နေပြည်တော်ကိုဝိုင်းဂျ Occupy


တလောက နိုင်ငံတကာမြို့ပြကြီးတွေမှာ အခွင့်အရေး လှုပ်ရှားသူတွေရဲ့ occupy movement များ ရေပန်း အတော်စားလိုက်တယ်။ သူတို့ပြုပြင်ပြောင်းလဲချင်တဲ့ ရည်မှန်းချက်ရဲ့ အချက်အခြာကျတဲ့ နေရာဒေသများကို လူထုအင်အားပြ ချီတက်သိမ်းပိုက်ခြင်း သင်္ကေတကို နည်းဗျုဟာမျိုးစုံနဲ့ လုပ်ဆောင်ဂျတာပါ။ ရက်ပေါင်းများစွာ သိမ်းပိုက်ဆန္ဒပြတာ ရှိသလို သာမန်လမ်းပေါ်ထွက် ဆန္ဒပြတာလည်း ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တုံ့ပြန်ပုံကလည်း သူတို့အပြုအမူကိုလိုက်လို့ အမျိုးမျိုးဖြစ်ပါတယ်။ (အာဏာရှင်နိုင်ငံများမှာလို အဓမ္မရိုက်နှက် သတ်ဖြတ်တာမျိုးတော့ ရှိဘူးပေါ့ဗျာ။ သတ်မှတ်ထားတဲ့ တရားဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူ၊ ငွေဒဏ်တပ် အာမခံပေး ပြန်လွှတ်တာလောက်ပါပဲ။ အဲဒီလှုပ်ရှားမှု တခုထဲနဲ့ လိုချင်တဲ့ ရည်မှန်းချက်ပြည့်ဖို့ မဖြစ်နိုင်ပေမဲ့ အများပြည်သူ အသိအမှတ်ပြုမှု အကြီးအကျယ်ရသွားတယ်၊ လှုပ်ရှားသူအချင်းချင်းကြားမှာ ယုံကြည်မှုခွန်အား တိုးပွားစေတယ်၊ တောင်းဆိုနေတဲ့ ကဏ္ဍနယ်ပယ်များမှာ ပြုပြင်ပြောင်းလဲရေးသမားများကို အားသစ်လောင်း ပေးလိုက်တယ်။
နိုင်ငံတခုမှာ ပြည်တွင်းစစ်ဖြစ်လို့ နှစ်ဖက် စစ်ပြိုင်တိုက်တဲ့အခါ မြို့တော်ကို သိမ်းပိုက်ရဖို့ အားထုတ်ရတယ်။ မြို့တော်မကျသ၍ လက်ရှိအစိုးရကို နိုင်ငံအစိုးရ ဖြစ်တယ်၊ တဖက်တပ်ဖွဲ့များ မြို့တော်ကို မသိမ်းပိုက်နိုင်သ၍ အစိုးရ အဆင့်အတန်း သတ်မှတ်လို့မရဘူး။ ဒါ ယေဘူယျ နိုင်ငံတကာ ဒစ်ပလိုမေစီ ထုံးတမ်းဖြစ်ပါတယ်။ အနည်းဆုံးတော့ ကုလသမဂ္ဂမှာ ထိုင်ခုံမပျောက်ဘူး။ အာဖဂန်နစ္စတန်မှာ တာလီဘန်များ မြို့တာ်ကဘူးလ်ကို မသိမ်းခဲ့နိုင်သ၍ နိုင်ငံအစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်အပြု မခံခဲ့ရဘူး။ မြောက်ဗီယက်နမ် ကူမြူနစ် များလည်း တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံကို သိမ်းနိုင်မှ ဗီယက်နမ်ပြည်တွင်းစစ် ပြီးတယ်။ ဒုတိယကမာ္ဘစစ် ပြီးခါနီးမှာ ဆိုဗီယက်ရုရှားတပ်နီတော်သည် ဂျာမနီမြို့တော်ဘာလင်ကို ထောင်သောင်းများစွာ ပေးဆပ်ပြီး အမေရိကန်နဲ့ပူပေါင်း မဟာမိတ်တပ်များထက် လက်ဦးမှုရယူ သိမ်းပိုက်ခဲ့တယ်။ အကျိုးရလဒ်က နောက်ပိုင်း ဘာလင်မြို့ကို အခြေခံတဲ့ ဂျာမနီနိုင်ငံ နှစ်ပိုင်းခွဲတဲ့အခါ ဆိုဗီယက်တို့ အပေါ်စီးရပါတယ်။ ဒီလိုပဲ နိုင်ငံရေး အကျပ်အတည်း ပေါ်ပေါက်လာရင် လွှတ်တော်လို နေရာမျိုးကို အစိုးရနဲ့ အတိုက်အခံတို့ လုရတယ်။
အခုလည်း မြန်မာနိုင်ငံမှာ အလားတူအခွင့်အရေးမျိုး ရပါတော့မယ်။ အထူးသဖြင့် အာဏာရှင် စစ်ဗိုလ်ချုပ်များ ခိုအောင်းရာ နေပြည်တော်မဲဆန္ဒနယ်များမှာ ဖြစ်ပါတယ်။ အဲဒီမှာ လေးနေရာစလုံး လစ်လပ်တယ်။ အန်အယ်ဒီ ကိုမဲပေးဂျပါ။ occupy လှုပ်ရှားမှုလို လမ်းပေါ်ထွက် စွန့်စားစရာ မလိုဘူး။ နေ့တနေ့ရဲ့ အချိန်ပိုင်းတခုသုံးပြီး ဘေးကင်းရန်ကွာ မဲရုံသွား မဲထည့်ရုံပါပဲ။ ပြည်သူများအနေနဲ့ နည်းနည်းပို အားစိုက်ပေးဂျပါ။ မိမိတို့အပေါ် မျိုးဆက်ပေါင်းများစွာ အနိုင်ကျင့်ဗိုလ်ကျလာတဲ့ စစ်အာဏာရှင် လက်သစ်လက်ဟောင်း လက်ပါးစေများကို အနုနည်းနဲ့ ရဲရဲဝံ့ဝံ့ထုတ်ဖော်ဆန္ဒပြပါ။ အန်အယ်လ်ဒီကို မဲပေးစေချင်တဲအကြောင်းကတော့ ဒီမိုကရက်များ အချင်းချင်း မဲမပြန့်သွားစေချင်လို့ ဖြစ်ပါတယ်။ အတွင်းစည်းကနေ တိုက်ယူမည့် တပ်ဦးအဖွဲ့အစည်းအတွက် လိုအပ်နေတဲ့ အင်အားဖြစ်လို့ပါ။ တသီးပုဂ္ဂလ၊ အခြားဒီမိုကရက်များဆိုရင် အန်အယ်လ်ဒီလို လုပ်နိုင်မည့် အနေအထား မရှိပါဘူး။ အချိန်စောင့်ရပါမယ်။ သူတို့ကို ရွေးချင်ရင် နောင်လာမည့် အထွေထွေရွေးကောက်ပွဲ စောင့်ဂျပါ။ အချိန်ကျန်ပါသေးတယ်။ ဒီပွဲမှာတော့ တကယ်လုပ်နိုင်မည့် ဒေါ်စုဦးဆောင်တဲ့ အန်အယ်လ်ဒီကို အမြင်ကျယ်ကျယ်နဲ့ မဲပေစေလိုပါတယ်။ ပြည်နယ် ပြည်မ ပါတီကြီး ပါတီလေး ဆိုတာထက် ဒီမိုကရေစီရေး အတွက် ပြည်တွင်းပြည်ပ အင်အားစုများကို ဦးဆောင်မှုပေးနိုင်မည့် အန်အယ်လ်ဒီပါတီကို မဲပေးဂျပါခင်ဗျား…။
နေပြည်တော်မှ စောင့်နေမည့် ကြောင်ကြီး

