စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၉) ကြိမ်မြောက် Shangri-La Dialogue လုံခြုံရေးဆိုင်ရာ ကွန်ဖရင့်သို့ မြန်မာဝန်ကြီး မတက်ဖြစ်

BayoteJune 8, 20101min02

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၉) ကြိမ်မြောက် Shangri-La Dialogue လုံခြုံရေးဆိုင်ရာ ကွန် ဖရင့်သို့ မြန်မာဝန်ကြီး မတက်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

ကွန်ဖရင့်သို့ မြန်မာနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အေးမြင့် တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ကွန်ဖရင့် ကျင်းပနေချိန်တွင် မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် ဝမ်ကြားပေါင် လာရောက်လည်ပတ်နေ၍ မတက်ရောက်နိုင်ခဲ့ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဝင်းမြင့်က my paper သို့ ပြောကြားခဲ့သည်။

ဇွန်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ကွန်ဖရင့်၌ ကမ္ဘာပေါ်တွင် လက်ရှိကြုံတွေ့နေရသော လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေး အစီအစဉ်များ၊ သောင်းကျန်းသူ နှိမ်နင်းရေး ကိစ္စရပ်များနှင့် နိုင်ငံအချင်းချင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်စဉ် ကျင်းပသော ကွန်ဖရင့် ကို ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်အင်အားကြီးမားသော နိုင်ငံများဖြစ်သည့် အမေရိကန်၊ တရုတ် စသည့် နိုင်ငံ များအပါအဝင် ကမ္ဘာ့နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများ၊ ထိပ်တန်းစစ်အရာရှိများ၊ ပညာရှင်များ၊ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများ တက်ရောက်ခဲ့ကြသည်။

စင်ကာပူနိုင်ငံတွင် သုံးရက်ကြာပြုလုပ်ခဲ့သည့်Shangri-La Dialogue လုံခြုံရေးဆိုင်ရာ ကွန်ဖရင့်အ ပြီး၌ မြန်မာနိုင်ငံတွင် လျှို့ဝှက်နျူကလီးယား အစီအစဉ်ရှိနေသည် ဆိုသည့်သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ my paperက မေးမြန်းခဲ့ရာတွင် မြန်မာသံအမတ်ကြီး ဦးဝင်းမြင့်က ထွက်ပေါ်နေသည့် သတင်းများမှာ ‘မမှန်ကြောင်း’ ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် လျှို့ဝှက်နျူကလီးယား အစီအစဉ်ကို ဆောင်ရွက်နေသည်ဆိုသည့် သတင်းများ မကြာသေးမီက ပေါ်ထွက်လာခဲ့သည်။

ယင်းအတွက်ကြောင့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော် အမတ်ဂျင်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အား ရွှေ့ဆိုင်းခဲ့သည်ဟု Eleven News တွင်ရေးသားထားသည်။

2 comments

  • လင်းဝေကျော်

    June 9, 2010 at 3:29 am

    သံအမတ်ဆိုတာ ကတော့ ငြင်းရတာပဲ။
    ဘာကြီးဖြစ်နေနေ လုံးဝ မသက်ဆိုင်ပါဘူး၊ မမှန်ပါဘူး ဆိုပြီး ပြောရတာပဲ။
    ဒါကတော့ ဘယ်နိုင်ငံက သံတမန်ဖြစ်စေ ဘာညွှန်ကြားချက်မှ မရှိရင်
    တိုင်းပြည်အတွက် ပုံရိပ်မကောင်းရင် NO လို့ပဲပြောရမှာပေါ့လေ။

    Reply

  • etone

    June 30, 2010 at 2:03 am

    လင်းဝေကျော်ပြေတာဟုတ်တယ်။ သံတမန်က အရိပ်အခြေတော့သိရမှာပေါ့ ။

    Reply

Leave a Reply

Your email address will not be published.