၂၀၁ဝ ရွေးကောက် ပွဲတွင် ဘွဲ့ရ များ နေရာရရေး အတွက် လုပ်ဆောင် လာကြ

anyartharJune 13, 20101min01

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တစ်ပြိုင်နက် ရုပ်သိမ်းခဲ့သည့် ဥပဒေတစ်ရာကျော်ရှိခဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း တစ်ပြိုင်နက် ရုပ်သိမ်းခဲ့သည့် ဥပဒေတစ်ရာကျော် ရှိခဲ့ပြီး ၂၀၁ဝ ရွေးကောက်ပွဲပြီး နောက်ပိုင်း ပြောင်းလဲလာမည့် နိုင်ငံရေးအခြေအနေနှင့် ဥပဒေရုပ်သိမ်းမှုများ၊ ပြဋ္ဌာန်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် သုံးသပ်နိုင်ရန် နယ်ပယ်စုံမှဘွဲ့ရအချို့ ဥပဒေကို လေ့လာလိုက်စားမှု ယခင်ထက်ပိုမိုလာကြောင်း ဥပဒေကို စိတ်ဝင်စားလေ့လာ လိုက်စားနေသူ ဘွဲ့ရအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ထိုသို့ လေ့လာလိုက်စားသူများ ထဲတွင် ဥပဒေဘွဲ့ရ ပညာရှင်များ သာမက စီးပွားရေး၊ အင်္ဂလိပ်စာ၊ သိပံ္ပ၊ ဝိဇ္ဇာ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ နိုင်ငံခြားဘာသာဘွဲ့ရများ ပါဝင်ကြောင်း သိရှိရပါသည်။
လက်ရှိကာလတွင်ရွေးကောက် ပွဲဥပဒေအား စိတ်ဝင်တစား လေ့လာသုံးသပ်သည့် လူငယ်များ ရှိနေပြီး ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲဥပဒေကို အဓိကထား လေ့လာကာ ရွေးကောက်ပွဲနှင့် ပတ်သက်ဆက်နွှယ်ပြီး ဖြစ်ပေါ်လာနိုင်သည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် ဆိုင်ရာအခြား သော သီးခြားဥပဒေများကိုလည်း လေ့လာ လိုက်စားလာကြကြောင်း လူငယ်များထံမှ သိရှိရပါသည်။

”ဥပမာ စီးပွားရေးဘွဲ့ရ တစ်ယောက်အနေနဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ နေရာမှာ အမှုအခင်း ပြဿနာမျိုးစုံ ရှိလာနိုင်ပါတယ်။ အဲဒီအချိန်မှာ သူတို့နဲ့သက်ဆိုင်တဲ့ စီးပွားရေးဥပဒေ၊ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အခွန်ဆိုင်ရာဥပဒေတွေ၊ ပို့ကုန် သွင်းကုန်ဆိုင်ရာ ဥပဒေတွေကို အထိုက်အလျောက် သိထားမယ်ဆိုရင် ကိစ္စရပ်တစ်ခုအပေါ်မှာ အလွယ်တကူ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲမတိုင်မီက ဥပဒေတချို့ကို သိထားမယ်ဆိုရင် ရွေးကောက်ပွဲပြီးရင် ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေပေါ်မှာ ဥပဒေတချို့က ခေတ်နဲ့လျော်ညီမှု ရှိ မရှိ၊ ပြုပြင်ဖို့ လိုအပ်မှုရှိ မရှိနဲ့ ဖြည့်စွက်ဖို့ လိုအပ်မှု ရှိ မရှိတို့ကို အကြံပေးနိုင်မှာဖြစ်ပါ တယ်။ တချို့ဥပဒေတွေဆိုရင် ရွေးကောက်ပွဲပြီးရင် ရုပ်သိမ်းတာ၊ ပြု ပြင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း တစ်ပြိုင်နက်တည်း ရုပ်သိမ်းတဲ့ဥပဒေ အရေအတွက် ရာဂဏန်းကျော် ရှိခဲ့ ပါတယ်”ဟု ဥပဒေပညာရှင်တစ်ဦး က သုံးသပ်ခဲ့ပါသည်။
ပညာရပ် တစ်ခုချင်းစီနဲ့ သက်ဆိုင်တဲ့ဥပဒေတွေကို လေ့လာထားမှသာ ဥပဒေရဲ့ အားနည်းအားသာချက်တွေ၊ ဥပဒေအရ လွတ်ကင်းတာတွေ၊ ငြိစွန်းတာတွေအပေါ်မှာ ချင့်ချိန်ပြီးအလုပ်ကို ပိုမိုလွယ်ကူစွာ လုပ်နိုင်မယ်လို့ ထင် ကြပါတယ်’

