သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ

အဇဋာJune 25, 20121min014

သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ ဆိုပြီး နာမည်သာတပ်လိုက်ရတယ်။ ဒီလို နာမည်မျိုးက ဝါရင့်သတင်းစာဆရာကြီးတွေ သူတို့အတွေ့အကြုံတွေအကြောင်းရေးရာမှာ တပ်လေ့ရှိတဲ့ ခေါင်းစဉ်မျိုး။ ကျွန်တော်က ခုမှ သတင်းသမားပေါက်စမျှသာ။ ဒါပေမယ့် ခေါင်းစဉ်တပ်မယ့် နာမည်ရှာလိုက်တော့လည်း မတွေ့တာနဲ့ ဒီနာမည်ပဲ တပ်လိုက်ရတော့တယ်။

သတင်းထောက်တစ်ဦး၏ ဒိုင်ယာရီ ဆိုတော့ နေ့စဉ်မှတ်တမ်းပဲရေးရမလား စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် မဖြစ်ဘူး။ နေ့စဉ်မှတ်တမ်းထဲမှာက သူ့ကို သွားကြိုတာတွေ၊ အစ်မဝမ်းခွဲဆေးရုံတက်တာတွေ၊ ဦးလေးအရက်မူးလို့ ရပ်ကွက်နဲ့ရန်ဖြစ်တဲ့အကြောင်းတွေနဲ့ အစုံသုပ်ဖြစ်နေတယ်။ ဒါကြောင့် သတင်းနဲ့ဆိုင်တဲ့၊ သတင်းလိုက်ရင်းဖြစ်တဲ့အတွေ့အကြုံတွေပဲ ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်သတင်းထောက် စဖြစ်တော့ ပထမဆုံးကြုံရတဲ့ဒုက္ခက နာမည်ကိစ္စပါ။ ကျွန်တော့်မွေးရပ်က လူတွေ ရန်ကုန်ကိုလာရင် သူတို့ကမေးပါတယ်။ ဟေ့ကောင် မင်းဘာလုပ်နေလဲ လို့ ကျွန်တော့်ကို မေးရင် ကျွန်တော်က သတင်းထောက်လုပ်နေတယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ သူတို့က ဘာမေးလဲဆိုတော့ ဘယ်လိုသတင်းထောက်လဲတဲ့။ ထောက်လှမ်းရေးလားတဲ့။ နောက်တစ်မျိုးထပ်ပြောပါတယ်။ မဟုတ်ဘူး ဂျာနယ်သတင်းထောက် လို့။ အော် အော် ဂျာနယ်တွေကို သတင်းထောက်တာလားတဲ့။ ကျွန်တော်လည်း ဘာမှ ပြန်မပြောတော့ဘဲ ကျွန်တော့်သတင်းတွေပါတဲ့ ဂျာနယ်ကို ပေးဖတ်လိုက်တယ်။ ကဲ အဲဒီတော့ မှအေးရော မမေးတော့ဘူး။ ဒါတောင်လုပ်သေးတယ်။ သတင်းထောက်ဆိုတော့ သတင်းတွေရအောင်၊ သတင်းတွေရှာဖို့ နေရာတကာလျှောက်သွားနေရမှာပေါ့တဲ့။

နောက်တစ်ခုက သတင်းထောက်ဖြစ်စ ကျွန်တော်တို့လိုလူငယ်တွေ ကြုံတွေ့ရတဲ့ဒုက္ခက ကင်မရာ၊ ရစ်ကော်ဒါ ကိစ္စ။ သိပ်ချမ်းသာတဲ့ ဂျာနယ်ကြီးတွေက သတင်းထောက်အသစ်တွေကတော့ အဲဒီလို ဒုက္ခမျိုးကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သတင်းထောက်လုပ်လုပ်ခြင်း ဂျာနယ်အသစ်ကလေးတစ်စောင်မှာဆိုတော့ အဲဒီကိစ္စက တော်တော်ဆိုးတယ်။ သတင်းလိုက်ဖို့သွားရင် သူများတွေက ကင်မရာတွေတဖျတ်ဖျတ်၊ ရီကော်ဒါတွေ ပါးစပ်နားထိုးပေးနေတဲ့အချိန် ကျွန်တော်ကတော့ စာအုပ်ထဲမှာအသေအကြေ လိုက်မှတ်နေရပါတယ်။ ဒါက သတင်းထောက်အသစ်တွေ မဖြစ်မနေကြုံရတဲ့ ဒုက္ခတစ်ခုပေါ့ဗျာ။

