မော်တင်စွန်းခရီးစဉ် (၂)

weiweiFebruary 29, 20124min022

မော်တင်စွန်းဘုရား သည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ မော်တင်စွန်းတွင် တည်ရှိသည်။ မော်တင်စွန်းကို တစ်နည်း အားဖြင့် နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင် ဟုခေါ်ဆိုကြသည်။ တဖုဿနှင့် ဘလ္လိကကုန်သည် ညီနောင်နှစ်ဦး ထံမှ မြတ်ဘုရားရှင်၏ ဆံတော်နှစ်ဆူကို ဇေယျသေနနဂါးမင်းက ရယူ ပြီး ဌာပနာကာ သက္ကရာဇ် (၁၀၃) ခုနှစ်တွင် ဤမော်တင်စွန်းဘုရား ကို တည်ထားကိုးကွယ်ခဲ့ သည်ဟု ယုံကြည်ကြပါသည်။
ယခင်က ဘွဲ့နာမအားဖြင့် “မဟာမကုဋရံသီ” ဟုတွင်ခဲ့ပါသည်။ တတိယသံဃာယနာတင် သီရိဓမ္မာသောကမင်း ကြီးက ပြန်လည်ပြုပြင်ခဲ့ပါသည်။ ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးက ပြန်လည်ပြုပြင်ကာ “ဖောင်တော်ဦး”ဘုရားဟု ဘွဲ့တော်ကို တွင်စေခဲ့ပြန်ပါသည်။
ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင်ကျင်းပပြီး လဆန်း (၁)ရက် နေ့မှ (၁၅)ရက်ထိ ကြာမြင့်သည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ သည် သင်္ဘောများ၊ ကားများဖြင့်လာရောက် ကြည်ညိုကြပါသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ဘုရားပွဲကျင်းပသည့် အချိန်မှ တပါးတနှစ်ပတ်လုံးရေဝပ်နေခြင်းဖြစ်သည်။ ပွဲတော်အချိန်တွင်ပင်လယ် ရေသည် ဘုရားရင် ပြင်တော်မှ ကောင်းစွာလွတ်ကင်းသော နေရာသို့ရောက် ရှိနေသည်။

ငါးဖမ်းလှေကလေးတွေ ..
မော်တင်စွန်းဘုရား (သစ်ပင်နဲ့ ကွယ်နေတယ်) ...

မနက် ၁၁ နာရီအချိန်လောက်မှာ မော်တင်စွန်းကိုရောက်သွားပါတယ်။ ကမ်းစပ်ဘေးနားမှ ဖောင်တော်ဆိပ်စေတီလေးကို ကြည်ညိုဖွယ်ရာ ဖူးမြင်ကြရပါတယ်။ ရေတက်နေချိန်မို့ ဘုရားကိုသွားရတဲ့လျှောက်လမ်းပေါ်အထိ လှိုင်းသေးသေးလေးတွေ တက်လာပါတယ်။ ရေပတ်လည်ဝိုင်းနေတဲ့ စေတီလေးရဲ့ ရှုခင်းက တစ်လမ်းလုံးရဲ့အမောကို ပြေစေခဲ့ပါတယ်။ စေတီတော်ရင်ပြင်ပေါ်ကနေ ပင်လယ်ပြင်ကြီးရယ်၊ ငါးဖမ်းလှေကလေးတွေရယ်၊ တောင်စွန်းပေါ်က မော်တင်စွန်းဘုရားမြင်ကွင်းရယ်၊ ဘုရားဈေးတန်းတွေရယ် မြင်ကွင်းအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။

ဖောင်တော်ဆိပ်ဘုရား (အနီးကပ်ဖူးမြင်ရပုံ)
ညနေစောင်း ဖော်တော်ဆိပ်စေတီမြင်ကွင်း
အာရုံတက် ဖောင်တော်ဆိပ်စေတီမြင်ကွင်း

