မီးစက်ကြီးတွေ….

yannaingechMay 25, 20121min010

ဖယောင်းတိုင်သမားတို့ အစွမ်းကြောင့် ဧရာမမီးစက်ကြီးများ ရပ်ကွက်ထဲရောက်လာကြပါသည်။ တီအီးကားပေါ်တွင် မီးစက်ကြီးကို အထိုင်ချကာ ရပ်ကွက်အလယ်က ထရန်စဖေါ်မာနား မောင်းယူလာသည်။ ကားမှရပ်မယ်မကြံသေး၊ ယူနီဖောင်းဝတ် သုံးဦးလောက်က ကားဘေးမှာ ရပ်ပြီး မိန့်မိန့်ကြီးပြုံးကာ၊ ရုပ်သံသမားများကလည်း ကင်မရာများ ရမ်းကာ ရမ်းကာနှင့်။ ခဏကြာတော့ အားလုံး ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားပြီး ကားကြီးနှင့် မီးစက်ကြီးသာ ကျန်ခဲ့တော့သည်။

မနက်မိုးလင်းကတည်းက ရပ်ထားသည့်ကားကြီးနှင့် မီးစက်ကြီးမှာ တစ်နေကုန် တုတ်တုတ်မျှ မလှုပ်။ ညနေစောင်း ရောက်မှ ယူနီဖောင်းဝတ်များ ပြာပြာ၊ ပြာပြာနှင့် ရောက်လာကြကာ ဟိုကြိုးဆွဲ၊ ဒီကြိုးဆက် နှင့် အလုပ်တွေ များနေလိုက်ကြသည်မှာ အုန်းအုန်းကိုထနေပါရောလား။ ဒီလိုနှင့်ညနေ (၅) နာရီလည်း ထိုးရော ဗြုန်းဆို……. မီးပျက်သွားပါလေရော။ မီးကြိုးချိတ်နေကြသည့် ဆရာသမားများက မပြီးကြ သေးပါ။ တစ်နေကုန် ဆက်မရသည့် မီးကြိုးများမှာ ညနေ (၇)နာရီ မှ ဆက်လို့ပြီးသွားပါသည်။ အို…. ဘာဖြစ်သေးတုန်။ ဘယ်အချိန်ပြီးပြီး၊ ပြီးရင် ပြီးတာပဲဟာ…။

မီးကြိုးကလည်းဆက်လို့ပြီးသွားပြီ။ တီဗွီကလည်း ရိုက်လိုက်မိပြီဆိုမှတော့ မီးစက်က မောင်းပြရပေတော့မည်။ ပြဿနာကခုမှ စတော့သည်။ ဧရာမမီးစက်ကြီးသည် ဧရာမအသံကြီး မြည်ပါသည်။ အချိန်က အများပြည်သူ အနားယူရတော့မည့်အချိန်။ နေရာက ရပ်ကွက်အလည်က ထရန်စဖေါ်မာ။ သို့သော်…ဘယ်သူက ဘာတတ်နိုင်ဦးမည်နည်း။ ကီလိုဝပ် ရာပေါင်းများစွာ ထွက်သည့် ဂျင်နရေတာများကို ဧရာမအင်ဂျင်ကြီးများက အသံနက်ကြီးများဖြင့် ရုန်းကန်လည်ပတ်ရင်း ရပ်ကွက်အလည်တွင် ညဦးလင်းရောင်ခြည်များ ထုတ်လွှတ်ပေးနေပါသည်။

ပြဿနာသည် အများအားဖြင့် အဖေါ်ပါမှ လာတတ်ပါသည်။ ကီလိုဝပ်နှစ်ရာထွက်သည့် မီးစက်ကြီးက ငါးရာကီလိုဝပ် ထရန်စဖေါ်မာထိုင်ထားသည့် ရပ်ကွက်ကို လုံလောက်အောင် မီးမပေးနိုင်ပါ။ သို့နှင့် ရပ်ကွက်ကို သုံးပိုင်း ပိုင်းလိုက်သည်၊ မီးပေးချိန် (၆)နာရီကိုလည်း သုံးပိုင်း ပိုင်းလိုက်သည်။ ရပ်ကွက်တစ်ပိုင်းလျှင် နှစ်နာရီနှုန်းနှင့် ခြောက်နာရီအကြာတွင် ဤရပ်ကွက်ကို မီးစက်ဖြင့်မီးပေးပြီးသည့် စာရင်းတစ်ရပ် ပြည့်မီအောင် ဖြည့်ဆီးပြီး ဖြစ်သွားပါတော့သည်။

မီးပြက်သည့်ဒဏ်ကို မခံနိုင်သဖြင့် ဖယောင်းတိုင်ထွန်း တောင်းဆိုကြသည်။ ထို့ကြောင့် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ မီးစက်ကြီးများ ဝယ်လိုက်ကြသည်။ ကားပေါ်တင်ကာ ရပ်ကွက်တွေထဲလိုက် မီးပေးသည်။ သို့သော် ကြောက်မတ်ဖွယ် တော်လဲသံကြီးနှင့်၊ ဝန်နှင့်အား မမျှမှုက နောက်ဆက်တွဲ ပြဿနာများအဖြစ် ပေါ်လာကြသည်။ ရပ်ကွက်ထဲကလူအများမှာ တော်လဲသံကြီးကြား အိမ်နီးနားချင်းများ တီဗွီကြည့်နေကြသည်ကို အမှောင်ထဲက ထိုင်ငေးရင်း ပီတိတွေများတောင်ဖြာနေကြမလားမသိ။ ဪ…. တို့အစိုးရက တို့ကိုဂရုစိုက်လိုက်ပုံများတော့….မြေဆိုမြေ၊ မီးဆိုမီး၊ ရေဆိုရေ……..

