ပြည်တွင်းဖြစ်, နည်းပညာ နဲ့ DIY

evolutionMarch 22, 20121min017

ဒီရက်တွေထဲဗျာ လူကလဲဘာဖြစ်နေမှန်းကိုမသိပါဘူး အလိုလိုနေရင်းဝံသာနုစိတ်ဓါတ်တွေထကြွနေသလိုပဲ။ အင်တာနက်သုံးရင်း MGကိုမွှေရင်းနဲ့ဆက်စပ်စဉ်းစားပြီး သတိထားမိတာတစ်ခုရှိလာလို့ ဖောက်သည်ချပြချင်လာပြန်တယ်။
ဒီလိုဗျ
MG ကိုစရင်းနှီးခဲ့မိတာက ၂၀၀၈ လောက်တုန်းကတဲက။ အစကတော့လိုက်ဖတ်ရုံပေါ့ နောက်တော့လဲ ပြောချင်တာလေးတွေပေါ်လာတော့ အသင်းဝင်ပြီး ဝင်ပြောနဲ့ပေါ့။ ဒီလိုနဲ့ပဲသတိထားလာမိတာက MGမှာက သုတ၊ရသအစုံတွေ့ရသလို အဖွဲ့ဝင်တွေရဲ့ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ်ထားတဲ့စေတနာတွေ၊ အားမလိုအားမရဖြစ်တာတွေကို သတိထားမိလာတယ်။ ကျတော်တို့လူငယ်တွေ (လူငယ်ထင်တာပဲ) မှာဒီလိုစိတ်ဓါတ်မျိုးကိန်းအောင်နေတယ်ဆိုတာက အထူးတစ်ထွေတော့မဟုတ်ပါဘူး။ ဒီရက်ထဲမှာပဲ ကျတော်ကလဲတရုတ်ကတင်သွင်းတဲ့ပစ္စည်းတွေနဲ့ပက်သက်လို့ဆွေးနွေးမိသလို၊ ပြည်တွင်းဖြစ်တွေ၊ ထုတ်ကုန်တွေအကြောင်းဆွေးနွေးထားတဲ့ ပရုတ်လုံးလေးတွေကိုကယ်ကြရအောင်ဆိုတဲ့ပိုစ်လေးနဲ့ နောက်ဆက်တွဲဆွေးနွေးမှုတွေကိုလိုက်ဖတ်ဖြစ်တော့ ဆက်စပ်တွေးမိတာလေးတစ်ခုပေါ်လာတယ်။ အဲဒါကတော့ DIY ပဲ။ Do It Yourself လို့ဆိုတယ်။ ကိုယ့်အိမ် (သို့) ကို်ယ့်လိုအပ်တဲ့ပစ္စည်းတစ်ခုအတွက် ဆိုင်မှာအဆင်သင့်တင်ရောင်းနေတဲ့ပစ္စည်းကိုသွားဝယ်မသုံးပဲနဲ့ ကိုယ့်မှာရှိတဲ့ လက်လှန်းမှီပစ္စည်းတွေကို ပေါင်းစပ်ပြီးတော့ကိုယ်တိုင်ပြုလုပ်တာပါပဲ။ အဲဒိမှာသတိထားမိတာက အဲလို DIY အကြောင်းရေးထားတဲ့ဆိုဒ်တွေအင်တာနက်မှာ လိုက်ရှာဖတ်လို့ရပါတယ်။ ဥပမာ။ ။ www.instructables.com/ လိုမျိုး DIY Aquarium လိုမျိုးဆိုဒ်တွေမှာ ပို့စ်တင်တဲ့သူတွေက သူတို့လုပ်တဲ့ ပရောဂျက်တစ်ခုကို အဆင့်ဆင့်ဓါတ်ပုံနဲ့တစ်ကွ တင်ပြထားတာတွေ့ရတယ်။ နောက်လူကအဲဒိလိုပစ္စည်းမျိုးလိုအပ်ရင် သူလိုလိုက်လုပ်ရုံပဲပေါ့၊ ဈေးကြီးပေးမဝယ်ရတော့ဘူးပေါ့။ ပြည်ပကတင်သွင်းတဲ့ပစ္စည်းအတွက်ဆိုရင်ကိုယ့်နိုင်ငံတွင်းကငွေအပြင်အထွက်နည်းသွားသလို ကိုယ့်ရဲ့တီထွင်ဖန်တီးမှုစွမ်းရည်လဲ တက်လာနိုင်တယ်လေ။ LED မီးသီးတပ်ဆင်တာ၊ USB အစွပ်လုပ်တာ၊ ငါးကန်အတွက် Filter Box လုပ်တာကစလို့ ခွေးလည်ပတ်လုပ်တဲ့အထိ စုံစုံလင်လင်ဆွေးနွေးထားတာတွေရှိတယ်။ ဒါပေမယ့်အဲလို DIY ဆိုဒ်တွေထည်းမှာ
မြန်မာပြည်ကတင်ထား၊ ဆွေးနွေးထားတဲ့ဆိုဒ်ကိုတော့မတွေ့ရဘူး (ဟင်းချက်နည်းများတင်ပြထားတဲ့ဆိုဒ်တွေတော့ရှိပါတယ်) ။
နိုင်ငံခြားသားတွေကပဲ ကြီးကြီးငယ်ငယ် သူတို့ရဲ့အတွေးအကြံ၊ သူတို့ရဲ့အကောင်အထည်ဖေါ်မှု၊ သူတို့ရဲ့ရလဒ်တွေကိုစိတ်ဝင်တစားတင်ပြထားတာပဲတွေ့ရတယ်။
