နှစ်ပါးသွား

ဟိုနေ့က မိဘအကြောင်းဖတ်လိုက်ပြီးတော့ အဖေ့ကို လွမ်းနေမိတယ်။ တစ်ချိန်တည်းမှာပဲ အိမ်နားက အန်တီကြီးပြောပြတဲ့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ခုကိုလည်း သတိရမိတယ်။

 

အဖေက မနက်ဘက်ဆိုရင် အစောကြီး နိုးနေတတ်ပါတယ်။ နိုးတာနဲ့ မျက်နှာသစ်ပြီးတော့ အိမ်ရှေ့က မုန့်ဟင်းခါးဆိုင်မှာ စကားသွားပြောနေတတ်ပါတယ်။

 

မွန်မွန်တို့ဒေးဒရဲမြို့မှာ ဒေးဒရဲတံတားဆိုတာ ရှိပါတယ်။ တံတားက မြို့ကို ဖြတ်ပြီး ဆောက်ထားသလိုပါပဲ။ ချဉ်းကပ်တံတားက မြို့ပေါ်ကို ဖြတ်သွားတာပါ။ မွန်မွန်တို့အိမ်က တံတားအောက်နားမှာရောက်နေတော့ တံတားပေါ်ကို မြင်နေရပါတယ်။ မြို့မှာတော့ အထင်ကရနေရာတစ်ခုလို ဖြစ်နေတာပေါ့။ ညနေဘက်ဆို လူငယ်လူကြီး စက်ဘီးစီး၊ ဆိုင်ကယ်စီး၊ လမ်းလျှောက်ကြနဲ့ လေညင်းခံရင်း ပျော်စရာကောင်းပါတယ်။ မနက်ဘက်ဆိုရင်လည်း လမ်းလျှောက်ကြတဲ့ လူတွေ ရှိပါတယ်။ ပြီးတော့ အတွဲတွေလည်းရှိတာပေါ့နော်။  🙂

 

တစ်မနက်သားကျတော့ အဖေရယ်၊ အိမ်နီးနားချင်း အန်တီကြီးတွေရယ် မုန့်ဟင်းခါးဆိုင်မှာ စကားထိုင်ပြောနေကြပါတယ်။ အဖေက တံတားဘက်ကို မျက်နှာမူထိုင်နေပြီးတော့ အန်တီကြီးနှစ်ယောက်က ကျောခိုင်းထားကြပါတယ်။ အဖေက စကားပြောနေရင်းက တံတားဘက်ကို ကြည့်လိုက်မိပြီး “ဟိုပေါ်မှာ နှစ်ပါးသွားနေတယ်..ကြည့်လိုက်ပါလား” လို့ ပြောပါတယ်။ အန်တီကြီးတွေက “ဟာ..မကြည့်ချင်ပါဘူး” ဆိုတော့ “ကြည့်လိုက်ပါဟ..နှစ်ပါးသွားနေတာကို” လို့ ထပ်ပြောပါတယ်။ အဖေက ကြည့်ခိုင်း၊ အန်တီကြီးတွေက ငြင်းနဲ့ နောက်ဆုံးကျတော့ အဖေက သူတို့ခေါင်းတွေကို ဆွဲလှည့်ပြီး ကြည့်ခိုင်းလိုက်တော့… …. ဟုတ်ပါတယ်..နှစ်ပါးသွားနေပါတယ်….ဘုန်းကြီးနှစ်ပါး လမ်းလျှောက်သွားနေကြတာပါ… အဲဒီတော့မှ သူတို့လည်း “ဟာ..တော်တော်နောက်တဲ့ လူပဲ” ဆိုပြီး ရယ်ကြပါတယ်။ အဖေက “ငါက အမှန်ပြောတာပဲ..နင်တို့သာ ပေါက်ကရလျှောက်တွေးနေကြတာကိုး” တဲ့…

 

ဟိုတလောကမှ အဲဒီအန်တီနဲ့ ရန်ကုန်ုမှာ တွေ့ဖြစ်ပြီး စကားပြောကြရင်းနဲ့ သူပြန်ပြောပြလို့ သိခဲ့ရတာပါ။ သူနဲ့ပြောပြီးမှ အဖေ့ကို တော်တော်လေး လွမ်းမိပါသေးတယ်။ လူဆိုတာလည်း ခက်သားလားနော်။ မိဘပင်ဖြစ်နေပါစေ…တစ်ခါတစ်လေကျရင် လွမ်းဖို့ အချိန် မရှိတတ်ကြပါဘူး။ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အချိန်မှာတော့ အဖေ့ကို အရမ်းလွမ်းမိပါတယ်…။  ။

 

 

