မလေး ငွေလွဲ ဒုက္ခ

ဆူးApril 10, 20121min031

အလှူ ကိစ္စ အတွက် ငွေလွဲရှိရင် အိမ်တိုင်ရာရောက် လာပေးတာတွေ ရှိပေမဲ့ ကိုယ်တိုင် ထုတ်ရတယ် ဆိုလို့ အံဩမိပါတယ်။ အဲလောက် ခက်ခဲမှန်း သိကို မသိခဲ့ပါဘူး။

မလေးရှား ငွေလွဲ အတွေ့အကြုံလေး မျှဝေ ပေးလိုက်ပါမည်။

ယနေ့ မနက် ၉နာရီ အိမ်မှ ထွက်ခါ
YoKoHaMa Company
No.388,R-10 ပထမထပ်၊ရွှေဘုံသာလမ်း(အထက်)၊ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်။
ဖုံး….09-731 54062,09-731 54012,01-704219,01-373972

သို့ ရောက်ရှိပြီး ငွေလွဲ ထုတ်ရန် မှတ်ပုံတင် ထပ်ရန် ကြိုးစားပါသည်။

ဦးနှောက်နည်းတဲ့ လူတွေ လုပ်တဲ့ ငွေလွဲ ဌာန ဆိုတာ သေချာပါသည်။
အခန်း အကျယ်အဝန်း ၁၂ပေခွဲ လောက် ရှိတဲ့ အတွင်းမှာ လူပေါင်း ၇ဝကျော် မျက်စိနဲ့ မြင်သလောက် လှမ်းရေကြည့်လိုက်တာပါ။
ဒီထက်မကတောင် များနိုင်ပါသေးတယ်။

လာသမျှ လူတွေရဲ့ မှတ်ပုံတင် ထပ်ရပါမည်ဆိုတော့ မှတ်ပုံတင် ထပ်လိုက်ပါတယ်။ ငွေလွဲ ထုတ်တာ ပိုက်ဆံ မရသေးဘူး မှတ်ပုံတင်နဲ့ လူမျက်နှာ ကို စစ်ဆေးနေတာ စီအိုင်အေ က လား ထင်ရပါတယ်။

တောက လာတဲ့ လူတွေ ဆိုတော့ ကြောင်အမ်းအမ်း နဲ့ ဘာမေးလို့ ဘာဖြေ ရမှန်း မသိ ယောင်လည်လည်တွေ ပြောပြီး အဆူခံ အဟောက်ခံ ရတာတွေလည်း ရှိသေးတယ်။

မှတ်ပုံတင် ထပ်ပြီး ၂နာရီလောက် အကြာမှာတော့ နာမည်ခေါ်တယ်။
လူတွေ အုံထပ်နေလို့ လာ ဒီ အနားကိုလာ.. အတင်းတိုးခိုင်းတယ်။ ပြီးတော့ မေးခွန်းတွေ မေးတယ်။

ဘယ်ကလဲ စင်္ကာပူလား မလေးလား။
ဘယ်မှာနေတာလဲ။
ဘယ်သူလွဲတာလဲ။
ငွေဘယ်လောက် လွဲတာလဲ။

မေးခွန်းတွေ မေးပြီး ဘာမှ ဆက်မပြောပဲ အဲဒီမှာပဲ ရပ်ခိုင်းထားပြီး တခြား နာမည် တခုကို ထပ်ခေါ်တယ်။ ဒီလိုနဲ့ ကောင်တာ နားမှာတင် လူတွေ ပြုံထပ်နေပြီးတော့.. ပိုက်ဆံ မမြင်ရသေးဘူး။
မလေး က ငွေလွဲ ဆိုတော့ တောသားတွေ လာထုတ်တာများတယ်။ မှတ်ပုံတင် တခုကို အဒေါ်ကြီးတွေက ၂ယောက် ၃ယောက် အသာလေး ပါတယ်။ ကားမူးခံပြီး ရန်ကုန် လာရတာနဲ့ အခန်းကျဉ်းကျဉ်းလေးမှာ လူမွန်းတာနဲ့ အဲကွန်းမရှိ ပန်ကာ လေး တခု ဖွင့်ထားတယ်။ လူနဲ့ ပန်ကာ လည်နိုင်တဲ့ အနေအထားလုံးဝ မကိုက်ညီအောင် ကို လူနံတွေ မွမ်းထူနေအောင် ဖြစ်နေပါတယ်။

