သူများပျော်လို့ မပျော်နိုင် … အာဖဂန်တွေမှိုင်

yannaingechJune 14, 20101min01
ရိုက်တာသတင်းတစ်ပုဒ်ကိုဖတ်ပြီး အတွေးပွားစရာလေးတွေ ပေါ်လာလို့ ဝေမျှချင်စိတ်ပေါက်လာပါတယ်။ အာဖဂန်နစ္စတန်မှာ လစ်သီယံအပါအဝင် မတူးဖေါ်ရသေးတဲ့သတ္တုရိုင်းများ ဒေါ်လာ ၁ထရီလီယံတန်ဖိုးခန့် တည်ရှိနိုင်တယ်လို့ နယူယော့တိုင်းမ်ကဆိုပါတယ်။ ၁ ထရီလီယံဆိုတာ ဘီလီယံတစ်ထောင် (သန်းပေါင်းတစ်သန်း)ဖြစ်ပါတယ်။ အရင်ကမတွေ့သေးတဲ့ သံ၊ ကြေး၊ ကိုဘော့ နှင့် ရွှေအပါအဝင် သတ္တုရိုင်းပမာဏမှာ အလွန်စွာများပြားတဲ့အတွက် ဆင်းရဲမွဲတေနေတဲ့ အာဖဂန်ကို ကမ္ဘာက အားထားရတဲ့ သတ္တုတွင်းနိုင်ငံတစ်ခုအဖြစ်တောင် ပြောင်းလဲနိုင်ပါတယ်။
ပင်တဂွန်ကအရာရှိတွေနဲ့ အမေရိကန်ဘူမိဗေဒပညာရှင်တွေပါဝင်တဲ့အဖွဲ့က တွေ့ရှိထားတဲ့ လွန်စွာကြွယ်ဝလှတဲ့ သတ္တုတွေဟာ နိုင်ငံတောင်ပိုင်း၊ ရှေ့ပိုင်းနဲ့ ပါကစ္စတန်နယ်စပ်ဒေသတွေ အပါအဝင် တာလီဘန်လှုပ်ရှားမှုတွေပြင်းထန်တဲ့ဒေသတွေမှာ တည်ရှိပါတယ်။ ပင်တဂွန်စာရွက်စာတမ်းများအဆိုအရ ဆော်ဒီအာရေးဘီးယားမှာရေနံတွေပေါသလောက် အာဖဂန်မှာလစ်သီယံတွေပေါပါသတဲ့။ “Saudi Arabia of Lithum” ဆိုကိုး။ လစ်သီယံဟာ လက်ပ်တော့ ဘက္ထရီတွေနဲ့ မိုဘိုင်းဖုန်းဘက္ထရီတွေမှာ အဓိကပါဝင်တဲ့သတ္တု ဖြစ်ပါတယ်။အမေရိကန်အရာရှိတွေရဲ့အဆိုအရဆိုရင် အာဖဂန်မှာ အခြေခံအဆောက်အအုံတွေ မရှိတဲ့အတွက် အဲဒီသတ္တုတွေကို ထုတ်ယူနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကြာလိမ့်မယ်လို့ ဆိုပါတယ်။
ဒီသတင်းကြောင့် ဒေသတွင်းအင်အားကြီးတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့က အဲဒီသတ္တုတွေရဖို့ အပြိုင်အဆိုင်ကြိုးစားလာနိုင်ပါတယ်။ တရုတ်သတ္တုတွင်းလုပ်ငန်းနှစ်ခုဟာ ကဘူးတောင်ဖက်မှာ ဒေါ်လာ ၄ဘီလီယံ လောက်ရင်းနှီးမြှုပ်နှံပြီး ကြေးသတ္တုတွေ တူးနေကြပါတယ်။ အမေရိကန်တွေရဲ့ လေ့လာချက်တွေအရဆိုရင် အကြီးဆုံးသတ္တုသိုက်တွေဟာ ကြေးသိုက်နဲ့ သံသိုက်တွေဖြစ်ပြီး ပမာဏဟာ အလွန်များပြားတဲ့အတွက် အာဖဂန်ကို ကမ္ဘာ့ကြေးနဲ့သံ အဓိကထုတ်လုပ်တဲ့နိုင်ငံအဖြစ်ကိုတောင် တွန်းပို့နိုင်တယ်လို့ ဆိုပါတယ်။