ကျတော်ကတော့ DIY ကိုဝါသနာပါသလို အားလဲအားပေးပါတယ်။ ကျတော်တို့လူငယ်တော်တော်များများလဲ စိတ်ဝင်စားလိမ့်မယ်လို့ထင်တယ်။ ဒါပေမယ့်လေ့လာချင်တဲ့သူတွေအတွက်က အင်္ဂလိပ်ဗားရှင်ပဲရှိနေတယ်ဆိုတော့ တစ်ချို့အတွက်ကအခက်အခဲဖြစ်နေမှာပဲ။ နောက်ပြီး ကျတော်တို့မြန်မာလူငယ်တွေထည်းမှာ ဒီလိုမျိုးတီထွင်ဖန်တီးမှုတွေအားကောင်းလာဖို့ဆိုရင် ဒီလိုမျိုး အတွေ့အကြုံတွေဝေမျှလို့ရမယ့်၊ ကိုယ့်နိုင်ငံ ကိုယ့်အနီးနားမှာရှိတဲ့ပစ္စည်းတွေနဲ့ အံဝင်မယ့် မြန်မာဗာရှင်းဆိုဒ်တွေတော့လိုအပ်လိမ့်မယ်ထင်တယ်။
ဒါမှလဲမြန်မာလူငယ်တွေကြား ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နိုင်မှာ။
ဒါပေမယ့်အခုအချိန်အထိတော့ ကျတော်သိသလောက် မြန်မာလူငယ်တွေဆွေးနွေးထားတဲ့ဆိုဒ်မတွေ့ရသေးဘူးဗျ။
(တွေ့မိရင်လည်း သတင်းပေးကြပါဦး)
ကျတော်တို့အပျက်များတာက လျှပ်စစ်ပစ္စည်းတွေ၊ အသေးအဖွဲကစ လို့ အကြီးကြီးတွေအထိပဲ။ တစ်ကယ်လို့များအဲလိုဆိုဒ်တွေပေါ်လာလို့တစ်ယောက်နဲ့ တစ်ယောက်အတွေ့အကြုံဝေမျှလို့ရမယ်ဆိုရင် ကိုယ်တိုင်ပြင်လို့ရတဲ့ကိစ္စဆိုရင် အပိုငွေမကုန်အောင်လုပ်လို့ရနိုင်တာပေါ့။
ဥပမာ။ ။ မီးချောင်းနဲ့ ချုပ်တွေ။ ကျတော်တို့လက်ရှိရနေတဲ့ မီးအားအတက်အကျနဲ့ ကိုက်အောင် နှစ်ပေချောင်းကို လေးပေချုပ်နဲ့တွဲဆင်ရင်ပိုခံတယ်၊ ပိုလင်းတယ်ဆိုတာမျိုး
အလွယ်တစ်ကူဘေးချုပ်တွေထက်စာရင် အလယ်ချုပ်တွေကပိုပြီးအသုံးခံတယ်ဆိုတာမျိုး၊ တစ်ကယ်လို့ဘေးချုပ်တပ်ရာကနေ အလယ်ချုပ်ပြန်ပျောင်းချင်ရင် ဖရိန်အသစ်မဝယ်ရအောင် လုပ်နည်းလုပ်ဟန်တွေ။
စတာတွေကို အချင်းချင်းဝေမျှလို့ရမယ်။
ဒီလိုဆိုရင် အပိုထွက်ငွေတွေကို ထိန်းသိမ်းလာနိုင်မယ်လေ။
အလွယ်တစ်ကူပိုက်ဆံပေး ဝယ်ယူတက်တဲ့အကျင့်ကနေ တီထွင်ဖန်တီးမှုပိုင်းတွေမှာအားသာလာမယ်။
ရုံးပိတ်ရက်လိုမျိုးအားလပ်ချိန်တွေမှာ ကိုယ့်အိမ်အတွက် ငွေကုန်ကြေးကျနည်းအောင်ဆောင်ရွက်ပေးလာနိုင်မယ်။
အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးချလာနိုင်မယ်။
အထူးသဖြင့်လူငယ်တွေထဲမှာ ငုတ်နေတယ့်တီထွင်ဖန်တီးမှုပိုင်းတွေတိုးတက်လာမယ်၊ နည်းပညာပို်င်းတွေပြန်နှံ့လာနိုင်မယ်။
ဒီထက်ပိုပြောရရင်….
တစ်နိုင်တစ်ပိုင်ကုန်ထုတ်လုပ်မှုအတွက် လမ်းစ၊ နည်းလမ်းအထောက်အပံ့တွေဖြစ်လာနိုင်ပါလိမ့်မယ်။
ဆိုတော့….
အနှစ်ချုပ်ရရင် DIY ကိုစိတ်ဝင်စားသူများ၊ တက်နိုင်တဲ့သူများ အဲဒီလိုဆိုဒ်မျိုးလေးတွေဖြစ်အောင်လုပ်ပေးကြပါလားလို့
ဒါမှမဟုတ်….
သူကြီးရေ…. ။ ။ စဦးလုပ်ဆောင်သူအနေနဲ့ ဖိုရမ်ထဲမှာဖြစ်ဖြစ် DIY တစ်လိုင်းတိုးပေးပါလားဗျာ