လူ ၂ဝ လောက်ရဲ့ မှတ်ပုံတင် ကို တစု အနေနဲ့ ထားပြီး နာမည် စာရင်း နဲ့ လူနဲ့ တိုက်စစ်ပြီးတော့ ပိုက်ဆံ ထုတ်ပေးတာ မဟုတ်သေးပါဘူး။ အဲဒီ စာရင်းကို ရုံးချုပ်ကို ဖုန်းဆက်ပြီး ဟုတ်မဟုတ် စစ်ဆေးပါတယ်။ တယောက်စီ စစ်ဆေးပြီး မှန်တယ် ဆိုမှ တခါ ငွေ ထုတ်ပေးဖို့ ငွေရေတွက်ပါတယ်။
ဒီလိုနဲ့ လူ တယောက်ကို အချိန် ၂နာရီလောက် အသာလေး ကြာအောင် လုပ်နေတဲ့ အခါ လူ အယောက် ၇ဝ ၈ဝ လောက် တပြိုင်တည်း ကျလာတဲ့ အခါ.. ဒီနေ့ မပြီးလို့ နောက်နေ့မှ လာပါ ပြန်လွတ်ရတာတွေ ရှိလာပြန်ပါတယ်။

မျက်စိရှေ့မှာတင် မနေ့က မပြီးလို့ စာရင်းသွင်းပေးလိုက်မယ် နောက်နေ့ ထုတ်ပေးမယ် ပြောပြိး စာရင်း အစက ပြန်ထပ်လို့ ရန်ဖြစ်တာတွေလည်း တွေ့ခဲ့ပါသေးတယ်။

ဒီလောက်တိုးတက်နေတဲ့ အင်တာနက် ခေတ်ကြီးမှာ ကွန်ပြူတာ တလုံးနဲ့ စာရင်းတွေ တလုံးမှ မမှားပဲ စာရင်းနဲ့ ထုတ်ပေးနိုင်တာကို ဘာလို့ ဖုန်းနဲ့ ဆက်သွယ်ပြီး တခုချင်းစီ တိုက်နေလဲ ဆိုတာကို စဉ်းစားလို့ ကို မရတော့ပါဘူး။

လူသားချင်း စာနာစိတ်လုံးဝ မရှိတဲ့ အဲဒီ ကုပ္ပဏီ နဲ့ မဖြစ်မနေ ပတ်သတ်နေရတဲ့ လူတွေ အဖို့တော့ အတော်ကို သနားဖို့ ကောင်းလှတယ်လို့ မြင်မိပါတယ်။

ဒီနေ့တော့ မနက် ၉နာရီ သွားခဲ့ပေမဲ့ မှတ်ပုံတင်ထပ်ပြီး စာရင်း သွင်းဖို့ နာမည် ခေါ်ဖို့ အလှည့် ကို ၁၁နာရီ အထိ စောင့်ခဲ့ပေမဲ့ မရှိသေးပါဘူး။
၁၁နာရီ အထိ ပိုက်ဆံ ကိုင်ပြိး ထွက်သွားတာ ၅ယောက်လောက်ပဲ ရှိပါလိမ့်မယ် ဦးမည်။ ထို့ကြောင့် သူတို့ အလုပ်လုပ်ပုံက တနေ့ကုန်လို့ လူ အယောက် ၁၀ဝ ကျော် ၁၅ဝ လောက် ကို အပြီး ထုတ်ပေးနိုင်ပါ့မလား။ ဒီနေ့ အဖို့တော့ တခြား လုပ်စရာတွေ အများကြီး ရှိတဲ့ အတွက် ဆက်လက် မစောင့်နိုင်တော့ပဲ မှတ်ပုံတင် ပြန်တောင်းပြီး ထွက်ခွာ လာခဲ့ရပါတယ်။