မှတ်မှတ်ရရ ကျွန်တော့်သတင်းထောက်ဘဝရဲ့ ပထမဆုံး နိုင်ငံရေးပွဲတစ်ပွဲ တစ်ခုအကြောင်းလည်း ပြောချင်ပါသေးတယ်။

အင်န်အယ်ဒီပါတီ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စ ဆုံးဖြတ်မယ့်နေ့က အင်န်အယ်ဒီရုံးချုပ်ရှေ့မှာ သတင်းထောက်တွေက အများကြီး ကင်မရာတွေနဲ့ရိုက်၊ အင်တာဗျူးသူကဗျူး။ ကျွန်တော်ကတော့ ခပ်တည်တည်ပဲကြည့်နေရတယ်။ ကိုယ်ဘာမှ မလုပ်နိုင်ဘူး။ အဲ ဒေါ်အောင်ဆန်းစုကြည် စကားပြောမယ့်အလှည့်လည်းရောက်ရော ရုံးချုပ်အပြင်မှာ ရှိနေတဲ့ သတင်းထောက်တွေရော၊ နိုင်ငံခြားမီဒီယာတွေပါ ဝုန်းကနဲ ရုံးအဝင်ဝကို တိုးဝင်လာပါလေရော။

ဟာ အဲဒီမှာသွားပါလေရော။ ကျွန်တော့်ဖိနပ်ကို NHK သတင်းဌာနက ငနဲ တက်နင်းလိုက်တာ ပြတ်သွားရော။ ဂရုမစိုက်လိုက်နိုင်ဘူး။ လက်က ရေးနေရသေးတယ်။  ဒေါ်အောင်ဆန်းစုကြည်က အထဲကနေပြော။ အပြင်မှာက သတင်းထောက်တွေက ချွေးတလုံးလုံးနဲ့လိုက်ရေးနဲ့။ သူမလည်းပြောပြီးရော ကျွန်တော့်မှာ ခြေတုံးလုံးနဲ့။

ကြားမှာ ပြဿနာတစ်ခုတက်လိုက်သေးတယ်။ ကုမုဒြာက မမတစ်ယောက်နဲ့၊ 7Day က မမတစ်ယောက်က သူတို့ကို တွန်းပါတယ်ဆိုပြီး ဒေါပွနေလို့ မနည်းချော့လိုက်ရသေးတယ်။ နောက်ဆုံးတော့ တက္ကစီငှားဖို့ပိုက်ဆံကလည်းမပါ။ ရုံးမှာ ပြန်ထုတ်ရင်လည်း အက်ဒမင်ဆိုတာတွေနဲ့ စကားပြောရမှာမို့ ရွှေဂုံတိုင်မှတ်တိုင်ကို ခြေလျင်ပဲ လျှောက်သွားလိုက်တော့တယ်။

ကျွန်တော်တို့ သတင်းထောက်တွေကလည်း အဆိုးသားဗျ။ သတင်းတစ်ခု၊ ဓါတ်ပုံတစ်ပုံကို ချက်ချင်းဖြစ်နေတဲ့အချိန်မှာ ချက်ချင်းယူရမှ ကျေနပ်ကြတယ်။ အလုပ်သဘောအရလည်း အချိန်ဆိုတာ သိပ်အရေးကြီးတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တွန်းလိုက်။ ထိလိုက်။ ဖိနပ်တက်နင်းလိုက်နဲ့။ ထမင်းငတ်လိုက်။ အယ်ဒီတာက ဆူလိုက်နဲ့။

ဒီလိုနဲ့ပဲ စာမျက်နှာပေါ်ရောက်အောင် လုပ်ကြရတာ။ အဲ စာမျက်နှာပေါ်မရောက်ခင် စိစစ်ရေးကဖြတ်ရင် နောက်တစ်ပတ်အတွက် တွက်ခြေသိပ်မကိုက်တော့ပြန်ဘူး။

(ဆက်လက်ရေးသားပါဦးမည်)

14 comments

  • မောင်ပေ

    June 25, 2012 at 7:04 pm

    ကိုမြတ်ကျော်သူရေ…ဒီနေ ့ချိန်မှာ ၊ စိစစ်ရေးမတင်ရတော့ဘူး ဆိုတာ ဟုတ်သလားဗျ

    Reply

  • မြတ်ကျော်သူ

    June 25, 2012 at 7:10 pm

    ဟုတ်ပါတယ်…
    ဒါပေမယ့်…MJN(Myanmar Journalist Network), MJA(Association), MJU(Union) တို့က ဦးစီးပြီးတော့ Media Law ကို လုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီ Media Law ထဲကအတိုင်း (စိစစ်ရေးအစား) Council တစ်ခုဖွဲ့ပြီး ထုတ်တင်သတင်းတွေကို တည်းဖြတ်မယ်လို့ ဆိုပါတယ်ခင်ဗျာ။