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဥပဒေ အမှတ် ၁/၁၉၉၂ ဖြင့်ဥပဒေများ ရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်းကာ ဥပဒေ ပေါင်း ၁၃ရ ခုကိုရုပ်သိမ်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဥပဒေအမှတ် ၄/၉၃ ဖြင့် ဥပဒေများ(ဒုတိယအကြိမ်) ရုပ်သိမ်းသည့်ဥပဒေကို ပြဋ္ဌာန်းပြီး ဥပဒေ ၁၄ ခုကို ရုပ်သိမ်းခဲ့ကြောင်း၊ တည်ဆဲဥပဒေများအနက် အချို့သောဥပဒေများသည် ပြောင်းလဲလာသည့် အခြေအနေနှင့် ဆီလျော်မှုမရှိခြင်းကြောင့် သော်လည်းကောင်း၊ အချိန်ကာလ ကြာမြင့်စွာ ကျင့်သုံးမှုမရှိခြင်းကြောင့် သော်လည်းကောင်း၊ လာမည့်အနာဂတ် ကာလတွင်လည်း ကျင့်သုံးရန် အကြောင်းမရှိတော့၍ လည်းကောင်း၊ ရုပ်သိမ်းသင့်ကြောင်း စိစစ်တွေ့ရှိရ၍ အစိုးရအဖွဲ့က ဥပဒေများရုပ်သိမ်းသည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”ဥပဒေသင်တန်းတွေ၊ ဒီပလိုမာတွေမှာ အရင်တုန်းက LLB ဥပဒေဘွဲ့ရထားသူတွေသာ တက်ရောက်ကြတာများပါတယ်။ ဥပဒေဘွဲ့ရပြီး ဥပဒေသင်တန်းတွေ ဘာကြောင့် ထပ်တက်ရလဲဆိုတော့ ဥပဒေဘွဲ့ မှာက ဥပဒေနဲ့ ပတ်သက်တဲ့ ဘာသာရပ်တစ်ခုချင်းစီကို ပျမ်းမျှပဲ သင်တာ များပါတယ်။ ဘွဲ့ရသူတွေအနေနဲ့ စာမေးပွဲအောင်ဖို့ကို ဦးစားပေးတဲ့အခါ အသေးစိတ် မလေ့လာမိတာ တွေ ရှိပါတယ်။ ဥပမာ စီးပွားရေး ဆိုင်ရာဥပဒေတွေ၊ အလုပ်သမား ဥပဒေတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနဲ့ သက်ဆိုင်တဲ့ဥပဒေ တွေ၊ နိုင်ငံ့အရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အစရှိတဲ့ဥပဒေတွေက သီးခြားဥပဒေတွေအနေနဲ့ တစ်ခုချင်းစီ အများကြီးရှိတာမို့ အားလုံး ကျွမ်းကျင်အောင်ဆိုရင် ဘွဲ့ရပြီးလည်း ထပ်ထပ်ပြီး လေ့လာဖို့လိုပါတယ်။ ဒါကြောင့် သူတို့က လေ့လာနေကြတာပါ။ အခုနောက်ပိုင်း ဥပဒေဘွဲ့ရ မဟုတ်တဲ့ အခြားဘွဲ့ရသူတွေက ဥပဒေတွေကို စိတ်ဝင်တစား လေ့လာလာကြပါတယ်”ဟုအထက်တန်း ရှေ့နေတစ်ဦးက ဆိုပါသည်။