ငွေလွဲတယ် ဆိုတာလည်း တဖက်က ပိုက်ဆံပေးလို့ ဒီဘက်က ထုတ်ပေးတာပါ။
ကိုယ့်ပိုက်ဆံ ကို ကိုယ်ရဖို့ အကျိုးဆောင်ခ ပေးပြီးမှ ရတာပါ။ အလကား လာယူတာ မဟုတ်တဲ့ အတွက် ထိုကဲ့သို့ တာဝန်မဲ့စွာ ညှင်းပန်းတဲ့ ပုံစံမျိုး ဖြစ်တာတွေနဲ့ မဆက်ဆံသင့်ပါဘူး။

ဒီလို ငွေလွဲဌာန က လုပ်ပုံတွေကို အများသိအောင် တင်ပြရေးသားနိုင်သူ မရှိရင် သိနိုင်မှာ မဟုတ်တဲ့ အတွက် အများ သိစေရန် အလို့ငှာ တင်ပြလိုက်တယ်။

လူသားချင်း စာနာစိတ်မရှိ တဲ့ လုပ်ငန်း အစား လူလူချင်း စာနာ တတ်တဲ့ လုပ်ငန်းတွေ အမြန် တိုးတက်ကြီးပွား နိုင်ကြပါစေ။

31 comments

  • ဗိုက်ကလေး

    April 10, 2012 at 6:16 pm

    ဂျီးဒေါ်ဗျာ..
    နောက်ခါ သွားထုတ်ရင် တမုံမုံနဲ ့ ကိုဘီလူးကိုခေါ်သွား.
    တမုံမုံကချဲ ကိုဘလူးက ဓာတ်ပုံရိုက်..
    ပြီးတော့မှ ဂျီးဒေါ်က အသာလေးငွေထုတ်ယုံဘဲ
    ညံ့ပါ့..

    Reply

    • ဆူး

      April 10, 2012 at 6:32 pm

      အကြံပေးတာ ကျေးဇူးတင်ပါတယ်။
      မလေးက လူတွေ ဖတ်မိရင် သူတို့ မိသားစု ငွေလွဲထုတ်တဲ့ ဒုက္ခကို မြင်သာအောင်လို့ ရေးပေးတာပါ။

      Reply

  • Thel Nu Aye

    April 10, 2012 at 7:15 pm

    အောင်မယ်လေး ဒုတ်ခကမသေးပါလား။ ကိုယ့်ငွေနဲ့ကိုယ်။ အစိုးရဘဏ်ထက်ဆိုးတာပေါ့။ ဖြေရှင်းဖို့နည်း လမ်းမစဉ်းစားပဲ ဒီလိုပဲချီတက်နေကြတာတော့ အင်းအမဆူးပြောသလိုပဲ ဦးနှောက်နည်းတဲ့ လူတွေ လုပ်တဲ့ ငွေလွဲ ဌာန ဖြစ်မှာပဲ။ ဘယ်လိုဖြေရှင်းရမှန်းမသိပဲ ဒုတ်ခခံနေကြတာ။

    Reply

  • kyeemite

    April 10, 2012 at 7:49 pm

    အဲဒီသောက်သုံးမကျပုံတွေတော့ ကြားရ တွေ့ကြုံရတိုင်း
    ဒေါသထွက်ပါ့ ကျောင်းအမရေ..

    Reply

  • zaw min

    April 10, 2012 at 8:21 pm

    ဆောရီးပါပဲဗျာ…ကျနော်က ထုတ်လို့လွယ်အောင်မြို့ထဲက ဆိုင်လွှဲလိုက်တာပါ။ဆူးကို ဒုက္ခပေးသလိုဖြစ်သွားတောင်ပန်ပါတယ်ဗျာ…ကျနော့် မေးလ်ထဲကို လိပ်စာထည့်ပေးလိုက်ပါ…သူတို့ကိုပဲ လာပို့ခိုင်းတာ အဆင်ပြေမယ်ထင်တယ်…စိတ်အနှောက်အရှက်ဖြစ်ရတဲ့ အတွက်တောင်းပန်ပါတယ်ဗျာ…

    Reply

  • htoosan

    April 10, 2012 at 9:09 pm

    နောက်ထပ် အံ့ဩစရာတစ်ခုပါလား ။ အစိုးရက မဖမ်းဘူးလား ………….