16 comments

  • nozomi

    March 23, 2012 at 10:58 am

    နိုင်ငံကို ဦးဆောင်မဲ့သူ ပြည်သူ့အကျိုးလိုလားသူတွေဟာ ပြည်သူအတွက် စဉ်းစားပေးရမယ် ကိုယ့်အတ္တကို လျှော့ကြရမယ်

    မရမ်းကုန်း နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ကိုကြည့်ရင် ကြံခိုင်ရေးကို ဖယ်ထားပြီး ဒီမိုကရေစီဆိုတာတွေ ကြည့်ရင်တောင် ၃၊၄ ဖွဲ့ ဖြစ်နေတယ် အားလုံးကလဲ သူ့နည်းသူ့ဟန်နဲ့ ကောင်းကြတယ် လူတွေကလဲ သဘောကြတယ်ဆို မဲထည့်တဲ့ပြည်သူတွေ ဘယ်သူ ကလိမ်ကကျစ်လုပ်တာမှ မဟုတ်ပဲ မဲတွေက အားလုံးဆီကို ပြန့်သွားမယ် ကြားထဲက ကြံခိုင်ရေးက အချောင်နိုင်သွားဦးမယ်

    အကောင်းဆုံးက သူကြီးပြောသလို ပါတီကြီး နှစ်ခုပဲ ရှိသင့်တယ် ကြံခိုင်ရေး နဲ့ နောက်တစ်ပါတီ ၊ အဲဒါမျိုးဆို မဲရလဒ်က ပြတ်ပြတ်သားသားဖြစ်သွားမယ် ၊ အခုချိန် အဲဒီလို မလုပ်နိုင်သေးရင်တောင် ကိုယ့်အချင်းချင်းညှိ မြို့နယ်တွေ ခွဲ ၊ ဒီမိုကရေစီပါတီတွေ ညီညီညွတ်ညွတ်နဲ့ အင်အားတစ်ခုတဲဖြစ်ရမှာ

    အခုဟာ သူကလဲ ခေါင်းဆောင်လုပ်ချင် ငါကလဲ ခေါင်းဆောင်လုပ်ချင်နဲ့ များလိုက်တဲ့ပါတီတွေ

    ပြည်သူတွေကို စည်းလုံးကြပါ ညီညွတ်ကြပါ အနစ်နာခံကြပါလို့ မပြောခင် ကိုယ့်အချင်းချင်း အရင်ညှိလိုက်ကြပါဦးဗျာ

    Reply

  • Swal Taw Ywet

    March 23, 2012 at 11:19 am

    nozomi says:
    အခုဟာ သူကလဲ ခေါင်းဆောင်လုပ်ချင် ငါကလဲ ခေါင်းဆောင်လုပ်ချင်နဲ့ များလိုက်တဲ့ပါတီတွေ

    ပြည်သူတွေကို စည်းလုံးကြပါ ညီညွတ်ကြပါ အနစ်နာခံကြပါလို့ မပြောခင် ကိုယ့်အချင်းချင်း အရင်ညှိလိုက်ကြပါဦးဗျာ.
    Ko Big Cat says:
    ဒီပွဲမှာတော့ တကယ်လုပ်နိုင်မည့် ဒေါ်စုဦးဆောင်တဲ့ အန်အယ်လ်ဒီကို အမြင်ကျယ်ကျယ်နဲ့ မဲပေစေလိုပါတယ်။ ပြည်နယ် ပြည်မ ပါတီကြီး ပါတီလေး ဆိုတာထက် ဒီမိုကရေစီရေး အတွက် ပြည်တွင်းပြည်ပ အင်အားစုများကို ဦးဆောင်မှုပေးနိုင်မည့် အန်အယ်လ်ဒီပါတီကို မဲပေးဂျပါခင်ဗျား…။ ( ကြောင်ကြီး.)
    Bravo , Brothers.
    This is the most important and urgently needed.
    We need to support NLD ( only NLD ) UNITEDLY.

    With respect,
    Swal Taw Ywet.

    Reply

  • ရွာစားကျော်

    March 23, 2012 at 11:24 am

    လက်သီးလက်မောင်တန်းပီး ဖတ်သွားပါတယ်..
    အုတ်တချပ် သဲတပွင့် မဲတစ်ပြား ထည့်ဝင်သိမ်းပိုက်ဖို့ စိတ်ကူပြီးသားပါဗျို့

    Reply

    • Oakar Bo

      March 23, 2012 at 2:01 pm

      Bravo, awaiting—————– 😛

      Reply

  • windtalker

    March 23, 2012 at 11:31 am

    လက်တမ်းရေးပေမယ့် ၊ ထိထိမိမိကလိနိုင်စွမ်း ၊ စတိုင်းယားအရေးကောင်းသော ၊ ကိုကိုကြောင် ကိုယ်တိုင် ပြန်လာပြီး ၊ အန်အယ်လ်ဒီ ပါတီ နှင့် ပူးပေါင်းဆောင်ရွက်ပါ။

    Reply

  • Khaing Khaing

    March 23, 2012 at 1:11 pm

    မဲပေးတယ်ဆိုလို့ စကားမစပ်ပြောရဦးမယ် တစ်ခြားလူတွေကြားရင်တော့ ခိုင့်ကိုအော်မှာသေချာတယ် အခု မြန်မာပြည်မှာ မဲပေးတာ ဘယ်နှစ်ခါရှိပြီလဲ ၃ ကြိမ်လောက်ရှိပြီ ခိုင်တစ်ခါမှ မဲရုံကိုမရောက်လိုက်ရဘူး … ၁၉၈၈ တုန်းကလည်းအသက်မပြည့်သေးလို့ အခုနောက်ပိုင်းကျတော့လည်း ဘာမှန်းကိုမသိလိုက်ဘူး နိုင်ငံရေးတွေကလည်း ဘယ်လိုမှစိတ်ဝင်စားလို့မရဘူး ယုံရမှာလည်းခပ်ကြောက်ကြောက်ရယ်… မြန်မာပြည် သူလူထုတွေရဲ့စိတ်ထဲမှ မယုံသင်္ကာစိတ်တွေက အရိုးကိုစွဲနေပြီ … ငယ်ငယ်ကတည်းက အလိမ်ခံထားရတာကို …