ဒီလောက်များတဲ့သတ္တုတွေတွေ့တာ အာဖဂန်တွေအတွက် ပျော်စရာမဟုတ်ဘူးလား။ အင်း…အဲဒီလောက်ရိုးရှင်းတဲ့ကိစ္စမဟုတ်တော့ပါ။ ဝေဖန်သူများရဲ့ သဘောထားတွေကို တီးခေါက်ကြည့်ကြပါစို့။
အာဖဂန်လွတ်မြောက်ရေးအတွက် လူငယ်၊လူရွယ်လေးတွေရဲ့ အသက်၊သွေး၊ချွေးတွေနဲ့ရင်းပြီး ကြိုးစားပေးထားရှာတဲ့ ကယ်တင်ရှင်ကြီး အမေရိကန်က အဲဒီရတနာသိုက်ကြီးကို စိတ်မဝင်စားဘဲနေမှာလား။ မဝင်စားလောက်ပါဘူးလို့တော့ မပြောနဲ့နော်။ အဲဒီသတ္တုသိုက်တွေကို တွေ့တဲ့လူတွေက အမေရိကန်စစ်တပ်ကလူတွေ။ (လစ်သီယံကိုအသည်းအသန်လိုက်ရှာနေတဲ့  ပြင်ပ ကုမ္ပဏီတွေ ကမဟုတ်ပါ) တွေ့တဲ့နေရာတွေကလည်း တာလီဘန်တွေနဲ့ တိုက်နေခိုက်နေရတဲ့နေရာတွေ။ တွေ့တဲ့သတ္တုတွေကလည်း အမေရိကန်အတွက် အထူးလိုအပ်တဲ့ လစ်သီယံတွေ။  ကျူးကျော်ခံရတဲ့နိုင်ငံတစ်ခုမှာ ကျူးကျော်သူနိုင်ငံအတွက် အလွန်တရာအသုံးလိုတဲ့ သဘာဝရင်းမြစ်တွေရှိနေတာကိုက သွေးပျက်စရာပါ။ သို့သော် တစ်ဖက်မှာလည်း အမေရိကန်တွေက အာဖဂန်မှာ လွတ်လပ်တဲ့ဈေးကွက်တစ်ခုဖြစ်ဖို့ အာမခံရဦးမှာပါ။ အာဖဂန်အစိုးရက သူတို့မှာ အခြေခံအဆောက်အအုံတွေမရှိလို့ သတ္တုသိုက်တွေကို လေလံချဖို့လုပ်နေပါတယ်။ လေလံဆွဲနိုင်တဲ့ကုမ္ပဏီဆိုတာ အာဖဂန်ကုမ္ပဏီတွေဖြစ်ဖို့ကဝေလာဝေးပါ။ တစ်ချို့အမေရိကန်တွေများဆို အာဖဂန်က သတ္တုတွေအားလုံး သူတို့ရမယ်ဆိုရင် စီးပွားပြက်ကပ်ရဲ့ဆိုးကျိုးတွေကို နောက်နှစ်မှာ ၅၀%နှုန်းလောက်လျှော့နိုင်မယ်လို့တောင် တွေးနေကြပါပြီ။

(ရိုက်တာသတင်း တစ်ပုဒ်ကို ကိုးကားပါသည်)

One comment

  • ghost

    June 14, 2010 at 4:38 pm

    အမေရိကန် အနေနဲ ရှင်းရှင်းပြောသင့် တယ် တာလီဘန်တွေကုန်ရင် သတ္တုတွင်း တွေ ့သလိုပေးမယ်လို ့

    Reply

Leave a Reply to ghost Cancel Reply

Your email address will not be published.