ပြင်သစ်ခြေရာလိုက်ကောက်တဲ့ အီတလီ….

khinmintatthuJune 24, 20101min01

တောင်အာဖရိကမှာ ကျင်းပနေတဲ့ ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအေတွင် ပြင်သစ်အသင်းသည်  ၃ ပွဲကစား၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးဖြင့် ရမှတ် ၁ မှတ်သာ ရရှိပြီး အုပ်စုတွင်းမှ စောစီးစွာထွက်ခွာသွားခဲ့ရ သည်။ ပြင်သစ်၏နောက်သို့ ထပ်မံလိုက်ပါလာတဲ့အသင်းကတော့ ၂၀၀၆ ချန်ပီယံ အီတလီ အသင်းပင်ဖြစ်သည်။ အီတလီအသင်းသည် ဇွန်လ ၁၄ ရက်နေ့က ကိပ်တောင်းမြို့၊ ကိပ်တောင်း အားကစားကွင်းတွင် ကစားသွားခဲ့သော ကမာ္ဘ့ဖလားအုပ်စု (F) ပွဲစဉ်တွင် လက်ရှိချန်ပီယံ အီတလီ အသင်းသည် ပါရာဂွေးအသင်းနှင့် (၁-၁)ဂိုး သရေကျ သွားခဲ့သည်။ အီတလီ အသင်းသည် ပါရာဂွေးအား ကစားကွက်နှင့် ဘောလုံး ပိုင်ဆိုင်မှု အသာရ ခဲ့သော်လည်း အဆုံးသတ်ပိုင်း သေချာမှု မရှိခဲ့သဖြင့် ရလဒ်မကောင်း ခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲတွင် မိုးများလည်း ရွာသွန်း နေခဲ့သဖြင့် ကစားသမားများ ကစားရ ပိုမို ခက်ခဲခဲ့ သည်ကိုလည်း တွေ့ရသည်။ ဘောလုံး ပိုင်ဆိုင်မှု ဆက်တိုက် အသာစီး ရထားသည့် အီတလီ အသင်းသည် ကန်သွင်းမှုများ ပြုလုပ်ခဲ့ သော်လည်း ဂိုးသမား ကာကွယ်ခဲ့ ရသည်။

၃ရ မိနစ်တွင် ပါရာဂွေးအသင်း ရရှိသော ပြစ်ဒဏ်ဘော မှတဆင့် တောရက်စ် တင်ပေးလိုက် သည်ကို အယ်ကာရက်ဇ် ခေါင်းတိုက်ကာ ပါရာဂွေးတို့ ဦးဆောင်ဂိုး ရသွားခဲ့သည်။ ဂိုးပေး လိုက်ရသဖြင့် အီတလီတို့ သွေးရူးသွေးတန်း တိုက်စစ်ဆင် လာမှုကိုလည်း ပါရာဂွေး နောက်တန်းက တည်ငြိမ်စွာ ရှင်းထုတ် နိုင်ခဲ့သဖြင့် (၁-၀)ဂိုးဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် အီတလီ ဂိုးသမား ဘူဖွန် ဒဏ်ရာရ သွားသဖြင့် မာချက်တီနှင့် လူစား လဲခဲ့ရသည်။ ပါရာဂွေး အသင်းသည် အီတလီ တိုက်စစ်ကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန် ဖျက်ထုတ်ခဲ့ သဖြင့် ပြစ်ဒဏ်ဘောများ အများအပြား ပေးခဲ့ရသည် ကိုလည်း တွေ့ရသည်။ ပါရာဂွေး တိုက်စစ်မှူး များသည် တန်ပြန် တိုက်စစ်မှ တဆင့် အီတလီ နောက်တန်းကို တစ်ချက် တစ်ချက် ဒုက္ခပေးခဲ့ပြီး အင်းနရစ် ဗီရာ ဂိုးသွင်းခွင့် ၂ ကြိမ်ခန့် ဆက်တိုက် ရခဲ့သည်။

