တရုတ် ဂျက်လေယာဉ် အစီး ၅ဝ ဝယ်ယူပြီးဘာလုပ်မလဲ

guestktyJune 17, 20101min04

စစ်အစိုးရက လေတပ်မတော်ကို အင်အား ဖြည့်တင်းရန် K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅ဝ ကို တရုတ်နိုင်ငံမှ ဝယ်ယူ လိုက်ကြောင်း မိတ္ထီလာ လေတပ် စခန်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

[သီရိလင်္ကာ လေတပ်မှ K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်များ (Source:www.armybase.us)]

“လေယာဉ် အစိတ်အပိုင်း တွေကို တရုတ်ကနေ ကုန်တင် သင်္ဘောနဲ့ သယ်ပြီး မိတ္ထီလာ လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးမှာ တပ်ဆင်နေပြီ” ဟု စစ်တပ် အသိုင်း အဝိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလတွင် လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း တရုတ် နိုင်ငံသို့ အလည်အပတ် သွားရောက် ပြီးနောက် ယင်းသို့ ဂျက်လေယာဉ် ဝယ်ယူမှု ပေါ်ထွက် လာခြင်း ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် မြန်မာက ဝယ်ယူ ထားပြီးသော တရုတ်နိုင်ငံလုပ် စစ်လေယာဉ်များ အဆင့်မြှင့်ရေးကို ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်းလည်း သိရသည်။

“K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်တွေကို ဝယ်ရတဲ့ အကြောင်းရင်း ၂ ချက်ကတော့ လေ့ကျင့် သင်တန်းပေးဖို့နဲ့ စစ်ဆင်ရေးမှာ အသုံးပြုဖို့ပါပဲ” ဟု အဆိုပါ နီးစပ်သူက ဆက်လက်ပြောပြသည်။

တရုတ်နှင့် ပါကစ္စတန်တို့ ပူးပေါင်း တီထွင်သော K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်ကို K-8 ကာရာကိုရွန် သို့မဟုတ် ဟွန်ဒူ
JL-8 ဟုလည်း ခေါ်ကြသည်။ K-8 ဂျက်လေယာဉ်တွင် တိုက်ချင်းပစ် ဒုံးကျည်နှင့် အခြားဒုံးကျည်များလည်း တပ်ဆင်နိုင်သည်။

၁၉၉၈ နှင့် ၁၉၉၉ တွင်လည်း စစ်အစိုးရသည် တရုတ်မှ K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် ၁၂ စီး ဝယ်ယူခဲ့ပြီး ယခုအခါ တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင် ထားရှိသည်။

စစ်အစိုးရသည် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ဒေါ်လာသန်း ၅၇ဝ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် အစီး၂ဝ ကို ရုရှားမှ ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သေးသည်။

“MiG-29 ဂျက် တိုက်လေယာဉ် အစိတ်အပိုင်းတွေကို ဇူလိုင်နဲ့ စက်တင်ဘာလတို့မှာ ကုန်တင်သင်္ဘောနဲ့ရော လေယာဉ်နဲ့ပါ သယ်ယူမှာ ဖြစ်ပါတယ်” ဟု လေတပ်မှ အဆင့်မြင့် အရာရှိတဦးနှင့် နီးစပ်သူက ပြောသည်။ ထို MiG-29 အစီး ၂ဝ ကိုလည်း မိတ္ထီလာလေတပ်စခန်းတွင်ပင် တပ်ဆင်မည်ဟု သိရသည်။

မင်္ဂလာဒုံရှိ လေယာဉ် အဓိက ထိန်းသိမ်းရေး စခန်းကြီးဖြစ်သော လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကိုလည်း မိတ္ထီလာမြို့နယ်၊ ရှမ်းတဲရှိ လေကြောင်း အတတ်သင် ဌာနချုပ် အနီး ညောင်ကုန်းသို့ ဇန်နဝါရီလ အတွင်းက ရွှေ့ပြောင်း နေရာချထားခဲ့သည်။

စစ်အစိုးရသည် စစ်ဆင်ရေး စွမ်းရည် တိုးမြှင့်ရန်အတွက် ပုသိမ်နှင့် ဟုမ္မလင်းရှိ လေတပ်စခန်း ဌာနချုပ်များ အပါအဝင် လေတပ် ဌာနချုပ်များ၌ လေတပ်သုံး စစ်လက်နက်နှင့် လေယာဉ်များကို တိုးချဲ့လျက်ရှိကြောင်း ရန်ကုန်ရှိ စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။

ပြီးခဲ့သည့်မေလ နောက်ဆုံးပတ်အတွင်း ကျင်းပသော စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်းအဝေး (လေးလပတ် အစည်းအဝေး) တွင် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိသော စစ်ရေးဘတ်ဂျက် အများအပြား ချပေးလိုက်ကြောင်း စစ်တပ် အသိုင်း အဝိုင်းက ပြောသည်။

၁၉၈၈ မှစ၍ စစ်အစိုးရသည် တရုတ်၊ ရုရှား၊ ယူဂိုဆလားဗီးယားနှင့် ပိုလန်တို့မှ လေ့ကျင့်ရေးနှင့် တိုက်လေယာဉ် အစီး ၂၈ဝ ဝယ်ယူခဲ့ပြီးဖြစ်သည်။

ပုသိမ်၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ မြိတ်၊ နမ့်စန်၊ တောင်ငူ၊ မိတ္ထီလာ (ရှမ်းတဲ)၊ မိတ္ထီလာ (မြေပြင် အတတ်သင်)၊ မကွေးနှင့် ဟုမ္မလင်းတို့တွင် အခြေစိုက်ထားသော လေတပ်စခန်း ဌာနချုပ် စုစုပေါင်း ၁ဝ ခုရှိသည်။

4 comments

  • cobra

    June 17, 2010 at 3:11 pm

    အင်း….သူတို့စုနေကြပြီ။ဖြစ်တော့ဖြစ်တော့မယ်ဘာလဲတော့မသိဘူး။ကျွန်တော်ထင်တာတော့နာဂစ်တုန်းကအလှူငွေတွေမကုန်သေးဘူးနဲ့တူတယ်။

    Reply

  • ghost

    June 17, 2010 at 4:46 pm

    သူတို ့ သိပ်ကြောက်နေရှာ တယ် သနားပါတယ်
    သိပ်မခြောက်ပါနဲ ဂျင်ဂလိ ရယ်

    Reply

  • snow

    June 18, 2010 at 2:52 am

    မေးရအုံးမယ် mandalay gazette ရေ commit တခါရေး 50 ဆိုတာဘာတုန်း တကယ်ရောရလို့လား
    ရရမရရ ရေးမှာပဲ

    ငါလဲ အဲ 50 စုပြီး ဂျက်လေယဉ်ဝယ်မယ်
    september အရေးအခင်းလိုပြန်ဖြစ်ရင်ထွက်ပြေးလို့ရတာပေါ့..:P

    Reply

  • chitsayar

    June 26, 2010 at 9:14 pm

    နွေရာသီကျောင်းပိတ်ရက်မှာရောင်းဖို ့လေ

    Reply

Leave a Reply to ghost Cancel Reply

Your email address will not be published.