    Reply

  • မြတ်ကျော်သူ

    June 25, 2012 at 7:23 pm

    ကျွန်တော် သတင်းထောက်စဖြစ်တော့ စိစစ်ရေးဆိုတာ တော်တော်ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်ပါ…ခုခါမှာတော့…

    Reply

  • Crystalline

    June 25, 2012 at 8:14 pm

    ကိုမြတ်ကျော်သူရဲ့ပို့စ်လေးကိုဖတ်ပြီး…ကျမစိတ်တောင်မကောင်းဘူး.. ဝါသနာအရင်းခံနဲ့မို့လို့သာ ဒီအလုပ်ကိုဆက်လုပ်ဖြစ်နေတာထင်တယ်နော်…လေးစားပါတယ်..

    Reply

  • သားဦး၊မြေးဦး

    June 25, 2012 at 8:34 pm

    သံတွဲသား သတင်းထောက်ကြီးရေ—–ဒီလိုနဲ ့ဘဲဖြတ်ကျော်ရအုံးမပေါ့။

    ဒါပေမယ့် မီဒီယာသမားတို ့မည်သည် ဘက်မျှအောင်ရေးနိုင်၊ပြောနိုင်၊
    ဆိုနိုင်မှသာ စတုတ္ထမဏ္ဍိုင် ပီသပေလိမ့်မည်။

    Reply

  • htoosan

    June 25, 2012 at 9:08 pm

    အားပေးနေတယ်ဗျို့ ။ ကျွန်တော်တို့က ကြုံရာလေးတွေရေးနေချိန်မှာ အမှန်တစ်ကယ် ဂျာနယ်လစ်တစ်ယောက်ရဲ့ ဘဝကို သိချင်နေပါသည်။

    Reply

  • pooch

    June 26, 2012 at 12:41 am

    သတင်းထောက်ဆိုတော့ ဆရာကြီး လူထုစိန်ဝင်းနဲ့များ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဆုံဖူးမလား မသိဘူး။
    ဆုံဖူးရင် အဲ့ဒီအတွေ့အကြုံလေးကို ဆက်ဆက်လေး ရေးစေချင်ပါတယ်။
    ကျမက ဆရာကြီးရဲ့ ပရိတ်သတ်ပါ။ စိတ်ဓာတ်ရော ခံယူချက်ရော နေပုံထိုင်ပုံရော အင်မတန်လေးစားပါတယ်။ တခါလောက်တော့ ဆရာကြီးဆီ စာရေးမယ်ဆိုပြီး တေးထားတာမှာ ဆုံးသွားတဲ့အထိ မရေးဖြစ်လိုက်ပါဘူး။

    အခုလို အတွေ့အကြုံလေးတွေလည်း စိတ်ဝင်စားပါတယ်။ ဆက်ပါအုန်း။

    Reply

  • TNA

    June 26, 2012 at 8:04 am

    ကျွန်မအားအကျဆုံးနဲ့ စိတ်အဝင်စားဆုံးကတော့ သတင်ထောက်ပါပဲ။ တကယ့်သတင်းထောက်စစ်စစ် ဆိုတာ သတင်းတခုကို ရေဆုံးရေဖျားလိုက်ကြတာကိုလဲသဘောကျတယ်။ အခုဒီမှာ တချို့ဂျာနယ်တိုက်က သတင်းထောက်ပေါက်စတချို့ကိုမေးကြည့်တယ်။ နင်တို့သတင်းဘယ်လိုယူလဲဆိုတော့ များသောအားဖြင့် ဖုန်းနဲ့ပဲယူလိုက်တယ်တဲ့။ သတင်းအစအနဘယ်လိုနားထောင်လဲလို့ထပ်မေးတော့ တိုက်က ပြောတဲ့သတင်း ကို ဖုန်းဆက်လိုက်တာပဲတဲ့။ အဲလိုသတင်းထောက်မျိုးတော့ကျွန်မစိတ်ပျက်မိတာအမှန်ပါပဲ။ ကိုမြတ်ကျော် သူ ရေးတဲ့ထဲမှာ သတင်းထောက်ရဲ့ အငွေ့အသက်တွေပါနေတယ်။ စိတ်ဝင်စား စရာပါ ပဲ။ နောက်ထပ် အတွေ့အကြုံလေးတွေလဲစောင့်မျှော်နေပါတယ်။ ထပ်ရေးပါအုံး။

