အချိုရည်များနှင့် ကင်ဆာ

khinmintatthuJune 11, 20101min00

ပုံ (၁) အမျိုးမျိုးသော soft drinks များ

မြန်မာနိုင်ငံမှာ soft drink လို့ ခေါ်တဲ့ အချိုရည်ပုလင်းတွေကို
မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်လာကြတာ နှစ် ၂ဝ လောက်ရှိပြီ ထင်ပါတယ်။ Pepsi
တို့ 7up တို့က စလိုက်တာ အခု fruito တို့ cola တို့ခောတ် အထိပါပဲ။
ကြားထဲမှာ lippo တို့ ကျွဲရိုင်းတို့လည်း ပါပါသေးတယ်။ သူတို့ကို energy
drink လို့လည်း ခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆိုသော် သူတို့ထဲမှာ သကြားဓာတ်တွေ
အမြောက်အမြားပါဝင်တယ်။ သကြားဆိုတာ body အတွက် စွမ်းအင်ပဲ။ အဲဒီတော့
အချိုရည်သောက်လိုက်ရင် လန်းသွားတယ်ဆိုတာ တကယ်တော့ မဆန်းလှပါဘူး။ ပေါ်စတုန်းက
အရမ်းခောတ်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြို့ပေါ်ကလူတွေက
ဒီအချိုရည်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ သိရှိလာကြပါတယ်။ ရလဒ်အဖြစ်
သောက်တော့သောက်ကြတယ်။ အလွန်အကျူးမသောက်ကြတော့ဘူး။ နယ်ဘက်မှာတော့ အစကတည်းက
သိပ်ပြီး သောက်ကြလေ့ မရှိဘူးထင်ပါတယ်။

ဒီအချိုရည်တွေကို America မှာတော့ အခုထက်ထိ စွဲစွဲမြဲမြဲ သောက်ကြတုန်းပဲ။ Coca cola ကလည်း
အရမ်းနာမည်ကြီးတယ်လေ။ ကြော်ငြာအားကလည်း တကယ်ကောင်းတာ။ American တွေက
ကျန်တဲ့နေရာမှာသာ တော်ရင်တော်မယ်။ ကျန်းမာရေး အမူအကျင့်နဲ့ ပတ်သက်လာရင်
ဗမာတွေနဲ့ သိပ်ကွာတာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း အဝလွန်ရောဂါတွေ
လူငယ်တွေကြားမှာ အရမ်းဖြစ်လာတာ။ သူတို့တတွေက သိသိချည်းနဲ့ နေချင်သလိုနေ
နေကြသလိုပဲ။
အခု အဲဒီ အချိုရည်တွေနဲ့ ပတ်သက်ပြီး သုတေသန စာတမ်းတစ်စောင် ထွက်လာတယ်။ ပြုလုပ်တဲ့ တက္ကသိုလ်ကတော့ Washington, DC က Georgetown
University Medical Center ကပါ။ ထိုစာတမ်းကို ဖေဖော်ဝါရီလထုတ် ကင်ဆာ
မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အချိုရည် သောက်မှုနဲ့ Pancreas Cancer တို့ရဲ့
ဆက်သွယ်မှုကို သိရှိအောင် စင်ကာပူ နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေကြားမှာ
သုတေသနကကို ပြုလုပ်ခဲ့ပါတယ်။ ကြာမြင့်ချိန်ကတော့ ၁၄ နှစ် ဖြစ်ပါတယ်။

Pancreas ကို ဗမာလို မုန့်ချိုအိတ်လို့ တချို့ကလည်း ခေါ်ကြတယ်။ body အတွက်
အရမ်းအရေးကြီးတဲ့ Insulin ဟော်မုန်းကိုု သူက ထုတ်ပေးပါတယ်။ နောက်ပြီး
အစာခြေတဲ့ ဖြစ်စဉ်မှာလည်း တစ်တပ်တစ်အား ပါဝင်ပါသေးတယ်။ Pancreas ဟာ
ဗိုက်ထဲမှာ တည်ရှိပြီး အူများ ကလီစားများရဲ့ အနောက်မှာ တည်ရှိပါတယ်။
တစ်ခါတစ်ရံတွင် ကျောက်တည်ခြင်းကြောင့် သို့မဟုတ် အရက်သောက်ခြင်းကြောင့်
ရောင်တတ်သည်မှာလွဲ၍ လူကို တော်ရုံတန်ရုံ ဒုက္ခမပေးပါ။ Pancreas တွင်
ကင်ဆာဖြစ်ပါက အစပိုင်းတွင် မည်သည့်လက္ခဏာမှာ မပြတတ်သော်လည်း
ရောဂါရင့်လာသောအခါ သည်းခြေပြွန်ကို ပိတ်စေပြီး အသားဝါခြင်းကို
ဖြစ်စေတတ်သည်။ ရောဂါစောစောစီးစီးသိရှိပါက
ခွဲစိတ်ကုသပျောက်ကင်းနိုင်သော်လည်း quality of life သည် ယခင်ကလောက်
မကောင်းတော့ပေ။ ထို့ကြောင့် မဖြစ်အောင် ကာကွယ်ခြင်းကသာ
အကောင်းဆုံးဖြစ်ပါသည်။ ခက်တာက ဘာကြောင့် ကင်ဆာဖြစ်ရသလဲဆိုတာ ဘယ်သူမှ အတိအကျ
မပြောနိုင်သောကြောင့် ကာကွယ်ရန်လည်း မလွယ်လှပေ။ ဆေးလိပ်သောက်ခြင်းနှင့်
အဝလွန်ခြင်းတို့ကြောင့် ဖြစ်နိုင်သည် ဟု ပြောကြသော်လည်း ရာခိုင်နှုန်းက
အရမ်းနည်းပါးသောကြောင့် “ခင်ဗျား ဆေးလိပ်ဖြတ်လိုက် pancreas
ကင်ဆာမဖြစ်ဘူးလို့ အာမခံတယ်လို့ “ယတိပြတ်ပြောလို့မရပေ။ ကင်ဆာကို
ဖြစ်စေတဲ့လို့ သံသယရှိခြင်းခံရသူတွေကတော့ အဝလွန်ခြင်း၊ အမျိုးအစား ၂
ဆီးချိုရှိသူများ နှင့် ဆေးလိပ်သောက်သူများ ဖြစ်ကြပါတယ်။ အခုတော့
နောက်ထပ်အသစ်တစ်ခုတိုးလာပြီပေါ့။