17 comments

  • mocho

    March 22, 2012 at 2:21 pm

    အလွန်သင့်လျော်တဲ့အကြံ ညာဏ်လေးပါ။ ကျမတို့လည်းတရုတ်ပစ္စည်းတွေက ဈေးပေါပေါနဲ့ အလွယ်တကူဝယ် လို့ရနေတော့ လွယ်လွယ်ဝယ် လွယ်လွယ် ပစ် ဖြစ်နေကြတယ်။ အိမ်သုံး လျှပ်စစ် ပစ္စည်း လေးတွေ ပြုပြင်နည်း လေးတွေကို စာအုပ်အနေနဲ့တော့တွေ့ ဖူးသလားလို့။

    Reply

    • evolution

      March 22, 2012 at 2:36 pm

      ဟုတ်ပါတယ်အစ်မ၊
      ဒါပေမယ့်စာအုပ်ဖတ်ရတာက သူသိထားတာတစ်ခုကိုပဲ ကိုယ်ကသိရမှာလေ၊ အခုကပိုစ်တင်သူကတင်၊ ဆွေးနွေးတဲ့သူကဆွေးနွေး၊ အကြံပြုသူကအကြံပြုနဲ့ ဆိုတော့ပြင်သင့်တာလဲပြင်လို့ရတာပေါ့အစ်မရယ်၊ ပိုပြီး အသိဉာဏ်ကြွယ်စေချင်လို့ပါ။

      Reply

  • kai

    March 22, 2012 at 2:27 pm

    Computers & Technology အောက်မှာ Know-How, DIY ဆိုပြီး လုပ်လိုက်ပါတယ်..။
    အဲဒီမှာတင်ပေါ့..