    Reply

  • etone

    June 26, 2012 at 9:50 am

    သတင်းထောက်တွေရဲ့ အခက်ခဲနဲ့ .. သတင်းလိုက်ရတာ … အချိန်ဒေသမရွေးပုံတွေ ၊ အခက်ခဲတွေ ၊ ဂျာနယ်တိုက်နဲ့ ဆက်ဆံရေးတွေ … ၊ ပရက်ရှာပေးခံရတဲ့ ကိစ္စတွေ … စတာတွေအကြောင်း … စုံပလုံစိနေအောင် …. ကြားဖူးနားဝရှိနေခဲ့ပါတယ် … ။

    ဂျာနယ်တိုက်ဘက်က .. သတင်းထောက်တွေကို … သတင်းဦးရဖို့သာ အတင်းလွှတ်နေကြတာ … ပံ့ပိုးမှုပိုင်းကျတော့ အားနည်းတယ်လေ … ။ လုံခြုံမှုပေးတဲ့အပိုင်းကျတော့လည်း မပြောချင်တော့ပါဘူးလေ … ။ ဟိုတစ်ခါ … ဂိုထောင်ပေါက်ကွဲတဲ့ ကိစ္စလိုမျိုး… အသက်အန္တရာယ်ရှိတဲ့ေ နရာတွေမှာတောင် အနီးဆုံးထိပြေးပြီး … သတင်းဓါတ်ပုံယူရတာမျိုး ၊ ဗိုလ်နှုတ်ခမ်းမွှေးသတင်းစာရှင်းလင်းပွဲလုပ်တဲ့ နယ်စပ်ဘကက် နေရာတွေအထိ သတင်းလိုက်ယူပေးရတာမျိုး … ဒါတွေ လုပ်ပေးတာတောင် … မသိတတ်တဲ့ အယ်ဒီတာတွေ ၊ မသိချင်ယောင်ဆောင်နေတယ် အယ်ဒီတာတွေရှိတယ် … ။

    လုပ်ငန်းတွင်း ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်လာမှာစိုးလို့ …. ဖွင့်မပြောပဲ ငြိမ်နေတော့ လူတွေကိုနှပ်ခိုင်းလို့ ရတယ်တွေးချင်တွေးနေမှာပေါ့ …. ။ သတင်းထောက်တိုင်း အရည်ချင်းမပြည့်ဝကြဘူး ..ပရော်ဖက်ရှင်နယ်စိတ်မထားနိုင်ကြဘူး ဒါကို လက်ခံပါတယ် .. ဒါပေမယ့် ..ယူလာတဲ့ သတင်းရဲ့ .. အတိမ်နက်ပေါ် မူတည်ပြီး ၊ သတင်းထောက်ဘက်က ပေးဆပ်ရတာတွေ အများကြီးပါပဲ … ။ ဒါကို ဂျာနယ်တိုက်ကို သိစေချင်ပါတယ် … ထိုင်ရာက မထပဲ .. ဖုန်းဆက်ညွှန်ကြားနေတဲ့ …. အယ်ဒီတာကြီးများကိုလည်း သိစေချင်ပါတယ် … ပုဂ္ဂိုလ်ရေးရာ ရှေ့တန်းတင်ပြီး .. သတင်းဦး ၊ သတင်းထူးဖြစ်ပေမယ့်လည်း .. ပထမဆုံးမျက်နှာဖုံးမှာ ဖော်ပြခွင့်မပေးပဲ .. နောက်ဘက်တွေ ပို့လိုပို့ … ဟိုတပိုင်းဒီတပိုင်း လုပ်လို လုပ်တွေတာ … ပုဂ္ဂိုလ်ရေးရာ ခံစားမှုတွေကို ဦးစားပေးတာ ဂျာနယ်ရဲ့ နစ်နာမှုလို့ပဲ မြင်မိပါတယ် … ။ ဦးနှောက်မရှိတဲ့ လူတစ်ချို့ ရာထူးကြီးနေရာနဲ့ အရေးပါတဲ့ နေရာတွေရောက်နေလျှင် .. အဲ့လုပ်ငန်း တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ဘူး ။ 🙄

