ပြည်တွင်းနာမည်ကြီးကစားသမားများအား နေပြည်တော်အသင်း တရားဝင်ကမ်းလှမ်း

khinmintatthuJune 11, 20101min01

သီဟစည်သူ၊ ဇော်လင်းထွန်း-၂နှင့် ရာဇာဝင်းသိန်း အစရှိသည့် ပြည်တွင်း နာမည်ကြီး ကစားသမား များအား နေပြည်တော် အသင်းက တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ မြန်မာနေရှင်နယ်လိဂ် အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲသို့ အသင်းသစ်အဖြစ်ဝင်ရောက်လာသော နေပြည်တော်အသင်းသည် ဒယ်လ်တာ ဂိုးသမား သီဟစည်သူ အတွက် ပြေင်းရွှေ့ကြေး သိန်း ၁၈ဝဖြင့် ကမ်းလှမ်းခဲ့ပြီး ကစားသမား ဖြစ်သူကိုလည်း လစာငွေ အဖြစ် ၁၈သိန်းအထိ ပေးမည် ဖြစ်သည်ဟု သိရသည်။ သီဟစည်သူသည် ရန်ကုန် ယူနိုက်တက် အသင်းကလည်း ကမ်းလှမ်းခြင်း ခံခဲ့ရသည့် ကစားသမား ဖြစ်ပြီး ထိုစဉ်က ပြောင်းရွှေ့ကြေး သိန်း ၁၅၀၊ လစာ ၁၅သိန်းဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာ့လက်ရွေးစင် ဂိုးသမား သီဟစည်သူကမူ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ပြောင်းရွှေ့ခွင့် ရမည် ဆိုပါက ရန်ကုန် ယူနိုက်တက် အသင်းသို့သာ ပြောင်းရွှေ့ လိုပါကြောင်း ယနေ့ထုတ် Sport Times ဂျာနယ်သို့ ပြောကြားခဲ့သည်။ ထို့ပြင် ဒယ်လ်တာ အသင်း တာဝန်ရှိသူများက ၎င်းအား စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုရန် ကြိုးပမ်း နေသည်ဟုလည်း ပြောကြားခဲ့သည်။ “ရန်ကုန် အသင်းက နောက်ထပ် ကမ်းလှမ်းမှုတွေ ပြုလုပ် လာတယ်လို့ သိရပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ရန်ကုန်ကို ပြောင်းချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်ဆိုတာ ကစားသမား အားလုံးရဲ့ အိပ်မက် တစ်ခုပါပဲ။ ကျွန်တော်ကတော့ ငွေကြေးနဲ့ ကစားခွင့် ၂ခုထဲက တစ်ခုကို ရွေးပါဆိုရင် ကစားခွင့်ကိုပဲ ရွေးမှာပါ။ ဒါကြောင့်လည်း ဝန်ကြီးဌာနကို မပြန်ဘဲ ဘောလုံး ဆက်ကစားဖို့ ဆုံးဖြတ် ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

နေပြည်တော် အသင်းသည် လက်ရှိ အမှတ်ပေး ဇယား ဦးဆောင်နေသည့် ဇေယျာရွှေမြေ အသင်းထံမှ အဓိက ကစားသမား ၂ဦးဖြစ်သည့် ဇော်လင်းထွန်း-၂နှင့် ရာဇာဝင်းသိန်း တို့ ၂ဦးကိုလည်း ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူ တစ်ဦးကမူ မည်သည့် ပမာဏဖြင့် ကမ်းလှမ်းစေကာမူ အသင်းမှ အဓိက ကစားသမား များအား ရောင်းချမည် မဟုတ်ကြောင်း သိရှိရသည်။

One comment

  • yannaingech

    June 11, 2010 at 6:11 pm

    ကျွန်တော့်သားကို စာမကျက်ခိုင်းတော့ဘူးဗျာ။ ရိုက်နှက်ပြီး ဘောလုံးပဲကန်ခိုင်းတော့မယ်…

    Reply

Leave a Reply

Your email address will not be published.