ကျွန်တော်တို့ရဲ့ အဘ….

koyin sithuJune 19, 20121min010

အဘ….
အဘပြောတဲ့ ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်ဆိုတဲ့ စကားဟာ
ကျွန်တော်တို့ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘဝကနေ လွတ်မြောက်စေခဲ့ပါတယ်။

အဘ……
အဘပြောတဲ့ နောက်မဆုတ်နဲ့ ဆိုတဲ့ ပုံပြင်လေးဟာ
ကျွန်တော်တို့ကို ဇွဲသတ္တိတွေ ရှိစေခဲ့ပါတယ်။စိတ်ဓါတ် ကြံ့ခိုင်စေခဲ့ပါတယ်။

အဘ….
အဘပြောတဲ့ မပျင်းနဲ့ ဆိုတဲ့ စကားလေးဟာ
ကျွန်တော့်ကို ဝီရိယတွေ ရှိစေခဲ့ပါတယ်။ အလုပ်ကြိုးစားသူ အလုပ်ကို တန်ဖိုးထား ချစ်တတ်သူဖြစ်စေခဲ့ပါတယ်။

အဘ….
အဘပြောတဲ့ ချဲလင့်ချ်-စိန်ခေါ်မှု့ ဆိုတဲ့ ပုံပြင်လေးဟာ
ကျွန်တော့်ကို အခက်အခဲ အနှောင့်အယှက် ဆန့်ကျင်ဖက် အတားအဆီးများကို
ရင်ဆိုင်ရဲသူ ကြိုဆိုရဲသူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ ဂေါ့ဖားသား ဆိုတဲ့ ဇာတ်လမ်းကလေးတွေဟာ
ကျွန်တော့်ကို ကျွန်တော် ယုံကြည်မှု့တွေ ရစေခဲ့ပါတယ်။ အရာရာကို သေသေချာချာ
အကွက်ချပြီးမှ စနစ်တကျ လုပ်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ သိဒ္ဓတ္ထ ဝတ္ထုဇာတ်လမ်းလေးတွေဟာ
ကျွန်တော့်ကို ကျွန်တော် ပြန်ရစေခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် အဘမင်းသိင်္ခ

အဘ….
အဘပြောတဲ့ ဓမ္မလေးတွေဟာ
ကျွန်တော်ကို အရာအားလုံးကို လက်ခံနိုင်တဲ့သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…….
အဘပြောတဲ့ စစ်ဘုရင် ဆွန်ဇူးရဲ့ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို အရာရာကို ကြိုတင် ပြင်ဆင်ထားတတ်သူ
အဆင်သင့် ဖြစ်မှ လုပ်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ ဘုရားလောင်းဇာတ်တော်တွေဟာ
ကျွန်တော်တို့ကို အနစ်နာ ခံတတ်သူ ပေးဆပ်ရဲသူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောပြတဲ့ ဒုတိယကမ္ဘာစစ်က ဂျပန်သူရဲကောင်းတွေရဲ့ အကြောင်းအရာလေးတွေဟာဘဝ အဓိပ္ပါယ် ဘဝတန်ဖိုးကို နားလည်စေခဲ့ပါတယ်။

အဘ…..
အဘပြောပြတဲ့ မြန်မာမင်း (၁၅၁)ပါးရဲ့ ရာဇဝင် သမိုင်း ကံကြမ္မာတွေဟာ
ကျွန်တော်တို့ကို ယောက်ျားကောင်း ယောက်ျားမြတ်တွေကိုအားကျစေခဲ့ပါတယ်။

အဘ…….
အဘပြောပြတဲ့ မြန်မာ့ သမိုင်း ကမ္ဘာ့သမိုင်းတွေက
ကျွန်တော်တို့ကို “လူအ”တစ်ယောက် အဖြစ်ကနေ လွတ်မြောက်စေခဲ့ပါတယ်။

အဘ…..
အဘ ပြောပြတဲ့ သခင်အောင်ဆန်း ၊ဆရာစံ ။ ဂျိုဇေရီဇော်၊ မဟတ္တမဂန္ဓီတို့ရဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တို့ကို ကြက်သီး မွှေးညှင်းတွေ တဖွားဖွား ထလာစေခဲ့ပါတယ်။

အဘ……
အိပ်ယာဝင်တိုင်း အဘ ပြောပြတဲ့ ထွေလီကာလီ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို လူချစ်လူခင်များသူ ၊ အပေါင်းအသင်း ဆံ့သူ ၊ လူရာဝင်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ……
အဘ ပြောပြတဲ့ သရဲအကြောင်းလေးတွေဟာ လူတွေကို
ဘဝအမောတွေ ပြေပြီး ရယ်မော ပျော်ရွှင်မှု့တွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်။