၅၆မိနစ်တွင် အီတလီ၏ မွန်တိုလီဗို ဧရိယာ အပြင်ဘက်မှ ကန်ချက်အား ဂိုးသမား ကာကွယ် ခဲ့ရသည်။ အီတလီ အသင်းဘက်မှ ဝါရင့် ကစားသမားကြီး ကာမိုရာနီစီကို ထည့်သွင်း၍ ကစားစေ ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်တွင် ပါရာဂွေး ကစားသမား ကာဆာရက်ဇ် အဖျက်ကြမ်း သဖြင့် အဝါကဒ် ပြခံ ခဲ့ရသည်။ ဆက်တိုက် ဆိုသလိုပင် ပွဲချိန် ၆၃ မိနစ်၌ ပီပီ ကန်တင်ပေးသည့် ထောင့်ကန်ဘောကို ဒီရော့ဆီက ဂိုးအဖြစ် ဖန်တီးကာ အီတလီတို့ ချေပဂိုး ပြန်ရစေ ခဲ့သည်။ ထို့နောက်တွင် ပါရာဂွေး အသင်းသည် ခံစစ်တွင် ထိုင်ကစားကာ အီတလီ အသင်းထံမှ သရေ တစ်မှတ်ခွဲယူ နိုင်ခဲ့သည်။

ဒုတိယပွဲအဖြစ် နယူးဇီလန်အသင်းနှင့် ဒုတိယမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း နယူးဇီလန်အသင်း၏ လျင်လျင်မြန်မြန်ကစားမှုကြောင့် အီတလီအသင်း ကစားကွက်တည်မရနိုင်ခဲ့ပဲ တစ်ချက်တစ်ချက်မှသာ ထိုးဖောက်လာနိုင်ခဲ့သည်။ အီတလီအသင်းသည်လည်း နယူးဇီလန်နှင့်ပွဲတွင် တစ်ဖက် ၁ ဂိုးစီသရေထပ်မံကျခဲ့မှုကြောင့် အုပ်စုတက်ရေးအတွက် နောက်ဆုံးပွဲစဉ်ကို အနိုင်ကစားနိုင်မှသာ တက်လှမ်းနိုင်မှု အခွင့်အလမ်း နည်းပါးသွားခဲ့သည်။

တတိယပွဲစဉ်အဖြစ်ကိုတော့  လက်ရှိ ချန်ပီယံ အီတလီ အသင်းသည် အသင်းငယ် တစ်သင်းဖြစ်သည့် ဆလိုဗက်ကီးယား အသင်းအား ၃-၂ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွါခဲ့ရပြီ ဖြစ်သည်။ ထိုရလဒ်သည် ဆလိုဗက်ကီးယား အသင်း အတွက် ကမာ္ဘ့ဖလား နောက်ဆုံး အဆင့်ပြိုင်ပွဲများတွင် အီတလီ အသင်းအပေါ် ပထမဆုံး နိုင်ပွဲ ဖြစ်လာခဲ့ပြီး အုပ်စု (F) ၏ ဒုတိယ အသင်း အနေဖြင့် ပါရာဂွေး အသင်းနှင့် အတူ ရှုံးထွက် အဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ အီတလီ အသင်းမှာမူ ၂၀၀၂ ခုနှစ်က လက်ရှိ ချန်ပီယံ ပြင်သစ်တို့ အုပ်စုမှ ထွက်ခွါခဲ့ပြီး နောက်ပိုင်း အုပ်စုမှ စောစီးစွာ ထွက်ခွါရသည့် ချန်ပီယံ အသင်း ဖြစ်လာခဲ့သည်။ ထို့ပြင် ကမာ္ဘ့ဖလား သမိုင်း တစ်လျှောက် ချန်ပီယံ အသင်း အနေဖြင့် အုပ်စုမှ ၂ကြိမ် ထွက်ခွါရသည့် တစ်သင်းတည်းသော အသင်းလည်း ဖြစ်လာခဲ့ကာ ၁၉၆၆ ခုနှစ်က လက်ရှိ ချန်ပီယံ ဘရာဇီးလ်မှာလည်း ပြိုင်ပွဲမှ ထွက်ခွါခဲ့ရဖူးသည်။

One comment

  • kokogyi

    June 25, 2010 at 7:10 am

    ဆောင်းးပါးရေးတဲ့ သူ ရေးတာ အမှားတွေချည်းပဲ admin ကလူတွေလဲ ဒီလို့ သတင်းအမှားတွေ ရေးတာ သေချာစိစစ် ပြီးမှ တင်ပေးသင့်ပါတယ်… ကောင်းစေချင်လို့ပြောတာပါ ဖတ်ရတဲ့ လူတွေ အချိန်ကုန် စိတ်အနှောင့်ယှက်မဖြစ်အောင်လို့ပါ 😛

    Reply

Leave a Reply to kokogyi Cancel Reply

Your email address will not be published.