agri & Myanmar

ShwemannmayJune 22, 20101min01

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်လုပ်ကိုင်နေရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး၏ ပြောကြားချက်အရ သတင်း ရရှိပါသည်။

“ဒီနှစ် ရာသီဥတုပြောင်းလဲမှုတွေ ကြုံရတာကို အားလုံးသိပါတယ်။ဒီပြောင်းလဲမှုတွေကို အန်တုပြီး ရအောင်ဆောင်ရွက်ရတယ်။ လယ်သမားတွေနဲ့ နယ်မြေအလိုက် တာဝန်ရှိသူတွေရဲ့ ကြိုးပမ်းမှုကြောင့် ပြည်တွင်းဆန်ဖူလုံပြီး ကမ္ဘာ့စားနပ်ရိက္ခာအတွက်လည်း တင်ပို့နိုင်ခဲ့ပါတယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဌေးဦးက လှည်းကူးမြို့နယ်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် လူဦးရေ၏ ရာခိုင်နှုန်းအများစု မှီခိုနေရသော လုပ်ငန်းတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနိုင်ငံလည်း ဖြစ်ကြောင်း၊ နိုင်ငံ ဂျီဒီပီ၏ ၄ဝ ရာခိုင်နှုန်းဝန်းကျင်မှာ စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိကြောင်း သိရှိရသည်။

စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုပေါ်တွင် အခြေပြုလုပ်ကိုင်ရပြီး ရာသီဥတုပြောင်းလဲမှု သိသာလာသည့် ၂၀၀၉ ခုနှစ်နှင့် ယခု ၂၀၁ဝ ပြည့်နှစ်တို့တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်များလည်း ရှိသည်ဟု တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှာ ပူပြင်းခြောက်သွေ့သော၊ မိုးနည်းပါးသော အယ်လ်နီညိုနှစ်တစ်နှစ် ဖြစ်ခဲ့ခြင်းကြောင့် အချို့သောဒေသများတွင် စိုက်ပျိုးရေအတွက် ခက်ခဲမှုများ ရှိခဲ့သည်။ ၂၀၁ဝ ပြည့်နှစ်တွင်မူ ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီတိုင်းကဲ့သို့ အဓိက စပါးစိုက်ပျိုးရာဒေသ၌ ကာလရှည်ကြာ မိုးမရရှိခဲ့သည့် ဖြစ်ရပ်ရှိခဲ့ပြီး လယ်ယာလုပ်ငန်းဝင်ရန် နောက်ကျသည့် ဒေသအချို့ရှိခဲ့သည်ဟု သိရှိရသည်။

မေလလယ် ကျော်သည့်အခါတွင် မိုးရွာသွန်းမှုများရှိလာပြီး စိုက်ပျိုးရေးလုပ်ငန်းများ အစပြုလာကာ တောင်သူလယ်သမားများအနေဖြင့် မိုးရေချိန်ပုံမှန်ရှိမှုကို မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

“ဒီနှစ်လောက် မိုးနောက်ကျတာ တစ်နှစ်မှ မကြုံဖူးဘူး။ လယ်ယာလုပ်ငန်းခွင်ဝင်တာ နောက်ကျတယ်။ အခုမှ ထွန်ရေးပြီးတဲ့သူတွေ လည်းရှိတယ်။ အရင်နှစ်တွေကတော့ ဒီအချိန်ဆို စိုက်ပြီးနေကြပြီ။ ဒီနှစ်တော့ မိုးပုံမှန်ရမှဖြစ်မယ်။ စိုက် ရတာ နောက်ကျခဲ့တော့ မိုးသာမမှန်ရင်ခက်မယ်။ သက်တမ်းတိုမျိုး စပါးပြောင်းစိုက်တာတွေတော့ မရှိဘူး။ ပုံမှန်စိုက်နေကျ မျိုးစပါးပဲ စိုက်ကြတာပါ”ဟု လှည်းကူးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါသည်။

ယခုနှစ် မုတ်သုံဝင်ရောက်မှုသည် ပုံမှန်နှစ်များထက် နောက်ကျခဲ့ပြီး မေလ ဒုတိယ ၁ဝ ရက်ပတ်ရောက်မှ ဝင်ရောက်ခဲ့ကာ လက်ရှိတွင် မိုးဦးရာသီကို ဖြတ်သန်းလျက်ရှိသည်။ မိုးဦးရာသီတွင် ပုံမှန်မိုးရွာသွန်းမှုကို ကြုံတွေ့နေရသည်ဟု ဆိုနိုင်ပြီး ရံဖန်ရံခါ မိုးပြတ်လပ်မှုများလည်း ရှိသည်ဟု သိရှိရသည်။

မိုးရွာသွန်းမှု၌ သင့်တင့်သော မိုးရေချိန်ဖြင့် ရက်ပုံမှန်ရွာသွန်းခြင်းသည်သာ စိုက်ပျိုးရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် အဓိကသီးနှံဖြစ်သော ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် ၂၀၀၉-၂၀၁ဝ ဘဏ္ဍာရေးနှစ်၌ မိုးစပါး၊ နွေစပါး စုစုပေါင်း ၁၉.၉၉ သန်း စိုက်ပျိုးနိုင်ခဲ့ပြီး စပါးတင်းပေါင်း ၁၅၇ရ သန်းကို ထုတ်လုပ်နိုင်ခဲ့သည်။

credit eleven media

One comment

  • yannaingech

    June 22, 2010 at 11:39 am

    ဧက သန်း ၂ဝလောက်စိုက်တာ တင်း သန်း ၁၆၀ဝ လောက်ပဲရတယ်ဆိုတော့ တစ်ဧကမှ တင်း ၈ဝ လောက်ပဲထွက်တဲ့သဘောပေါ့။ တစ်ဆိတ် နည်းမနေဘူးလား…

    Reply

Leave a Reply to yannaingech Cancel Reply

Your email address will not be published.