    Reply

  • ဦးဦးပါလေရာ

    April 10, 2012 at 11:10 pm

    လုပ်တာကိုင်တာတော်တော်ညံ့မှန်း ခန့်မှန်းမိပါတယ်။
    အဲဒါလဲ လုပ်စားလို့ ရတာပဲလား…။
    အံ့ဩကုန်နိုင်ဘွယ်…။

    Reply

  • surmi

    April 11, 2012 at 12:04 am

    ငါပေးမှရတာပါဆိုတဲ.အချိုး ၊ အသုံးမကျတာမဟုတ်ဘူး ၊သက်သက်ရင်.တာ ..။
    ဒီနိုင်ငံမှာ အလကားနေ အလကား မှတ်ပုံတင်တောင်းတာအကျင်.ပါနေပြီ ။
    နောက်ဆို အိမ်သာတက်ရင်တောင်မှတ်ပုံတင်တောင်းဦးမလားဘဲ ….။

    Reply

  • FattyCat

    April 11, 2012 at 12:55 am

    ခင်ရတဲ့ ညီမလေးဆူးရေ-

    အပြစ်မတင်ပါနဲ့ကွယ်… သူတို့လေးတွေရှိနေလို့ မြန်မာနိုင်ငံကို ငွေပြန်ပို့ရတာ အဆင်ပြေနေတာပါ…မြန်ဆန်နေတာပါ…
    တကယ်တော့ ဘဏ်စနစ်ရဲ့ အားနည်းချက်နဲ့ သူတို့ အားနည်းချက်ကို ယှဉ်ကြည့်ရင် ဘဏ်စနစ်ရဲ့အားနည်းချက်ပေါ်မှာ ပိုပြီးတော့အပြစ်ဖို့စေချင်ပါတယ်…
    နောက်ဆိုရင် ဂေဇက်နယ်စည်းမခြားအရက်သမားများသမဂ္ဂကို အကုန်အညီတောင်းကြည့်ပါကွယ်…
    သူတို့ အဆင်ပြေအောင် ကူညီနိုင်မယ်လို့ထင်ပါတယ်…
    ဝန်ဆောင်ခအနေနဲ့တော့
    တစ်သိန်းနှင့်အောက် Red Lable တစ်လုံး၊
    တစ်သိန်းမှ ၃သိန်းအထိ Black Lable တစ်လုံး၊
    ၃သိန်းမှ ၁ဝသိန်းအထိ Green Lable တစ်လုံး
    ၁ဝသိန်းမှ သိန်း ၂ဝ အထိ Gold Lable တစ်လုံး
    သိန်း ၂ဝ နှင့်အထက် Blue Lable တစ်လုံးနှုန်းနဲ့ ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါးအပ်ပါတယ်ကွယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    Reply

    • Thel Nu Aye

      April 11, 2012 at 8:05 pm

      1 litter လား 0.75 litter လား၊ ရှင်းရှင်းလုပ်ဘာ။ ဈေးကွာတယ်နော့။ 0.75 litter မဟုတ်လား

      Reply

  • kai

    April 11, 2012 at 9:02 am

    ဒါကိုသေသေချာချာ ဖတ်ထားမှတ်ထားပါတယ်..။ တန်ဖိုးရှိတဲ့.. သတင်းပါ..။
    ….
    ဟွန်ဒီနဲ့.. ငွေလွဲတာက.. အပြည်ပြည်ဆိုင်ရာမှာကို.. တရားဝင်တော့မဟုတ်ဖူး..
    ဒီလိုကြားထဲ.. ယူအက်စ်ဆန်ရှင်ကြောင့်.. ဘဏ်ထဲထည့်ရင်.ဘဏ်ကိုသုံးရင်… မြန်မာဆိုတာနဲ့.. နယူးယောက်ကနေ လှမ်းပြီး ..hold လုပ်သေးတာလေ..