ကျွန်မတို့လဲ ဘုရားပေါ်မှာ ခဏလောက်နားကြပြီး နေ့လည်စာစားဖို့ ဈေးတန်းတွေဘက် ထွက်လာကြပါတယ်။ ဆိုင်ခန်းတွေအများကြီးရှိပေမယ့် လူရှင်းနေတယ်။ ဆိုင်တစ်ဆိုင်ထဲဝင်ပြီး ထမင်းစားဖို့ ဟင်းတွေကြည့်လိုက်တော့ သိပ်တော့စားချင်စရာမရှိလှဘူး။ ကျွန်မက ဘဲဥဟင်းနဲ့ပဲစားလိုက်တယ်။ ကြက်သားတစ်ပွဲ၊ ဝက်သားတစ်ပွဲ၊ ဘဲဥတစ်ပွဲ၊ လက်ဖက်သုတ်တစ်ပွဲနဲ့ ထမင်း ၅ ယောက်အဝစားတာ ၆၅၀ဝ ကျပ်ပဲ ကျပါတယ်။ ဆန်ကောင်းတဲ့ဒေသမို့ ထမင်းပူပူလေးက စားလို့ကောင်းပါတယ်။ ထန်းလျက်ခဲနဲ့ ပန်းသီးစိတ်တစ်ပွဲ အချိုပွဲလက်ဆောင်တောင်ပေးသေးတယ်။ ရေနွေးကြမ်းသောက်ရင်း အဲဒီဆိုင်လေးမှာတင် ၂ နာရီလောက်ထိုင်ကြပြီး ပင်လယ်ပြင်ကြီးကို တဝကြီးထိုင်ကြည့်ကြပါတယ်။ အရမ်းပူလွန်းလို့ လမ်းထွက်လျှောက်လို့မရဘူး။ ၂ နာရီမှာ ငွေတောင်သွားကြမယ့်ကားထွက်မယ်လို့ သတင်းကြားထားလို့ ဒီအတိုင်းပဲ ထမင်းဆိုင်ထဲမှာထိုင်ရင်း စောင့်နေလိုက်ကြတယ်။

ထမင်းဆိုင်ထဲကနေ ရိုက်လိုက်တဲ့ လျှပ်တစ်ပြက်ရိုက်ချက် ..
ဒါလဲ လျှပ်တစ်ပြက် ရိုက်ချက်ပဲ ..
ဒါကတော့ ဇွန်းနဲ့ရိုက်တာ ..

ငွေတောင်ကို ဆိုင်ကယ်နဲ့သွားတဲ့သူတွေလဲရှိတယ်။ ဆိုင်ကယ်တစ်စီးကို ၁၅၀ဝ ကျပ်နဲ့ ငွေတောင်ကို ပို့ပေးတယ်။ ကားတွေက (ဟိုင်းလက်ကား၊ ဒိုင်နာကား၊ ဘီအမ်ကား) တစ်ယောက်ကို ၆၀ဝ ကျပ်ပါ။ ကျွန်မတို့က ၅ ယောက်ဆိုတော့ လိုင်းကားကိုပဲ တစ်ယောက် ၆၀ဝ ပေးပြီး စီးလိုက်ကြတယ်။ ကမ်းစပ်လမ်းကနေ ကားမောင်းသွားရတယ်။ ပင်လယ်ဘေးကနေ ကားစီးသွားရတဲ့ မြင်ကွင်းက အရမ်းကောင်းတယ်။ တစ်သက်လုံး တစ်ခါမှ မကြုံဖူးတဲ့ မြင်ကွင်းမျိုးဖြစ်ပါတယ်။ (ဗီဒီယိုကင်မရာ အိမ်မှာကျန်ခဲ့တာ နောင်တရမိတယ်)

ငွေတောင်သွားတဲ့လမ်းက ရှုခင်း
မြန်မာ့ရှုခင်းစစ်စစ် ...
ရေကျနေချိန် ကမ်းစပ်သဲသောင်ပြင်
သဘာဝတရားရဲ့ အလှ
ညနေဆည်းဆာအချိန် မော်တင်စွန်းပင်လယ်ပြင်
ညဦးပိုင်း မော်တင်စွန်းဘုရား (လကိုပါအောင် ရိုက်ခဲ့တယ်)
မော်တင်စွန်းဘုရား အာရုံတက်မြင်ကွင်း (ရေကျချိန်)

ငွေတောင်ကမ်းခြေဓါတ်ပုံများကို အပိုင်း (၃) မှာ ဆက်လက် ရှုစားကြပါ ….