အဘ……
အဘပြောပြတဲ့ “သဘာဝ”ဆိုတဲ့ အကြောင်းအရာလေးတွေဟာ
ကျွန်တော်တို့ကို သဘာဝကို နားလည်တတ်သူ သဘောပေါက်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောပြတဲ့ ဓမ္မပုံပြင်လေးတွေဟာ
ကျွန်တော်တို့ရဲ့ တွေဝေ မိန့်မော မှု့တွေကို ကင်းစင်စေခဲ့ပါတယ်။

အဘ….
အဘပြောတဲ့ ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်ရောက် ရှင်သန်နေရမယ် ဆိုတဲ့ စကားဟာကျွန်တော်တို့ရဲ့ စိတ်ဓါတ်ကျ အားငယ်နေမှု့ကို ကျေပြောက်စေခဲ့ပါတယ်။

အဘ……..
အဘပြောပြတဲ့ ခဲတံပုံပြင် ၊ နပိုလီယံ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို ဆုံးဖြတ်ချက် မြန်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ “အသက်ရှင်နေကြောင်း အလုပ်လုပ်ခြင်းနဲ့ သက်သေပြရမယ်ဆိုတဲ့
စကားဟာ ကျွန်တော်တို့ကို လူပျင်းဘဝကနေ လွတ်မြောက်စေခဲ့ပါတယ်။

အဘ…….
အဘပြောပြတဲ့ ဘိုးဘိုးအောင် နဲ့ ဘိုးတော် ဦးဝိုင်း ပုံပြင်ကလေးဟာ
ကျွန်တော်တို့ကို “ဩဇာ နဲ့ အာဏာ ” ကို ခွဲခြား သိမြင်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘ ပြောပြတဲ့ “ဂမ္ဘီရ နှလုံးသား” ဆိုတဲ့ အကြောင်းအရာလေးဟာ
(၁)နှစ်ကြာ သင်ယူ ဆည်းပူးရင်း မတတ်မြောက်နိုင်တဲ့၊ နားမလည်ခဲ့တဲ့
ဂမ္ဘီရယတြာပညာကို (၁)မိနစ် အတွင်းမှာပင် တတ်မြောက်စေခဲ့ပါတယ်။

အဘ……
ဘာမှ မပြောပဲ သင်ပေးခဲ့တဲ့ အရာတွေဟာလည်း
ဘယ်သူကိုမှ ပြန်ပြောလို့ မရနိုင်ဘဲ တတ်မြောက်ခဲ့ပါတယ်။

 

(အဘဆုံးပါးသွားတာ ၈လပိုင်း ၁ရက်နေ့ဆိုရင် လေးနှစ်တောင် ပြည့်ပါတော့မယ်။

မိုးရာသီ၏ မိုးရေတွေနဲ့အတူ သတိရလွမ်းဆွတ်စိတ်က

တားမရခဲ့ပါ။  ရောက်ရာနေရာ၊ ရောက်ရာအရပ်ကနေ

စိတ်မှာမှန်းဆ အမြဲတမ်းဦးချ ရှိခိုးလျက်ပါ…

တပည့်မိုက်အားလည်း ရောက်ရာအရပ်က စောင့်ရှောက်ပေးပါ… အဘရေ…)

 

10 comments

  • အရီး Khin Latt

    June 20, 2012 at 4:26 am

    မောင်စည်ရေ
    မောင်စည် ရဲ့ ဆရာကြီး ဆီမှာ ပညာဆည်းပူးပုံ အကြောင်းလေးတွေ ကို အသေးစိတ်ရေးပါဦး။
    အတော်လေး စိတ်ဝင်စားစရာပါဘဲ။
    အားပေးပါတယ်။

    စကားမစပ်- မိုးကပါလာပြန်ပြီ။
    ဖားသံ ကြား ရဦးတော့မယ်။
    အခန့်မသင့်ရင်လဲ ကြောင် အော်သံပါ အဆစ်။ 😀

    Reply

  • ကြောင်ကြီး

    June 20, 2012 at 7:35 am

    အဘ အဘ
    ကျနော်တ
    ရှိခိုးဦးချ
    စိတ်ဝယ်သ၊
    မကြာခဏ
    သတိရ
    ကျေးဇူးရှင်ကြီး
    မင်းသိင်္ခ..။
    ကစည်သွပ်ရေ သူတထူးကျေးဇူး (အထူးသဖြင့် ခင်ပွန်းကြီးဆယ်ပါးကျေးဇူးကို) မမေ့မလျော့ ရှိတတ်ခြင်းဟာ ကောင်းမြတ်သော မင်္ဂလာတပါးဖြစ်လို့ သာဓု သုံးကြိမ်ခေါ်လိုက်ပါတယ်။ အဘနဲ့တွေ့ရင်ပြောပေးပါ အဘစာတွေဖတ်ပီး ကြောင်တကောင်ကဲ့သို့ ပေါ့ပါးသွက်လက်တဲ့ကိုယ်၊ စူးရှထက်မြက်တဲ့အာရုံများနဲ့ အခွင့်အလမ်းကောင်းများကို ရှာဖွေဖေါ်ထုတ်ပြီး အပေါ်ရောက်အောင် လျင်လျင်မြန်မြန်ခုန်တက်၊ အောက်ကျတဲ့အခါ မနာတတ်အောင် ကြိုးစားအားထုတ်နေပါကြောင်း…။