    အင်း..
    မကြာခင်တော့..လျှော့ပေးမယ် မျှော်လင့်ရတာပဲ..။

    ဆိုတော့…
    ဒီလိုတွေကြားထဲ.. ကစားနေတာလို့ထင်ပါတယ်..။
    ဒီလိုလုပ်တာမကြိုက်ရင်.. တခြားသူပြောင်းလုပ်ဖို့..လွှဲဖို့.. အခွင့်အရေးလည်းရှိပုံမရလေ..
    ဆိုတော့..
    မြန်မာပြည်က ဘဏ်တချို့က. မလေးရှား..ကေအယ်လ်သွား.တရားဝင်…ရုံးဖွင့်.. ဝင်ရောက်ကိုင်တွယ်လုပ်ပေးဖို့.. မျှော်လင့်မိပါကြောင်း…
    ငွေပမာဏမနည်းတာမို့.. သေသေချာချာလေ့လာပြီး.. လုပ်သင့်တယ်လို့..ထင်ကြောင်း… 😆

    Reply

    • ဆူး

      April 11, 2012 at 10:18 am

      တမနက်ခင်းမှာတင် လူ အယောက် ၁၅ဝ လောက် မှတ်ပုံတင် ထပ်ပြီး တန်းစီနေတာဆိုတော့ ယေဘူယျ တယောက်ကို ၁သိန်းနဲ့ တွက်မယ် ဆိုရင် သိန်း ၁၅ဝ လောက်ထုတ်ပေးရမှာ..

      တနေကို လူဘယ်လောက် ထုတ်ပေးရလဲတော့ မသိဘူး။

      Reply

    • htoosan

      April 11, 2012 at 3:45 pm

      သတင်းစာထဲမှာတော့ ဓါတ်လိုက်သလိုဘဲ Max ဇော်ဇော်ရဲ့ ဧရာဝတီဘဏ်ကနေ မလေးရှားမှ ငွေလွှဲနိုင်ကြောင်းတော့ ဖတ်ရတာဘဲ။
      နောက်ကိုတေဇ အာရှစိမ်းလန်းကလည်း မလေးရှားက မေဘဏ် နဲ့ ငွေလွှဲဖို့ သဘောတူညီချက်ထိုးကြောင်းဖတ်ရကြောင်းပါ။ တစ်ကယ်အလုပ်ဖြစ်နေ မနေတော့ မသိပါ။

      Reply

  • လူသားချင်း စာနာစိတ်မရှိ တဲ့ လုပ်ငန်း အစား လူလူချင်း စာနာ တတ်တဲ့ လုပ်ငန်းတွေ အမြန် တိုးတက်ကြီးပွား နိုင်ကြပါစေ။
    ————–
    ဟုတ်တယ်နော်. မမဆူးရေ။စိတ်ပျက်စရာနော်။ကျနော်လည်း မမဆူးနားကိုအလှူငွေထည့်ပြီးတော့
    တောင်ငူ၊တောင်ကြီး၊မကွေး၊ပြည်ခရီးလှည့်နေတာ ခုမှဘဲဝင်ရေးဖြစ်တယ်လေ။

    Reply

    • ဆူး

      April 11, 2012 at 11:04 am

      မီးမီးရေ.. အလှူ လိုက်အုန်းမှာလား စာရင်းမှတ်ရမှာလား။

      Reply

      • အမလေး မမဆူးရေ။
        မီးလေ လိုက်ချင်ပါတယ်။ဟာ ယောင်လို ့ဟုတ်ပါဘူး။
        ကျနော်က။ မလိုက်ဖြစ်တော့ဘူး မမဆူးရေ ။တောင်ကြီးမှာ
        မေလ(၂)ရက်နေ ့ ဆရာဦီးမြင့်သန်း(၆)နှစ်ပြည့်အလှူပွဲလုပ်မှာမို ့ပါ။
        နောက်များကြုံမှာပါ။လိုက်ချင်တာ အမှန်ပါ။

        Reply

  • htet way

    April 11, 2012 at 10:30 am

    ဗဟုသုတရပါပေတယ်
    စင်ကပူကငွေပို့တဲ့လူတွေ
    မလေးကငွေပို့တဲ့သူတွေ လက်ခံယူတဲ့သူတွေ ဒုက္ခပေါ့