22 comments

  • ကိုရင်မောင်

    February 29, 2012 at 8:14 pm

    မော်တင်စွန်းဘုရားကိုမရောက်တာအနှစ်၃ဝကျော်လောက်ရှိရော့မယ်
    မဝေရဲ့ဓါတ်ပုံလေးတွေတွေ့ရတာသူငယ်ချင်းတွေ့နဲ့သွားခဲ့တဲ့နေရာလေးများ
    အမှတ်ရမိပါတယ်..ကျေးဇူးဘဲမဝေရေ

    Reply

  • water-melon

    February 29, 2012 at 8:25 pm

    အမကြီးဝေရေ
    တစ်ခါမှမရောက်ဘူးတော့
    အားကျမိပါကြောင်း
    ဓာတ်ပုံတွေကြည့်ပြီး ဖြေသိမ့်မိပါကြောင်း။

    Reply

  • pooch

    February 29, 2012 at 8:37 pm

    ရှုခင်းလေးတွေက လွမ်းစရာ။ ပင်လယ်ဘေးက ကားစီးသွားရတယ် ဆိုတဲ့ မြင်ကွင်းကိုလည်း ကြုံဖူးချင်တယ်။

    Reply

  • koaung

    February 29, 2012 at 9:46 pm

    ရွာသူများရိုက်ချက်ပြင်းကြောင်း ဒါ့ပုံများကြည့်ရင်းသိရှိမှတ်တမ်းတင်သွားပါကြောင်း ကျေးဇူးတင်လျှက်

    Reply

  • မဝေရေ
    ုဆိုင်ကယ်နဲ့နွားလှည်းရယ်
    လှေလေးတစ်စင်းတည်းပုံရယ်
    သဘာဝအလှဆိုတာရယ်ကြိုက်၏။
    အမှတ်စဉ်ထိုးပေးလျှင် ညွှန်း၍လွယ်၏။
    ဆရာမကြီး ၏ အကြံပေးချက်ဖြစ်၏။

    Reply

    • weiwei

      February 29, 2012 at 10:17 pm

      အကြံပေးချက်ကို လက်ခံပါတယ် … ကျွန်မက ခရီးသွားအကြောင်းလဲရေးရင်း ပုံနဲ့ထည့်ပြတာမို့ နံပါတ်စဉ်မထိုးဖြစ်တာ … ပုံကြီးပဲ သီးသန့်တင်ဖြစ်ရင် နံမည်စဉ်ထိုးပြီး တင်မယ် …
      ရှုခင်းတွေက လှလွန်းလို့ ဓါတ်ပုံထဲမှာ အလှအားလုံးပေါ်အောင် မရိုက်နိုင်ခဲ့ဘူး … မျက်စိနဲ့မြင်ရတာ အရသာတော်တော်ရှိတယ် ….

      Reply

  • MaMa

    February 29, 2012 at 10:05 pm

    ညဦးပိုင်း မော်တင်စွန်းဘုရား ပုံလေးက တော်တော်သပ္ပါယ်တယ်။
    ရိုက်တာ အချိန်ကောင်းလေးပဲ။
    လ လည်းထွက်ပြီ မှောင်လည်း မမှောင်သေးဘူး။

    Reply

  • MTY

    March 1, 2012 at 3:20 am

    ကျေးဇူးတင်တယ်ဗျို့။

    Reply

  • aye.kk

    March 1, 2012 at 6:42 am

    ဝေဝေရေ…
    လှလွန်းတယ်၊ကူးယူသွားပါ၏၊ကျေးဇူးပါ..။

    Reply

  • Patriot

    March 1, 2012 at 9:48 am

    ဒီလိုရှူ့ခင်း လေးတွေမြင်ရ ရင် မြန်မာ ပြည်ကိုလွမ်း တယ်! အဲဒီလို စိတ်လွှတ် ကိုယ်လွှတ် မြန်မာပြည် အနှံလျှောက် သွားချင်လိုက်တာ !!!!!