    Reply

  • kyeemite

    March 23, 2012 at 2:19 pm

    နေပူတော်မှာနိုင်ဘို့အရေးကြီးတယ်ဗျ…
    အဲဒီမှာနိုင်လို့ကတော့..လွှတ်တော်ထဲရောက်ရင်လည်း
    အခြေအနေထင်ထားတာထက်ပိုကောင်းနိုင်တယ်
    ကိုနိုဇိုမိပြောသလို..မဲတွေက အားလုံးဆီကို ပြန့်သွားမယ်
    ကြားထဲက ကြံခိုင်ရေးက အချောင်နိုင်သွားဦးမယ်…
    ဟုတ်တယ်ဗျ…အဲဒါကြောက်စရာအကောင်းဆုံး
    ဝိပွိုင့်ဘဲ…

    Reply

  • Thel Nu Aye

    March 23, 2012 at 2:46 pm

    ဒီနေ့သူငယ်ချင်းတယောက်အလည်ရောက်နေတယ်ဆိုလို့သွားတွေ့တယ်။ သူကစစ်တပ်ကပေါ့။ လကုန် ရင်ပြန်မှရမယ် ၁ ရက်နေ့မဲထဲ့ရအုံးမှာတဲ့။ ကျွန်မကလဲ ငယ်သူငယ်ချင်းဆိုတော့သူဘာလဲဆို တာ မေ့ပြီး ဘယ်ထဲ့မှာတုန်းလို့မေးတော့ မသိဘူးတဲ့။ နင်က ကြံ့ဖွတ်ထဲ့မှာလားဆိုတော့ အင်းသူ့ လဲမထဲ့ချင်ဘူးတဲ့။ ဒါဖြင့် NLD ထဲ့ပေါ့ဆိုတော့ သူ့လဲမထဲ့ချင်ဘူးတဲ့။ အလွတ်ပဲထဲ့လွှတ်လိုက်တော့မယ်တဲ့။ ကျွန်မကတော့ အမိအရပဲ NLD ထဲ့ပေးပါဆိုတော့နားပဲထောင်နေတယ်။ သွားပါပြီ ၁ မဲ။

    Reply

  • mocho

    March 23, 2012 at 2:58 pm

    နေပြည်တော် မှာဝန်ထမ်းလုပ်ခဲ့ ဖူးတဲ့ သူဆိုတော့ ဝန်ထမ်းတွေရဲ့ ဘဝနဲ့ ခံစားချက် ကို ကျမကောင်းကောင်း သိပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ နာဂစ်ဥပဒေ ကို ဆန္ဒဖေါ်ထုတ်တုန်းက အဲဒီရက် မတိုင်ခင် မှာ ဝန်ကြီးဌာနတခုလုံးရဲ့ ပြန်တန်းဝင်နှင့် အထက် အရာထမ်း တွေ ကို ဝန်ကြီး ကိုယ်တိုင် ဒါဘာ ခေါ်ပြီးပြောသလို၊ ညွှန်ချုပ်ကလည်း ဦးစီး ဌာနတခုလုံး ဒါဘာပြန်ခေါ်တယ်။ ဒါဘာတွေမှာပြောတာကတော့ ထုံးစံအတိုင်း ပေါ့။ နိုင်ငံ့ဝန်ထမ်း တွေ ကနိုင်ငံတော်ကို သစ္စာရှိရမယ်၊ နိုင်ငံတော်က လစာပေးထားတာမို့ ကျေးဇူးသိရမယ်။ ဒါတွေပဲပေါ့။ဝန်ကြီးရော၊ ညွှန်ချုပ်ရော ကအရပ်သားတွေပါပဲ။ဝန်ကြီးကပုံမှန်လောက်ပဲပြောပေမယ့် ညွှန်ချုပ်ကတော့ ပိုပြောတာ မှတ်မိပါသေးတယ်။ကိုယ်ဘာလုပ်ခဲ့တယ် ဆိုတာ လူကြီးတွေကသိတယ် နော်လို့ သူကပိုပြောတာပါ။
    သူကအဲလိုပြောတော့ မဲရုံတွေမှာများ cctv တွေ ဘာတွေတပ် ထားမှာလားမသိဘူး လို့တောင် ကျမတို့ ဝန်ထမ်းတွေ အချင်းချင်း ပြောမိကြသေးတယ်။
    တကယ်တော့ ကျမတို့ ဝန်ထမ်းတွေ စိတ်ဝင် စားတာက အခြေခံ ဥပဒေလည်း မဟုတ်ဘူး၊ ထောက်ခံတာ၊ မထောက်ခံတာလည်းမဟုတ်ဘူး။ အဲနေ့မဲရုံကို မလာမနေရ လာရတဲ့ ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ဌာနကကြွေးမယ်ဆိုတဲ့မနက်စာပါပဲ။
    တယောက်ကို စမူဆာ၂ခု၊ ပလာတာ၁ချပ်၊ နန်းစိန် ကိတ်မုန့် ၁ချပ်နဲ့ ကော်ဖီမစ် တထုပ်စိပေးတာမှတ်မိနေပါတယ်။
    ၂၀၁ဝ ကော အခုကော ကျမတို့က ဒီမှာဆိုတော့ ကျမတို့ရဲ့ကိုယ်တာ မဲ ကတော့ သံရုံးအလိုကျပဲ ထင်ပါရဲ့။