    Reply

    • ဆူး

      April 11, 2012 at 11:08 am

      စလုံး က လွဲတဲ့ လူတွေ ထက် မလေးက လွဲတဲ့ လူတွေက ပိုများတယ်။
      မြန်မာနိုင်ငံက လူတွေ မလေး ကို ရောက်နေတာ တော်တော် များနေပြီလေ။
      ဒီတိုင်းပြည် စီးပွားရေး ကောင်းရင်တော့ အဲဒီ လို လူမျိုးတွေ နိမ့်ချပြီးဆက်ဆံတာ မခံရတော့ပါဘူး။
      မြန်မာပြည်ကြီး ကြီးပွားတိုးတက်ဖို့ပဲ လိုတယ်။

      Reply

  • mocho

    April 11, 2012 at 10:40 am

    အလုပ် လုပ်တဲ့ ဦးရေများပြီး ဟွန်ဒီအရေတွက်နည်းနေလို့ များလား။ စလုံးက ဟွန်ဒီ တွေကတော့သွားထုတ်ရတာ လွယ်ပါတယ်။ ဟိုတခါ အချီကြီး ဘက်သွားတာက လွဲလို့။

    Reply

    • ဆူး

      April 11, 2012 at 11:06 am

      စလုံး ဟွန်ဒီက ငွေတောင် မလွဲရသေးဘူး လွဲမယ်ဟေ့ ဆိုတာနဲ့ အထုတ်လိုက်ကို လာပို့တာ..
      အဆင်လည်းပြေပါတယ်။

      မလေးဘက်က မိသားစုဝင်တွေကို ငွေလွဲတဲ့ လူတွေ မိသားစုတွေ မြင်တွေ့ ကြုံတွေ့ ရတဲ့ ဒုက္ခကို သိသာ မြင်သာအောင်လို့ပါ။
      ငွေလွဲ လာထုတ်တဲ့ လူတော်တော် များများက တောက လူတွေ ဖြစ်နေတော့ သူတို့ ဒီလို ပြောပြတတ်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ ကိုယ်စား အများ သိအောင် စာချရေးပြထားတာပါ။

      Reply

      • pwa gyi

        April 11, 2012 at 2:55 pm

        ဟုတ်တယ် အဲ.လိုပုံစံ လုပ်နေ တဲ.ငွေ လွှဲ လုပ်စားနေတဲ.လူတွေ အများကြီးပဲ
        သူ တို.က အဓိက က ငွေ အဲ.လောက်များများ မရှိလို. အချိန် စွဲ တာ ကတစ် ချက်
        ငွေဈေး အတက် ကို ကစားတာ လည်း ရှိတတ်တယ်
        ဒါ ပေမဲ. တချို. အဆင်ပြေပြေ လုပ်စားတဲ.သူတွေ လဲ ရှိနေပါတယ်
        သိရသလောက် အိန္ဒြာ လုပ် ငန်းစု က လွှဲ ရင် တော်တော် လေးအဆင် ပြေပါတယ်
        အိမ်အရောက် ပို.ပေးတယ် ။နယ် မြို.တွေကို ဆိုရင် လဲ ဘယ်ဘဏ်က နေ ထုတ်ချင်လဲ
        အဲ.ဒီဘဏ် ကို ပို.ပေးတယ် လို.သိရတယ် ။ ဒါ ပေမဲ. သူ.တို.လဲ ငွေဈေးလေ အပြောင်းအလဲ လှုပ် လာပြီးဆိုရင်
        တပတ် လောက် ကြာသွားတတ်တယ် ။ ပုံမှန် တော. ၂ရက် ဆိုရင် ရန်ကုန် ကို် အိမ် တိုင်းရာရောက် ကို ပို.ပေးတယ်
        အဆိုးတွေ ထဲက အကောင်းတစ်ခု လို. တော. ထင်ပါတယ်

        Reply

        • ဆူး

          April 11, 2012 at 3:07 pm

          အခု လတ်တလော ကောင်းတာလေး တခုကတော့ ဒီပိုစ်လေးကို ဖတ်ပြီး ကောင်းတာတွေ ဘာရှိလဲ ဆိုတာ ဝင်ဆွေးနွေးကြရင်းနဲ့ သိထားတာတွေ ဖလှယ်ပြီးသား ဖြစ်သွားကြလိမ့်မယ် လို့ ယူဆပါတယ်။
          အစစ အရာရာ အဆင်ပြေကြပါစေနော်။

