒီလောက,က ကောင်းတဲ့မြုပ်ခြင်းပါ။ ငါတို့ အတွေ့အကြုံအရ ပြောရရင် မင်း ဒီလောကထဲက ပြန်ထွက်ဖို့ ခက်လိမ့်မယ်” တဲ့။

အဲဒီအချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် သတင်းထောက် စဖြစ်ပြီလို့ ခံစားလိုက်ရပါတယ်။

တစ်ပြိုင်နက်ထဲမှာပဲ ကျွန်တော် ချောက်ထဲကို ပြုတ်ကျသွားပါတော့တယ်။

(ဆက်ပါဦးမည်)

6 comments

  • မောင်ပေ

    July 9, 2012 at 12:41 pm

    ဖတ်ရတာ အရမ်းကောင်းတယ်ဗျို ့။
    ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းခွင်ထဲမှာ ပျော်နေတဲ့ ကိုမြတ်ကျော်သူ အား အားကျပါတယ်ခင်ဗျား။
    လက်မတစ်ချောင်းထောင်ရင်း အားပေးသွားပါတယ် ဗျို ့။

    Reply

  • SkyHeart WinKo

    July 9, 2012 at 12:59 pm

    နိုင်ငံရေးငါမသိဘူးကွာ တိုင်းပြည်တိုးတက်ဖို့အတွက်
    အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး
    တည်ဆောက်ကြပါ၊ ဥပမာ ယခင်က (ပင်လုံစာချုပ်မှလွတ်လပ်ရေး၊ လွတ်လပ်ရေးမှပါတီစုံ)
    ယခု(လက်တွေ့လုပ်နေသူတွေ ပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းလေးမှားနေသလိုဘဲနော်။
    အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊
    ငါတို့ကတာဝန်အရဆိုတာ မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ ငါကခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေစုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊
    ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊
    မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင်
    (ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်)
    ငါတို့နိင်ငံက ကမာ္ဘမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) တာမွေလူမိုက်ကြီး ဝင်းကိုလှိုင်
    JJ (CLUB) နားမှာနေတယ်………
    http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

    Reply

  • ဒီအကို တစ်ယောက် တဖက်ပို ့စ်မှာလဲ ဒီလို ကွန်မန် ့မျိုးပေးထားတယ်။အံ့ဩတယ်။
    အရှည်ကြီးရေ ကြိုးစား၊သီးခံပါ။ဒါ့လောက်ဘဲ။

    Reply

  • မြတ်ကျော်သူ

    July 9, 2012 at 1:55 pm

    ဟုတ်ကဲ့..ကိုသားကြီးရေ…ကျွန်တော်လည်းတစ်ခြားပို့စ်တွေမှာတွေ့တယ်….
    သူဘာပြောချင်လဲတော့မသိဘူး…ဒါပေမယ့် ဖတ်ရတာပေါ့…ကျေးဇူး…

    Reply

  • awra-cho

    July 9, 2012 at 4:40 pm

    မတ်ကက်တင်း ဆင်းနေတာ ထင်ပါရဲ့ ဗျာ။ ကျွန်တော်လဲ အဲ ချောက်ထဲ ဆင်းချင်တာပါဗျာ။ သတ္တိမရှိလို့ သူများကို ပဲ အားပေးနေပါကြောင်း။

    Reply

  • kyeemite

    July 10, 2012 at 4:02 pm

    ကြိုက်တယ်ဗျို့…သတင်းသမားဘဝအတွေ့အကြုံလေးတွေလည်းသိရ
    စာအရေးကောင်းတော့ ရသလည်းမြောက်..ဖတ်ရင်းတွေးမိတာက
    သတင်းသမားဘဝဟာ မလွယ်ပါလားဆိုတာပါ..ဝါသနာတော်တော့ကို
    ပါမှ ဖြစ်မှာ…အဓိကက အချိန် အပြည့်ပေးထားရတာပဲ..ဆက်ရေးပါဗျာ
    အားပေးဖတ်ရှု့ပါ့မယ်..
    လေးစားခင်မင်စွာ..

    Reply

Leave a Reply

Your email address will not be published.