    Reply

  • မွန်မွန်

    June 26, 2012 at 11:31 am

    သတင်းထောက်တစ်ဦးရဲ့ ဒိုင်ယာရီ ဆိုတာထက် သတင်းထောက်တစ်ဦးရဲ့ ဘဝ လို့ပြောလို့ရတာပေါ့နော်…
    ကိုမြတ်ကျော်သူရဲ့ အတွေ့အကြုံတွေကို ဆက်ပြီး သိချင်ပါသေးတယ်…

    Reply

  • lynn lynn

    June 26, 2012 at 1:04 pm

    အခုလို အတွေ့အကြုံလေးတွေ ရေးပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ရေးပါအုန်း။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 2:24 pm

    မလွယ်လိုက်တာနော်…
    သတင်းတစ်ခုရဖို့ အတွက်…
    အတွေ့အကြုံတွေကလည်း…
    လိုသားပဲ…..
    ဖတ်သွားပါတယ်…
    နောက်ထပ်အတွေ့အကြုံတွေ..
    တင်ပြဦးနော်….
    မိုက်လေး..တို့လည်းသိရတာပေါ့….။

    Reply

  • MaMa

    June 26, 2012 at 6:17 pm

    အဲဒါကြောင့် ကိုမြတ်ကျော်သူရဲ့ စာတွေ စဖတ်ကတည်းက ထင်မိပါတယ်။
    အခုလို ပရိုသမားတွေ ရောက်လာတာ ဝမ်းသာဂုဏ်ယူစရာပေ့ါ။
    အင်းးးးးးးးး ရွာထဲမှာတော့ သဂျီးက စီဂျေကဒ် ထုတ်ပေးဖို့ စဉ်းစားနေတယ်ဆိုတော့ကာ..
    စီဂျေဖြစ်ချင်သူတွေ ဖိနပ်ခိုင်ခိုင် ဝယ်စီးမှရမယ်လို့ 😛
    အဲဒီလို အဖြစ်တွေကို မြင်ထားလို့ သတင်းကို မထောက်တထောက် လုပ်လို့ မရဘူးလားလို့ သဂျီးကို ကြိုမေးထားတာ။ 😛
    ဒါ့ထက် ရီကော်ဒင်းမလုပ်ပဲ သတင်းကို လက်နဲ့ အမှီလိုက်ရေးလို့ရသလား။
    လက်ရေးက အဲဒီလောက် မြန်နိုင်လား။
    သတင်းကျန်ခဲ့တာတွေ၊ စကားကျခဲ့တာတွေ ဖြစ်နေရင် ပြဿနာက သေးမှာ မဟုတ်ဘူး။
    နောက်ပြီး လူတွေ တွန်းနေ တိုးနေတဲ့ ကြားထဲမှာ ရေးရတာဆိုတော့….
    အတွေ့အကြုံလေးတွေ မျှဝေပါဦး။
    ကျေးဇူးတင်ပါတယ်။ 🙂

    Reply

  • မြတ်ကျော်သူ

    June 26, 2012 at 6:31 pm

    >> pooch >>
    ကျွန်တော် ဆရာလူထုစိန်ဝင်းနဲ့ ဆုံးခဲ့ဖူးပါတယ်။ ဆရာမဆုံးခင် ၅ လအလိုလောက်ကပါ။ ဒါပေမယ့် ဆရာနဲ့ ကျွန်တော် တွေ့ရတဲ့အကြောင်းက ပွဲတစ်ပွဲမှာ ဖြစ်နေတာမို့ ရေးစရာ အကြောင်းအရာ အများကြီးမရှိပါခင်ဗျ။ နောက်ပြီးတော့ ဆရာလူထုစိန်ဝင်းအကြောင်းက ရေးနေတဲ့သူတွေ အများကြီးဆိုတော့….
    >> etone >>
    အစ်မရေ။ အစ်မပြောတာတွေက တကယ်ဖြစ်နေတာတွေ များပါတယ်ဗျာ။ အဲဒီအကြောင်းတွေကိုသာ စာဖွဲ့ရရင် နှစ်ထောင့်နှစ်ည တောင် ပြီးမှာ မဟုတ်ပါဘူး။။

    >>TNA>>
    TNA ပြောထားတဲ့အကြောင်းအရာက ကျွန်တော်တို့သတင်းထောက်လောကမှာ တကယ်ဖြစ်နေတဲ့၊ နောက်ပြီး မလွှဲသာ၊ မရှောင်သာရင်ဆိုင်နေရတဲ့ ဘဝပါ။
    ပြောစရာတွေကတော့ အများကြီးပါပဲခင်ဗျာ။။

    Reply

Leave a Reply

Your email address will not be published.