  • Gipsy

    April 11, 2012 at 11:20 am

    ဒီလို လူမျိုးတွေ ဒီလိုစိတ်ဓါတ်မျိုးတွေနဲ့ ဒီမိုကရေစီ ဆိုတာကြီးကို ဘယ်လိုများ
    ဖြတ်ကျော်ရပါလိမ့်နော်….
    တချို့လဲ လွယ်တာကို ခက်အောင်လုပ်တတ်ကြလွန်းတယ်…
    ငါ မှ ငါ .. ငါလုပ်ပေးမှရမှာ.. ငါသာလျှင် အဓိက ဆိုတဲ့စိတ်ဓါတ်မျိုးတွေ မရှိသင့်တော့ပါ..
    ကိုယ်ချင်းစာတတ်တဲ့ စိတ်လေးမျိုးမွေးမြှုူ နိုင်ကြရင် လောကကြီး သာယာလာမှာ ….။

    Reply

    • ဆူး

      April 11, 2012 at 11:46 am

      ပြောရရင် လူမျိုးရေး ခွဲ ခြားတယ် ဖြစ်အုန်းမယ်။ မြန်မာ မဟုတ်ဘူး ဗုဒ္ဓဘာသာတွေ မဟုတ်ဘူး။

      Reply

  • pyaponthu

    April 11, 2012 at 1:36 pm

    အတွေ့အကြုံ့ရပြောမယ်ဆိုရင် မလေးရှားမှာ ငွေလွဲတာ အဆင်အပြေဆုံးက သိနိ္ဒဝင် ကအကောင်းဆုံးဘဲ။ဘဏ်ထဲလဲထည့်ပေးခိုင်းလို့ရတယ်။အလွန်ဆုံကြာ ၃ရက်ဘဲ။နယ်လည်းလွဲလို့ရတယ်ငွေအများကြီးပို့လဲစိတ်ပူစရာမလိုဘူး။။ဆူးပြောတဲ့ လိပ်စာကို သိတယ်။နာမည်ကြီး ဆိုင်တခုဘဲ။သူက ရက်မမှန်ဘူး။တခါလေ တလတောင်ကြာတယ်။ခဏခဏဖြစ်ဘူးတော့ အဲ့ဒီဆိုင်ဘယ်တော့မှ မလွဲတော့ဘူး။များသောအားဖြင့်မွေး/ရေဘဏ်ကိုလွဲခိုင်းလဲရတယ်။ဘယ်ဘဏ်မဆို လွဲလို့ရတယ်။

    Reply

  • etone

    April 11, 2012 at 7:43 pm

    အစ်မဆူးရေ … ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး ။
    တရားဝင်လုပ်ကိုင်နေတာမျိုးမဟုတ်တော့လည်း ခက်သားလားနော် … ။သူတို့ လိုလူမျိုးတွေ လုပ်ပေးလို့ ငွေလွှဲခွင့်ရနေတော့လည်း… ဒီလိုပဲ ကြိတ်မှိတ်ပြီးငွေထုတ်ရရှာတာပေါ့လေ … ။

    အစိုးရကသာ တရားဝင်ငွေလွှဲနိုင်မယ့် ဘဏ့်မျိုးကို လွှဲခသက်သက်သာသာနဲ့ …. ဆောင်ရွက်ပေးမယ်ဆိုလျှင် ပြည်သူတွေဒီဒုက္ခက ငြိမ်းသွားသလို …. အစိုးရဘဏ္ဍာငွေလည်း ပိုရလာမယ်လေ ….. 🙄

    Reply

  • ကြောင်ကြီး

    April 12, 2012 at 7:48 am

    တမင်ကြန့်ကြာအောင် လုပ်ထားတာလည်း ဖြစ်နိုင်တဒယ်ဖွားဆူး…။ ဒါမှ နေ့ပြန်တိုး စားရမှာလေ…။ ကျုပ်ကိုသာ အဲလိုလုပ်ကြည့်ပါလား.. ချက်ခြင်းရဲခေါ်ပြီး ကိုယ့်ကိုယ်ကို အဖမ်းခံလိုက်မယ်…။ 😀