    Reply

  • MaMa

    June 20, 2012 at 7:47 am

    ကိုရင်ရေးပြလိုက်မှပဲ ဘဝတစ်ခု ထူထူထောင်ထောင်ဖြစ်အောင် စိတ်ဓာတ်ခွန်အား အသိဉာဏ်ပညာတွေပေးတဲ့ အဘ ဆီမှာ တပည့်မဖြစ်ခဲ့လိုက်ရတာကို နှမျောတသတောင် ဖြစ်မိတယ်။
    ဆရာကောင်းတပည့် ပန်းကောင်းပန်လို့ ဆိုရိုးရှိတယ် မဟုတ်လား 🙂

    Reply

  • ဆရာမင်းသိင်္ခကို လူချင်းမတွေ့ဘူးသလို ဆရာကြီးရဲ့ဗေဒင်ပညာနဲ့ကျနော်မထိတွေ့ဘူးပါဘူး။
    ဆရာမင်းသိင်္ခရဲ့စာရေးသားခြင်းအတတ်ပညာကိုတော့ ကျနော်လေးစားပြီးအတုယူခဲ့ဘူးပါတယ်။
    သူအရေးအသားက ဖတ်မိရင်လက်ကမချနို်င်လောက်အောင်ကောင်းပါတယ်။
    ဆရာကြီးက ကျနော်ကိုသွယ်ဝိုက်သောနည်းနဲ့လက်ဖက်ရည်တိုက်ဘူးပါတယ်။
    မနုစာရီ မှာ သူငယ်ခြင်းတွေနဲ့ကျနော်ငြင်းကြတာ ကျနော်နိုင်လို့ပေါ့။
    ကဲ ကိုရင်စည်သူ ဘာအကြောင်းကို အခြေခံပြီး ငြင်းမယ်ထင်ပါသလဲ။
    ခန့်မှန်းစမ်းပါအုံးဗျာ။…………………………..

    Reply

    • ကိုရင်စည်သူ

      June 21, 2012 at 2:24 pm

      ငြင်းပါဘူး.. ငြင်းပါဘူး.. ဦးပေါက်ရယ်…
      အဘက ဦးပေါက်ကို သွယ်ဝိုက်တဲ့ နည်းနဲ့ လက်ဖက်ရည် တိုက်ဖူးတော့
      တားတားကိုလည်း မန်းလေးရောက်ရင်
      တည့်တည့်ကြီး လက်ဖက်ရည်သောက်ရင် ကျေနပ်ပါပီနော့… 😀 😀

      Reply

  • Thel Nu Aye

    June 20, 2012 at 9:59 am

    ဆရာကောင်းတပည့်ပန်းကောင်းပန်ဆိုတာပါပဲ။ အဲဒါကြောင့်လဲ ကိုရင်စည်သူရဲ့ပညာထူးခြားပါတယ်လို့ ထင်နေ တာ။

    Reply

  • ko khin kha

    June 20, 2012 at 10:28 am

    မှော်ဘီ မရမ်းသလင်းကမင်းသိင်္ခခြံကို ၅ခေါက်လောက်ရောက်ဖူးပြီး ဆရာကြီးမင်းသိင်္ခနဲ့ ၅ကြိမ်လောက် ဆုံခဲ့ပါတယ်၊ ဆရာကြီးက စာအရေးကောင်းသလို အပြောအဟောနဲ့ စကားပြောလည်းကောင်းပါဗျာ။

    Reply

  • ahnyartamar

    June 20, 2012 at 11:36 am

    ကျတော့သမီးရဲ့ နာမည်ကတော့ ဆရာကြီးမင်းသိင်္ခရဲ့ တပည့်တယောက် နေ့နံရွှေးပေထားတဲ့ နာမည်ပါ။

    Reply

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 12:16 pm

    တိုရင်လဲ အဘခြေရာ နင်းနိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါစေဗျား..

    Reply

  • may flowers

    June 20, 2012 at 12:43 pm

    မှော်ဘီ မရမ်းသလင်းကမင်းသိင်္ခခြံကိုတစ်ခေါက်ရောက်ဖူးတယ် အဲမှာကျွေးတဲ့

    ထမင်းစားရတာနည်းလို့လားသိဘူး အရမ်းကောင်းတာပဲ………။

    Reply

Leave a Reply

Your email address will not be published.