ပုံ (၂) pancreas တွင် ကင်ဆာဖြစ်ပွားနေပုံ

ပုံ (၃) pancreas cancer ကို ခွဲစိတ်ရန်အတွက် ဖြတ်တောက်ပစ်ရသော
အစိတ်အပိုင်းများ

သုတေသနအကြောင်းကို ပြန်ပြောရရင် သူက လူတွေရဲ့ အအေးသောက်တဲ့ပုံစံ၊ lifestyle နဲ့
ဒီကင်ဆာရောဂါရဲ့ ဆက်စပ်မှုကို ရှာဖွေတာပါ။ သုတေသနရဲ့ အစမှာ
ပါဝင်သောသူတွေရဲ့ ၉.ရ ရာခိုင်နှုန်းလောက်က တစ်ပတ်မှာ soft drink (coca cola
or similar energy drink) တွေကို ၂ ကြိမ်နဲ့ အထက် သောက်သုံးကြပါတယ်။ ၁၀
ရာခိုင်နှုန်းလောက်ကတော့ သစ်သီးဖျော်ရည်အစစ်တွေကို တစ်ပတ် ၂ ကြိမ်လောက်
သောက်ကြပါတယ်။ soft drink သောက်သူအများစုဟာ ယောက်ကျားတွေ ဖြစ်နေတတ်ပြီး
သူတို့ဟာ ပညာတတ်တယ်။ အရက်သောက်တယ်။ အလုပ်များတယ်။
ကိုယ်လက်လှုပ်ရှားနည်းတယ်။ ဆေးလိပ်လည်း သောက်ကြတယ်။
သစ်သီးဖျော်ရည်သောက်သူတွေကလည်း မထူးမခြားနားသော lifestyle တွေရှိကြတယ်။
အဲဒီတော့ သူတို့မှာ ကွာတာက အအေးသောက်ရင် တစ်ချို့က soft drink သောက်ပြီး
တချို့က သစ်သီးဖျော်ရည် သောက်ကြပါတယ်။ ၁၄ နှစ် ကြာပြီးနောက် သူတို့ကို
follow up လည်းလုပ်လိုက်ကော အယောက် ၆ သောင်းခွဲလောက်မှာ ၁၄ဝ က pancreas
ကင်ဆာဖြစ်နေတာကို တွေ့ရပါတယ်။ အရေအတွက်ချင်း ယှဉ်ကြည့်လိုက်ရင် မသိသာပေမယ့်
ဖြစ်သူအများစုက soft drink ကို တစ်ပတ်ကို ၂ ကြိမ်ထက် ပိုသောက်နေသူတွေ
ဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းကတော့ တစ်လကို တစ်ကြိမ်လောက်တော့ သောက်မှာပါ။
သို့သော် သူတို့ထက် တစ်ပတ်ကို ၂ ကြိမ်ထက်မက သောက်သူတွေက ၉၅
ရာခိုင်နှုန်းလောက် ဖြစ်ဖို့ အခွင့်အလမ်းပိုများနေတာ တွေ့ရပါတယ်။ lifestyle
ချင်းအတူတူ သစ်သီးဖျော်ရည်သောက်သူတွေကတော့ ဖြစ်နိုင်ချေ ၃၀
ရာခိုင်နှုန်းလောက်ပဲ တက်လာတာကို တွေ့ရပါတယ်။သုတေသီတွေရဲ့ ယူဆချက်ကတော့
soft drink တွေတစ်ခုတည်းကြောင့် ကင်ဆာဖြစ်ဖို့ထက် အခြားသော ကျန်းမာရေးနဲ့
မညီညွတ်တဲ့ နေထိုင်နည်းပုံစံတွေနဲ့လည်း ပတ်သက်ပါတယ်တဲ့။ လူကလည်း
နေချင်သလိုနေမယ်။ အချိုရည်တွေလည်း နင်းကန် သောက်နေသူတွေသာ ကင်ဆာဖြစ်တာ
တွေ့ရပါတယ်။
ဒီ post ကို ဖတ်ပြီးတော့ အအေးထုတ်တဲ့ ကုမ္ပဏီတွေကို တရားစွဲဖို့ မဟုတ်ပါဘူး။ ဒီအအေးတွေကလည်း
ကိုယ်တကယ်ပင်ပန်းလာတဲ့အချိန်မျိုးတွေမှာ သောက်လိုက်ရင်
လန်းဆန်းတက်ကြွစေပါတယ်။ သို့သော် အလွန်အကျွံမသောက်ဖို့တော့လိုပါတယ်။
သူတစ်ခုတည်းကြောင့် ကင်ဆာဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ဘယ်သူမှ
အတိအကျမသိသေးတဲ့အတွက် သတိထားသင့်ပါကြောင်း။ ။

Leave a Reply

Your email address will not be published.