    Reply

    • ဆူး

      April 13, 2012 at 9:15 am

      နောက်တခါ ဒီလို ကိစ္စ မျိုးဆို ကြောင်ကြီးကို အပ့်ပါ့မယ်။
      ထောင်ခါထားတာ သိပ်မကြာသေးတော့.. နေရာလည်း အဆင်သင့် ရှိမှာပါ။

      Reply

  • MTY

    April 12, 2012 at 10:30 am

    နိုင်ငံခြားနဲ့အဆက်အသွယ်မရှိတော့အေးရော်..
    ငွေပို့စရာလဲမရှိဘူး၊ထုတ်စရာလဲမရှိဘူး။
    မြောက်ကိုးရီးယားကချိန်ပြီးပစ်မဲ့ဒုံးပျံရောက်မဲ့
    နေရာထဲဒို့မပါတော့အေးဆေးဘဲ..ဟားဟား

    Reply

  • Don Juan Ronald

    April 12, 2012 at 10:21 pm

    ဘာ လုပ် လုပ် လူ တိုင်း တန်း စီ တတ် တဲ့ အ ကျင့် ရှိ ဖို့ လို တယ် ။
    တိုး ဝှေ့ နေ ရင် သူ များ အ တွက် လည်း မ ကောင်း ဘူး ၊ ကိုယ့် အ တွက် လည်း မ ကောင်း ဘူး ။

    Reply

    • ဆူး

      April 13, 2012 at 9:13 am

      အဘ တရုတ်ပေါ်ဦး ရေ.. ဒီနိုင်ငံမှာတော့ တန်းစီတဲ့ စနစ် ကျင့်သားမရသေးတာ သေချာတယ်။
      စူပါမားကတ်တွေမှာ တန်းစီပြီး ပိုက်ဆံ ရှင်းရတာတောင် တခုတည်းပါ အရင် ရှင်းလိုက်ချင်လို့ပါနဲ့ တန်းမစီပဲ ဟိုတိုးဒီတိုး လုပ်လို့ တခါ စကားများရသေးတယ်။
      တနေ့က ဆို ဆူး ရှေ့မှာလည်း ၂ယောက် ရှိတယ် ဆူး နောက်မှာ လာတန်းစီပြီး ပိုက်ဆံရှင်းရမှာ ကောင်တာ နားသွားပြီး ဒါလေးတခုတည်းပါ ဖြတ်ပေးပါတဲ့ လုပ်တယ်။
      အရောင်းစာရေးကလည်း ပိုက်ဆံ ရှင်းပေးဖို့ လုပ်တော့ အနောက်က လှမ်းပြီး အလှည့်မကျော်နဲ့ လှမ်းထောက်လိုက်တော့ ပိုက်ဆံ မဖြတ်ရဲပဲ စီနီယာ အတိုင်း ဆက်လုပ်ပေးတယ်။ အနောက်က လှမ်းပြီး အလှည့်နဲ့ စီလို့ ပြောတဲ့ လူကို ပွစိ ပွစိ နဲ့.. ဒါလေး တခုတည်းကို ဘာဖြစ်သွားမှာ မိုလို့လဲ ဘာညာနဲ့.. ကိုယ်တိုင်က အသာစီးယူပြီး အနိုင်ကျင့်ချင်တာ မမြင်ဘူး သူများကိုပဲ အပြစ်မြင်ပြီး ပွစိပွစိ လုပ်ပြီး မဝယ်တော့ဘူးဆိုပြီး ပြန်ထွက်သွားတယ်။
      စနစ်တကျ ရောင်းရ ဝယ်ရဖို့ လုပ်ထားတာတောင် ရအောင် ဂျားခိုးဖြတ်ချင်တယ်။ မဖြတ်ရလို့ အော်ဟစ်နေတယ်။ စရိုက်တွေ ပြင်ဖို့ တော်တော် ခက်တယ်။ အတန်းပညာ မှာကတည်းက တခါတည်း တွဲပြီး သင်လာဖို့ သင့်တယ်။

      Reply

Leave a Reply to Thel Nu Aye Cancel Reply

Your email address will not be published.