    ကျုပ်လည်း စိတ်ဝင်စားပါတယ်..။
    http://science.discovery.com/tv/how-its-made/#fbid=aZSeeIHWJou
    အဲဒီအပေါ်ကလင့်ခ်မှာ.. How It’s Made ဆိုပြီးရှိတယ်..
    တကယ်က.. Science Channel မှာပြတာ..
    ကျုပ်တော့ အားရင်အားသလိုကြည့်တယ်..

    အဲဒီမှာ ပစ္စည်းတွေဘယ်လိုလုပ်သလည်း.. ပြနေတာလေ..
    မြန်မာတွေ.. အဲဒီလိုဟာတွေကြည့်ပြီး.. အသစ်တွေလည်းဆန်းသစ်ထီထွင်လုပ်ကြဖို့ကောင်းတယ်ထင်မိတာမို့.. Category ထဲ..Business & Economics > Ideas & Plans တွေထည့်ထားတာပါ…

    တကယ်လို့.. အိုင်ဒီယာကောင်းရှိလို့.. စက်ပစ္စည်းယူအက်စ်ကလိုတယ်ဆို.. မေးပေးစုံစမ်းပေးဖို့တောင်.. ကြိုးစားပေးချင်တာ….

    မြန်မာတွေကြီုးစား..ထီထွင်ကြစေလိုကြောင်း…။

    Reply

    • evolution

      March 22, 2012 at 2:46 pm

      ကျေးဇူးတင်ပါတယ် Kaiရေ။ အဲဒိနေရာလေးကိုလဲ လူစိတ်ဝင်စားလာအောင်တော့လုပ်ရမယ်ထင်တယ်နော်။ အဲလိုမျိုးဝါသနာပါ၊ လုပ်လေ့ရှိတဲ့သူတွေကလည်း ကိုယ်လုပ်ထားတာကို အဆင့်ဆင့် ကင်မရာ၊ ဖုန်း၊ MP4 နဲ့ဖြစ်ဖြစ် ဓါတ်ပုံရိုက်ထားပြီး ရှင်းလင်းချက်လေးတွေနဲ့ တင်ပြပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ဗျား။
      (အပေါ်ကပေးထားတဲ့လင့်အတွက်လည်းကျေးဇူးပါဗျာ)

      Reply

  • kyeemite

    March 22, 2012 at 3:00 pm

    DIY လေးကိုအစဖေါ်ပေးတာကြောင့်
    ကျေးဇူးပါevolutionခင်ဗျား
    ကျုပ်လဲအလွန်စိတ်ဝင်စားပါသည်

    Reply

    • evolution

      March 22, 2012 at 3:42 pm

      ဝါသနာတူတွေ တွေ့ရလို့ဝမ်းသာပါတယ်ဗျား
      ရှေ့လျှောက်ငြင်းကြ ခုန်ကြလို့ရတာပေါ့ဗျား 😛
      စတာနော်

      Reply

  • water-melon

    March 22, 2012 at 5:04 pm

    ဟဲဟဲ သများလည်း ဝါသနာပါတယ်
    အီလက်ထရောနစ်ဆိုရင်တော့ လာခဲ့ပါချင့်
    http://www.fixya.com က အီလက်ထရေနစ်ဆိုဒ် အဲမှာ ပစ္စည်းအသေးအမွှားကစ ပြင်လုို့ရတဲ့နည်းရှိတယ်
    လိုအပ်တာရှိရင်ပြောပါ ကူညီပါ့မယ်ချင့်

    Reply

  • water-melon

    March 22, 2012 at 6:35 pm

    evolution ရေ DIY အတွက်ဆို
    အခြေခံပစ္စည်းတွေလည်း သိဖို့အရေးကြီးတဲ့နော့်
    နောက်မှထပ်ပြောတာပေါ့ 😀

    Reply

  • htoosan

    March 22, 2012 at 9:53 pm

    DIY က အများကြီး ကျယ်ပြန့်ပါတယ် ။ လျှပ်စစ်ပစ္စည်းသာ မက ဘာဘဲကိုယ့်ဟာကိုယ်လက်မှု့ သဘောလုပ်ဆိုတော့ ဟိုတစ်နေ့က သဲနုအေးတင်တဲ့ တံမြက်စည်းလုပ်နည်းကလည်း DIY ဘဲလေ။ တစ်ခါလည်း တစ်ယောက် ဖယောင်းတိုင်လုပ်တာလေးတွေ ဖတ်လိုက်မိသေးတယ်.