14 comments

  • mamanoyar

    June 27, 2012 at 1:57 pm

    မွန်မွန်ရေ အတူတူပါပဲ
    နိုရာလဲ အိမ်နဲ့ခွဲနေရတာဆိုတော့
    မေမေတို့ ဖေဖေတို့ကို လွမ်းရတာပါပဲ

    Reply

  • မမ အညာသူ

    June 27, 2012 at 2:33 pm

    မွန်ရဲ့စာကိုဖတ်လိုက်မှ
    အဝေးနယ်ကဖေဖေနှင့်မေမေရဲ့ပုံရိတ်တွေကမျက်လုံးထဲကို
    ပြန်လည်မြင်ရောင်စေမိတယ်

    Reply

  • amatmin

    June 27, 2012 at 4:21 pm

    ကျနော့လည်းကနေ့မနက်ဘဲ..
    အဖေနဲ့ဖုန်းပြောရင်း ကန့်လန့်ပြောထားမိတာ..
    တိုက်တိုက်ဆိုင်ဆိုင်..
    ကိုယ့်အပြစ်တွေကိုယ်လန့်လာတယ်..
    ဒါနဲ့.ဒေးဒရဲဆိုတာ ကျနော်ဘိုကလေးပြန်ရင် ဖြတ်နေကြဗျ.. 🙂

    Reply

    • မွန်မွန်

      June 27, 2012 at 4:57 pm

      ဘိုကလေးသားလား… အမျိုးတွေပေါ..ဒါဆို… 🙂
      မွန်မွန်က ဖျာပုံ၊ ကျိုက်လတ်ရောက်ဖူးတယ်… ဘိုကလေးတော့ တစ်ခါမှ မရောက်ဖူးသေးဘူး… ကွက်ကျန်နေခဲ့တာ… 🙂

      Reply

      • MaMa

        June 27, 2012 at 9:51 pm

        ခုမှပဲ ရိုးသားကြိုးစား ဧရာဝတီသားတွေ တွေ့နေရပါလား။ 😀

        Reply

  • မဂွတ် ထော်

    June 27, 2012 at 4:25 pm

    ပြောရင်းဆိုရင်းငိုချင်လာပီ …သတိရလို့

    Reply

  • သားဦး၊မြေးဦး

    June 27, 2012 at 9:31 pm

    နှပါးသွားလေးးးးးး
    ကချင့်စရာ

    လွမ်းလို ့ပါနော်။ဟီးးးး

    Reply

  • မောင်ပေ

    June 27, 2012 at 9:43 pm

    ဒေးဒရဲသူ
    သွေးမနဲကူ
    ဈေးထဲပူ
    မမေးဘဲယူ
    အေးတဲ့လူ။

    Reply

  • ဘိုကလေးသား
    အပျိုကလေးများနဲ့ဆိုရင်
    အချိုလေးတွေ အပ်ပါတဲ့ အို့…………………ကိုအမတ်မင်းရဲ့

    Reply

  • may flowers

    June 28, 2012 at 12:42 am

    အဖေ့ကိုလွမ်းတယ်………..အဖေ့ကိုချစ်တယ်။

    Reply

  • မွန်မွန်

    June 29, 2012 at 12:10 pm

    ဟုတ်.အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေ ရေးဦးမယ်…ဖတ်ပေးကြပါဦးနော်….

    Reply

  • mayjuly

    June 29, 2012 at 12:40 pm

    အဖေ …ဖေဖေ …
    လွမ်းမိတယ်..တမ်းတတယ်..
    အတိတ်ကိုပြန်လိုချင်မိတယ် …

    Reply

  • နွယ်ပင်

    June 29, 2012 at 1:56 pm

    မွန်ရေ…. ရေးထားတာလေးတွေဖတ်ရင်း မွန်ရဲ့ အဖေက ပျော်တက်ပုံရတယ်နော် ..
    နွယ်ပင်ကတော့ အိမ်မှာ အဖေနဲ့ အတူတူနေရတယ်ဆိုတော့ အဖေကို လွမ်းတဲ့
    ခံစားချက်မျိုးမရှိပင်မယ့် . အဖေချစ်သမီးတစ်ယောက်နဲ့ မွန်ရဲ့ခံစားချက်လေးကို စာနာမိပါတယ် ………

    Reply

    • မွန်မွန်

      June 29, 2012 at 4:07 pm

      ဟုတ်ကဲ့ မနွယ်… အဖေက ပျော်တတ်တယ်..တစ်ခါတစ်လေဆိုရင် ပေါက်ကရတွေလျှောက်မပြောနဲ့ လို့တောင် တားယူရတယ်။ စိတ်ထားလည်း ကောင်းတယ်.. အဖေ့အကြောင်းလေးတွေ ရေးဖို့ကြိုးစားနေပါတယ်..

      Reply

Leave a Reply

Your email address will not be published.