    Reply

  • Diamond Key

    March 1, 2012 at 11:28 am

    မဝေရေ၊ မရောက်ဖူးသေးတဲ့ နေရာကို ပုံလေးတွေနဲ့ ရောက်အောင်ပို့နေလို့ ကျေးဇူးတင်စွာနဲ့ အားပေးနေပါတယ်ဗျို့။ မဝေရဲ့ ဓါတ်ပုံ အမြင်လေးတွေကို ကြိုက်တယ်ဗျာ။ ရေကျနေချိန် ကမ်းစပ်သဲသောင်ပြင်တို့၊ သဘာဝတရားရဲ့ အလှတို့ ကို တွေ့တတ်၊ ရိုက်တတ်မှတော့ ဓါတ်ပုံအနုပညာ အမြင်က ဂုဏ်ထူးတန်းဗျ 😀
    ပုံလေးတွေ အတွက် မဝေဆီ Gmail ကနေ စာသငယ် လွတ်လိုက်ပါမယ်။ ခင်တဲ့ – စိန်သော့ :mrgreen:

    Reply

    • weiwei

      March 1, 2012 at 1:42 pm

      ကျေးဇူးတင်ပါတယ် ဆြာစိန်ကီးရေ …
      ဒီတစ်ခေါက်ဓါတ်ပုံတွေကို ကျွန်မကိုယ်တိုင် အလွန်နှစ်သက်မိပါတယ် …
      ကင်မရာ ၂ လုံးနဲ့ ရိုက်ခဲ့လိုက်တာ … တစ်လုံးကို လည်ပင်းမှာချိတ်ပြီး တစ်လုံးကို လက်ကကိုင်လို့ပေါ့ …. အဲဒီမှာ ကင်မရာသမားတွေအများကြီးရှိတယ် … ကျွန်မကို စိတ်ဝင်တစားနဲ့ လှမ်းလှမ်းကြည့်ကြတယ် … 😛

      Reply

  • ဆူး

    March 1, 2012 at 12:29 pm

    မြန်မာ့ရှုခင်းကတော့ တကယ် အစစ်ပါပဲ.. နွားလှည်းကလေးနဲ့ ဆိုင်ကယ်နဲ့ လူဖယ်လိုက်ရင် ပိုလှမယ် ထင်တယ်နော်။
    ဒါနဲ့ စကားမစပ် ပင်လယ်ကမ်းစပ်သွားတာ အသားမဲ ခဲ့လား..

    Reply

    • weiwei

      March 1, 2012 at 1:38 pm

      အသားမမဲခဲ့ဘူး …
      ကားကအလုံမို့လို့ လေမထိ နေမထိခဲ့တာတစ်ကြောင်း …
      အကျီလက်ရှည်နဲ့ ဘောင်းဘီရှည်ကို အမြဲဝတ်ခဲ့တာတစ်ကြောင်း …
      ရေထဲမှာ နာရီဝက်ခန့်သာ စိမ်ခဲ့တာကတစ်ကြောင်း …
      ပင်လယ်လေက ခပ်ကြမ်းကြမ်းမတိုက်တာတစ်ကြောင်း …
      ခရီးသွားရတာ အလွန်သက်သာခဲ့ပြီး ပင်ပန်းတယ်လို့ မခံစားခဲ့ရဘူး …