နယ်ပယ်စုံမှဘွဲ့ရများ ၎င်းတို့ဘာသာရပ်များနှင့် ပတ်သက်ဆက်နွှယ်သည့် ဥပဒေများကို လေ့လာ လိုက်စားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ”သူတို့လို ပညာတတ်တွေရဲ့အမြင်မှာ ရွေးကောက်ပွဲပြီးတဲ့ နောက် နိုင်ငံရေးအပြောင်းအလဲတွေ ရှိမယ်။ နယ်ပယ်စုံမှာ ဒီထက်ပိုပြီး ပွင့်လင်းလွတ်လပ်စွာ လုပ်ကိုင်လာနိုင်မယ်လို့ ယူဆနေကြတယ်။ အဲဒီလို အချိန်အခါမျိုးမှာ သူတို့ ပညာရပ် တစ်ခုချင်းစီနဲ့ သက်ဆိုင်တဲ့ဥပဒေတွေကို လေ့လာထားမှသာ ဥပဒေရဲ့ အားနည်းအားသာချက်တွေ၊ ဥပဒေအရ လွတ်ကင်းတာတွေ၊ ငြိစွန်းတာတွေအပေါ်မှာ ချင့်ချိန်ပြီးအလုပ်ကို ပိုမိုလွယ်ကူစွာ လုပ်နိုင်မယ်လို့ ထင်ကြပါတယ်” ဟု ဥပဒေအကြံပေး အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များမူပိုင်ခွင့်ကို အလေးထား ဆောင်ရွက်နေရသော ဘွဲ့ရပညာရှင်များအနေဖြင့် ၎င်းတို့နှင့်သက် ဆိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သီးခြားဥပဒေများ၊ ဉာဏပစ္စည်း ဆိုင်ရာသီးခြားဥပဒေများကို သက် ဆိုင်ရာမှပြဋ္ဌာန်းပေးနိုင်ရန်အကြံပေး ထောက်ပြလိုပါက မူလကရှိပြီးဖြစ်သော ဥပဒေအချို့အား သိရှိထားမှ သာ သုံးသပ်အကြံပေး နိုင်မည်ဖြစ်ကြောင်း ဥပဒေများအား လေ့လာ လိုက်စားနေသူ ဘွဲ့ရလူငယ်တစ်ဦး က ဆိုပါသည်။

”ဥပဒေဆိုင်ရာ ဒီပလိုမာ သင်တန်းတွေကိုစိတ်ဝင်တစားတက် ရောက်လာကြတာတွေ့ရပါတယ်။ တက်ရောက်သူတွေက ဥပဒေပညာ ရှင်တွေအပြင် နယ်ပယ်အသီးသီးက ဘွဲ့ရလူငယ်တွေပါဝင်ပါတယ်။ သင်တန်းစဖွင့်ကာစမှာ ရန်ကုန်မှာနေတဲ့ ပညာတတ်ပိုင်းလောက်ပဲ စတက်ခဲ့တာပါ။ နောက်ပိုင်းမှာ ဥပဒေနဲ့ ပတ်သက်တဲ့ သင်တန်းတွေဖွင့်ရင် နေရာဒေသအသီးသီးက တက်ရောက်လိုသူတွေ အများကြီးရှိတာကိုတွေ့ ရပါတယ်။ တကယ်တော့ ဥပဒေ ပညာဆိုတာ ရှေ့နေ၊ တရားသူကြီး တွေသာသိသင့်တဲ့ပညာရပ်မဟုတ်ဘဲ အားလုံး လေ့လာထားရမယ့် ပညာရပ်ကြီး တစ်ခုဖြစ်ပါတယ်”ဟု စီးပွားရေးလုပ်ငန်း ဥပဒေ ဒီပလိုမာသင်တန်း တက်ရောက်ခဲ့သူတစ်ဦးက ရှင်းပြ ခဲ့ပါသည်။

ထို့အတူ ရွေးကောက်ပွဲပြီးနောက် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာမည်ဖြစ်ရာ သတင်းစာဆရာများ၊ မီဒီယာသမားများ၏ အခွင့်အရေးအား အကာအကွယ်ပေးနိုင်မည့် သီးခြားဥပဒေပေါ်ထွက်လာရန်မီဒီယာ သမားများက အကြံပေးရေးသား ကြရာ၌ ရွေးကောက်ပွဲ မတိုင်မီက ၎င်းတို့နှင့် သက်ဆိုင်ခဲ့သည့် ပုံနှိပ်သူ နှင့်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ အသရေဖျက်မှု မြောက်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေ များကို သိရှိကျွမ်းကျင်ထားရန် လိုကြောင်းနှင့် ယင်းဥပဒေများကို လေ့လာလိုက်စားနေသည့် လူငယ်သတင်းထောက်များလည်း ရှိနေကြောင်း သိရသည်။

One comment

  • MandalayThar

    June 13, 2010 at 2:04 pm

    ဟုတ်လို့လား။ မြန်မာပြည်မှာ ဥပဒေဆိုတာရော ရှိသေးလားဟင်…?

    Reply

Leave a Reply

Your email address will not be published.