    Reply

    • evolution

      March 23, 2012 at 3:29 pm

      ဟုတ်ပါတယ်ဗျာ.. အခု DIY ခေါင်းစဉ်သီးသန့်ရှိနေပြီဆိုတော့ နောက်ဆို တစ်စုတစ်စည်းတည်းရှိတဲ့နေရာမှာ ကို်ယ်သိချင်တာရှာဖတ်လို့တော့ရတာပေါ့
      ဟုတ်ဖူးလား 😛

      Reply

  • ဦးဦးပါလေရာ

    March 23, 2012 at 1:38 am

    ကြိုဆိုရမယ့် အိုင်ဒီယာလေးပဲ
    ကိုယ်သိတာ ကိုယ်ပြောရင်းနဲ့ အသုံးတည့်တာတွေ အများကြီးသိသွားမှာပါ။
    ရေးကြပါဗျို့…
    စောင့်အားပေးနေပါတယ်။

    Reply

    • evolution

      March 23, 2012 at 3:37 pm

      ကျေးဇူးတင်ပါတယ်ဗျာ
      ဝါသနာပါတဲ့သူတွေက ကိုယ်လုပ်မိတာလေးတွေကို အမှတ်တမဲ့မထားပဲ မှတ်တမ်းတင်ပြီးပိုစ့်တင်။ ကျန်တဲ့သူတွေကထင်တာတွေ ဝိုင်းမန့်ကြမယ်ဆိုရင်
      စည်ကားလာမှာပါဗျ။ 😛

      Reply

  • padonmar

    March 23, 2012 at 1:59 am

    အားပေးပါတယ်ဗျို့။
    DIY လို့နာမည်မထပ်ပေမယ့် ချွေတာရေးအကြောင်း မမရေးတဲ့ post တစ်ခုမှာ မန့်ကြတာတွေရှိပါတယ်။
    ရေတွေကြီးတုန်းက ရေသန့်ဘူးတွေနဲ့ ဖောင်လုပ်တာ ကစိန်သော့ ထင်ပါရဲ့ တင်ဖူးတယ်။
    စုပေးထားရင် ဖတ်ရလည်းလွယ်။ရေးချင်တဲ့လူလည်း ဝင်ရေးပေါ့နော်။

    Reply

  • MaMa

    March 23, 2012 at 8:05 am

    ကောင်းလိုက်တဲ့ အစလေး တစ်စပါ။
    ရွာထဲမှာ DIY အစ evolution က လို့ ပြောရမယ်။
    မြန်မာဗားရှင်းများလည်း မျှော်လင့်နေပါတယ်။
    မြန်မာပြန်များကိုလည်း ကြိုဆိုပါတယ်။ 🙂

    Reply

  • mg mg

    March 25, 2012 at 4:18 pm

    “ပျက်အစဉ် ပြင်ခဏ” စကားလေးပြန်လည်ရှင်သန်နိုင်ပါစေ၊ အားပေးလျက်

    Reply

  • awra-cho

    February 20, 2013 at 1:13 pm

    စိတ်ဝင်စားပါတယ်ဗျို့။ သူများနိုင်ငံမှာ လေယာဉ်တောင် အထုတ်လိုက်ဝယ်ပြီး diy လုပ်ကြတယ် ပြောတာပဲ ၊ လောလောဆယ် ဒရုန်းအသေး ကို ကင်မရာတပ် လွှတ်ချင်နေတာဗျို့၊ တကယ်၊ ပြီးမှ ဒုံးတပ်ပြီး ဘယ်အရင် လွှတ်ရမလဲ စဉ်းစားနေတယ်၊

    Reply

Leave a Reply

Your email address will not be published.