      Reply

  • နွေဦး

    March 1, 2012 at 2:08 pm

    ဘုရားဖူးသွားသူရဲ့ ဘုရားကို ဖူးရ၍
    ကျေးဇူးအထူးတင်ပါတယ်။

    Reply

  • blackchaw

    March 1, 2012 at 5:28 pm

    ရေနည်းနည်း နက်တယ်ထင်တယ်ဗျ။
    သင်္ဘောကြီးတွေ လည်း တွေ့ရလို့ပါ။
    နေနည်းနည်း ပွင့်ရင် ပုံလေးတွေ ပို တောက်ပြီး
    ပို ကြည့်လို့ကောင်းမယ် ထင်မိပါတယ်ဗျာ။
    နွားလှည်းလေးနဲ့ ဆိုင်ကယ်နှစ်စီးပုံဆိုရင်
    မိုးနည်းနည်း အုံ့ချိန်ရိုက်ထားတယ်လို့ထင်ပါတယ်။
    ဒါမှမဟုတ် မနက်စောစော များလားလို့။
    အားပေးကြည့်ရှုသွားပါတယ်ဗျို့။ :mrgreen:

    Reply

    • weiwei

      March 1, 2012 at 11:44 pm

      နေပြောင်းပြန်ဖြစ်သွားလို့ သိပ်မလင်းဘူးဖြစ်သွားတယ် … မြင်လိုက်တဲ့မြင်ကွင်းက လှနေတာနဲ့ သေချာမချိန်လိုက်ပဲ ရိုက်လိုက်ရလို့ …
      အားပေးသွားတာကို ကျေးဇူးပါ …

      Reply

  • ကြောင်ကြီး

    March 2, 2012 at 10:29 am

    မော်တင်စွန်းဘုရားပွဲကာလမဟုတ်ရင် ရေတက်တယ်ဆိုတာ ဘုရားတည်ထားတဲ့ တောင်ကုန်းအထိတက်တာလား..အဲသလိုဆိုရင် အတော်ဆန်းတယ် ပြောရမယ်.. ပင်လယ်ပြင် အကျယ်အဝန်းနဲ့ဆိုရင် အဲသလောက် မြင့်မြင့်တက်ဖို့၊ ဘုရားပွဲကာလအတွင်း အဲသလောက် ပြန်ကျသွားဖို့ သိပ္ပံနည်းကျ တွေးကြည့်လို့ မရဘူးထင်တယ်…။ သဂျီးရေ နတ်နဂါးတွေ ရှိတယ်ဆိုတာ ယုံပြီမဟုတ်လား….။

    Reply

    • ဆူး

      March 2, 2012 at 10:58 am

      နတ်နဂါးမယုံရင် တနေ့က ဆူး တင်တဲ့ Ice Wonder Land က ပုံကို ပြန်ရှာကြည့် နဂါးမင်းကြီးပုံပါတယ်။ 😀 🙂 😛 😉

      Reply

  • myat pearl phyu

    February 28, 2017 at 5:17 pm

    ဒီပိုစ့်ဖတ်ရင်း အူးကြောင် စိတ်မဖောက်ခင်က မန့်ထားတာလေးတွေ ပြန်တွေ့..ဟီးးး ခုနောက်ပိုင်း သူက ကဗျာစပ်ပီးပဲ Q နေတော့သလားလို့လေ..။

    Reply

  • Thint Aye Yeik

    February 28, 2017 at 5:37 pm

    ကြော်ငြာပိုစ့် မဟုတ်တော့ ဖတ်ရတာ တကယ်နှစ်သက်စရာ။ ကြော်ငြာလို ရေးပြီး အတင်းးးကြီး လာပါ ငင်ပါ သွားကြရအောင်ပါ လို့ ရေးတဲ့ ခရီးသွားလုပ်ငန်းပိုစ့်တွေထက် ဒီလို ကိုယ်တိုင်တွေ့ကြုံ သွားလာတာကို ပြန်ရေးပြတာက ပိုကောင်းးးး
    😆

    Reply

Leave a Reply

Your email address will not be published.