အမေနှင့် သူ၏ ပြည်သူများ (ကဗျာရှင် နေရဲနီ)

ပန်းမြတ်တော်ဝင်
သဇင်သည်လည်း
အမေ့ခေါင်းမှာပန်ခဲ့ပြီ။
ရဲ့ရင့်တည်ကြည်
နှင်းဆီနီလည်း
အမေ့ရင်ဝယ်ပွေ့ခဲ့ပြီ။
ပြည်သူကမ်းလင့်
အောင်ပွဲကိုကြို
သပြေညိုလည်း
အမေ့လက်သို့ရောက်ခဲ့ပြိ။
ချိုသာမိန့်ကြား
အမေ့စကားလည်း
ပြည်သူ့နားသို့ဝင်ခဲ့ပြိ။
အမေ့ဟန်ပန်
ညှိုးရော်ပြန်လည်း
အမေ့အသံ အားမာန်အပြည့်။
အာဏာရှင်ခေတ်
ဒုက္ခနွံနစ်
ဆင်းရဲတွင်းထက်
ရုန်းထွက်ဖို့ရာ
အမေ့စကား
ခွန်းချိုပျားသို့
ပြည်သူ့အတွက်
အားဆေးတစ်ခွက်။
စိတ်အားသန်သန်
ဇွဲမာန်မလျှော့
အရိုးကြေကြေ
အရေခမ်းခမ်း
ဖိနှိပ်မှုဒဏ်
အမေတွန်းလှန်ခဲ့။
ဘယ်လိုပမ်းပမ်း
ဘယ်လိုနွမ်းနွမ်း
ပြည်သူ့ရှေ့မှောက်
အမေရောက်သော်
အမေ့မျက်နှာ အပြုံးမပျက်။
အမေသည်ကား
ပြည်သူ့ရှေ့ဆောင်
ဗိုလ်မင်းရောင်မြေး
အောင်ဆန်းသွေးမို့
အာဇာနည်မျိုး သေရိုးမရှိ။
အမေ့ပီတိ ပြည်သူ့ပီတိ
အမေ့အပြုံး ပြည်သူ့အပြုံးတည့်။
ပြည်သူ့မျက်ရည် အမေ့မျက်ရည်
ပြည်သူ့ဒုက္ခ အမေ့ဒုက္ခတည့်။
အမေသည်ကား ပြည်သူ့အသက်
ပြည်သူသည်ကား အမေ့အတွက်။
နေရဲနီ

2 comments

  • memeseku

    February 27, 2012 at 10:24 am

    နောက်ထပ်ပိုစ့်လေးတွေကို စောင့်ဖတ်ပါဦးမည်…
    နောက်ဆုံးရသတင်းလေးတွေကိုလဲ တင်ပေးပါဦး
    ခင်မင်စွာဖြင့်

    Reply

  • အမေ့ပီတိ ပြည်သူ့ပီတိ
    အမေ့အပြုံး ပြည်သူ့အပြုံးတည့်။
    ပြည်သူ့မျက်ရည် အမေ့မျက်ရည်
    ပြည်သူ့ဒုက္ခ အမေ့ဒုက္ခတည့်။
    ____________
    ကဗျာကောင်းလေး တစ်ပုဒ်ပါဗျ။အားပေးသွားပါတယ်နော်။
    ကျနော်တို ့နှလုံးသားတွေထဲက အမေ….
    မေတ္တာတွေ လွှမ်းခြုံထားတဲ့. အမေ

    Reply

Leave a Reply

Your email address will not be published.