10 comments

  • Khin Kha

    May 25, 2012 at 3:47 pm

    ရပ်ကွက်စုံအောင် ရုပ်သံရိုက် သတင်းစာထဲထဲ့ပြီးရင်
    နောက်တစ်မြို့ပို့ပြီး အခုလိုဘဲ ရုပ်သံရိုက် သတင်းထဲ့အုံးမှာလေ။
    ဒါမျိုးသူတို့ လုပ်နေကြပါ။

    Reply

  • ahnyartamar

    May 25, 2012 at 4:10 pm

    တက်သုတ်ရိုက် အစီအစဉ်တွေက အလုပ်ဖြစ်မယ်မထင်ဘူး၊ ကျတော်တို့စက်ရုံတစ်ရုံထဲလည်ပတ်ဖို့တောင် 625 ကေဗွီအေ Generator 2 လုံး ထားပြီး အလှည့်ကျ မောင်းရတယ်။ ဒီ 500 ကေဗွီအေ၊ 300 ကေဗွီအေတွေက မြို့ကိုမီးပေးဖို့ဆိုတာ ဟာသပဲ၊ 10 ဒါမှမဟုတ် 20 မဂ္ဂါဝပ်လောက်ဆို လူကြားလို့ကောင်းပါရဲ့….

    Reply

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 25, 2012 at 4:21 pm

    ဒီလိုလုပ်ပေးတာပဲကျေးဇူးတင်ပါတယ် … ဟိုလူကြီးလက်ထက်ကဆိုရင် ဒီလိုလုပ်ပေးဖို့ ဝေးသေး … သွားတောင်းဆိုပြန်ရင်လဲ စွမ်းအားရှင်နဲ့တွေ့သွားမယ် …

    Reply

  • ကိုရင်မောင်

    May 25, 2012 at 5:12 pm

    ခုလိုဂရုစိုက်ဖေါ်ရလာတာဘဲ
    တော်လှပြီ…
    အော်….ဖရောင်းတိုင်အစွမ်းပါတကား….

    Reply

  • yawai

    May 25, 2012 at 6:47 pm

    အောက်ခြေဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူပေးရမယ်လို့ ကျွန်တော်မြင်တယ်။ အထက်က ခိုင်းရင် အပေါ်ယံကြောလေးပဲ လုပ်ကြတယ် သူတို့ အကျင့်ကို ပြင်ပေးနိုင်မှ တော်ရာကြမယ်။ ကျွန်တော် အပေါ်ဖား အောက်ဖိနဲ့ နေလာခဲ့ကြတယ် ဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်အောင် ထောက်ပြရမယ် တိုင်ကြားရမယ်။ ဒါဟာ တိုင်းပြည်တာဝန်သိတဲ့ ပြည်သူတစ်ယောက်ရဲ့ လုပ်ရမယ့် ကိစ္စပဲ။

    Reply

  • windtalker

    May 25, 2012 at 7:47 pm

    အစမို ့၊ အဆင်မပြေမှုတွေ ရှိနေတယ်လို ့ဘဲ မှတ်ယူလိုက်ပါတယ် ဗျား

    Reply

  • htoosan

    May 25, 2012 at 9:54 pm

    ဘယ်သူ့ အိတ်ထဲ မီးစက်ဘိုး ဘယ်လောက်ရောက်သွားပါလိမ့် .. ထွန်းထားကွ ဖယောင်းတိုင်တွေများများ ..

    ပြီး … မကြာမီလာမည် မျှော် ..
    ှဆီ မရှိတော့လို့ .. တစ်အိမ် ငါးရာလောက်…
    ဒိုင်နမိုရေဝင်သွားလို့ တစ်အိမ် တစ်ထောင် ..
    စက်ကဒ် က ကြိုးတွေ ကြွက်ဝင်ကိုက်သွားလို့ ပစ္စည်းမှာထားတယ် …

    Reply

  • yannaingech

    June 1, 2012 at 8:38 am

    အဲဒီမီးစက်ကြီးကို တစ်ရက်တည်း မောင်းပြပြီး နောက်နှစ်ရက်လောက်ကြာတော့ လာရွှေ့သွားလိုက်တာ ဒီကနေ့ (1.6.2012) အထိ အစအနတောင် မတွေ့ရတော့ ပါကြောင်း…

    Reply

Leave a Reply to htoosan Cancel Reply

Your email address will not be published.