    Reply

  • ba gyi

    March 23, 2012 at 4:06 pm

    ရွာစားကျော် ရဲ့အုတ်တစ်ချပ်၊သဲတစ်ပွင့်ပိုခိုင်မာဘို့ ကျုပ်က ဘိလပ်မြေပါပေးလိုက်သဗျို့။
    အဖွဲ့ဝင်ဖေါင်တွေရမယ် —– အဖွဲ့ဝင်ဖေါင်တွေရမယ်။

    Reply

  • Wow

    March 23, 2012 at 4:07 pm

    ဒါမှ တို့ကြောင်ကြီးတော့…
    😛

    Reply

  • alinsett

    March 23, 2012 at 6:11 pm

    ကောင်းလှ ပါလား။ ဦးကြောင်…။

    Reply

  • နေဝန်းနီ

    March 23, 2012 at 8:06 pm

    ကိုကြောင်ကြီး နေပြည်တော်က တစ်ကယ်စောင့်နေမှာလား ညာရဝူးနော်…။ သများလာခဲ့မယ် တိရား

    Reply

  • တီတီရေငုံနှုတ်ပိတ်

    March 23, 2012 at 10:49 pm

    နေပူတော်ကိုတော့ ရရင်တော့ အကောင်းဆုံးဆိုပေမယ့်
    ဒီလောက်မလွယ်ဘူး ထင်ပါရဲ့တော်…
    သူတို့အညှာကိုင်ထားတွေလဲ အများကြီးပါ..။
    ကောင်းလဲကောင်းပြထား သွေးလဲထိုးထားပြီးသားပါ။
    တခြားနေရာတွေမှာတောင်မှ
    မသိမသာတမျိုး သိသိသာသာတမျိုးနဲ့ ခြောက်နေတာ
    နေ့တိုင်းလိုကြားနေရတာလေ…။

    Reply

  • Khin Latt

    March 24, 2012 at 5:43 am

    ကြည့် –
    ကကြောင်ကြီး တို့များ ဘယ်လောက် ကြည်ညိုဖို့ကောင်း လဲ။
    NLD ကို သူသာ ယှဉ်ပြီး ပြိုင်ရင် မနိုင် ဘယ်ရှိမလဲ။
    တစ်ရွာလုံး ဝက်ဝက်ကွဲ သူ့ကို မဲထည့်ကြမှာ။
    တမင် နောက်ဆုတ် နေတာ။ တမင် နောက်ဆုတ် နေတာ။
    ခုန်အုပ်မဲ့ ကြောင် ဆိုတာ ဒီလိုဘဲ တစ်လှမ်း နောက်ဆုတ်တတ် သတဲ့။ 😉

    Reply

  • အမေရိကန်ငတုံး

    March 24, 2012 at 12:10 pm

    ကိုကြောင်ကြီးလာမယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်ပေးပါ။
    ကျွန်တော်တို.အလုပ်တွေအတူတွဲလုပ်ကြတာပေါ့။တကယ်စောင့်နေပမယ်။

    Reply

Leave a Reply to Swal Taw Ywet Cancel Reply

Your email address will not be published.