မြစိမ်းရောင်ရင်ခွင်သို့ ဒေါင်းမိခင်အိမ်ပြန်ခရီး

chityimhtooFebruary 22, 20121min010

မြစိမ်းရောင်ရင်ခွင်သို့
ဒေါင်းမိခင်အိမ်ပြန်ခရီး
သခင်မျိုး
“အလို… ကြည့်စမ်းပ၊ ငါတို့ရဲ့ မြောင်းမြ၊
တပေါင်းအစ ကောင်းကြဖို့ အခါညီ
ဒေါင်းကြွလို့လာပြီ… ။”
သဲသဲရုတ်ရုတ်၊ ရဲရဲလှုပ်နေတဲ့
ဒေါင်းအုပ်ကြီးတွေ၊ ဟိုနေရာ သည်နေရာ
ဘယ်နေရာမှမလပ်၊ ပြည့်ကြပ်လို့နေပုံ
မြေကြီးတောင်တုန်မလားတွေးမိ…။
ရှေးကဝိတွေ ကဗျာတပိုင်းတစ
လှိုင်းထပြီးရင်ထဲဝင် ဘိုးတော်ရဲ့ရင်သွေးတဲ့
‘ဒါးလွယ်ရွှေကွပ်လို့
ပြေညွတ်အောင်လာမည့်အရေး ဘိုးတော့်ရင်သွေး’
ဘိုးဘိုးအောင့်ရင်သွေး၊ သမိုင်းကိုသူရေးတော့
ပြေးကြိုတဲ့ဥဒေါင်းတွေ…
‘ကောင်းကျိုးအထွေထွေ ချွန်စေမြစေသောဝ်
ဒေါင်းအိုးဝေတို့ တွန်စေကစေသောဝ်’။
မြင်ကွင်း(၁) Scene (1)
‘ဒိန်းဒေါင်း..ဒိန်းဒေါင်းနဲ့ ဗိန်းမောင်းတိုက်ပြီး
လာလိုက်ကြတဲ့ လူတွေ..။
လွမ်းလောက်စရာ လမ်းလျှောက်လာသူတွေအကြောင်း
ပန်းကောက်ကဗျာ ရေးဖို့ကောင်းမှကောင်း
ဆိုင်ကယ်တွေ တဝီဝီ၊ ပဲ့ထောင်တွေစီလို့၊
ကားဟွန်းသံ တတီတီနဲ့၊ ရယ်(ရီ)နေတဲ့ မြောင်းမြသား၊
ပုသိမ်တောင် သွားကြိုကြဆို…။
အိမ်မဲ၊ လပွတ္တာ၊ ဝါးခယ်မ အနားနယ်ကလူတွေအကုန်
ဘယ်သူမှ မောင်းမတီးအကြောင်းကြီးလို့ လာဆုံကြလေရဲ့။
စိမ်းစိမ်းတောက်တောက်၊ ဒေါင်းပေါက်စလေးတွေ..
မပြုမပြင် ပင်ကိုယ်လှ ဒေါင်းပျိုမ ယဉ်ထက်ယဉ်တွေ
ဒေါင်းလုလင် ၊ဖော်တသင်းနဲ့ ပျော်ခင်းလေးသာပါဘိ..
အတိတ်ကောင်းယူမယ်၊ နိမိတ်ကောင်းယူမယ်ခင်
တောင်ဝှေးထောက်ပေမဲ့၊ အောင်သွေးမပျောက်ပါဘူးကွ..လို့
တတောက်တောက်ဆိုကြတဲ့ ဒေါင်းအိုကြီးတွေ…
နန်းတို့…မန်းတို့… ဒုံးတိုက်ရင်းပြုံးလိုက်ပုံများ
ကရင်ဗမာ မင်္ဂလာအပြည့် ဘာဆိုဘာမှမခွဲခြား
ကြည့်လေ မုတ်ဆိတ်ဖါးဖါးနဲ့ အရာကြီးလဲပါသဗျား
အင်း… နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံးဟာ အတူတူပါပဲလေ…

အစည်းအဝေး၊ မပြီးသေးတဲ့ လူတစ်ချို့ကလွဲပြီး
အုံခဲနေတဲ့လူထု၊ ယူကျု (youtube) တောင်ဆန့်ပါတော့မလား…။
မန်းရေ(ဆန်းရေ)…အလွမ်းပြေလာကြည့်ပါဦး။
မုဆိုးကွင်းတာထိပ်က လူဝကြီးနဲ့ တစ်မိနစ်အင်တာဗျူး
လူတွေနှယ်ဗျာ…လာကြတာ လာကြတာ
ဘာရမှာမလို့လဲ…။
ဒီမှာကိုယ့်လူ…အူတူတူနဲ့ ယူဖို့သာသိ လူ့နတ္တိ…ရေ
ဘာမှမရပေမဲ့ လာကြတာချစ်လို့ဗျ…။
သူ ဘာလုပ်ပေးပေး၊ မပေးပေး
ကျုပ်တို့ကရွေးမယ်။
သူဘာဖြစ်ဖြစ် ကျုပ်တို့ကချစ်တယ်။
ကျုပ်တို့ရဲ့ အချစ်မှာ
နိုဘယ်ဆုမပါ၊ သူလှတာမပါ၊
ရာကျော်တဲ့ ဒေါက်တာဘွဲ့
စာဖွဲ့ပြီးမပြောဘူး…။
ချက်ဆိုရင်နားခွက်ကမီးတောက်
ခြင်္သေ့မင်းဟောက်သလို
ဒိုးဒိုးဒေါက်ဒေါက်၊ မကြောက်တရားအပြည့်
သူ့သတ္တိကို လေးစားမိတာမပါဘူး…။
အရှုံးအမြတ်အတွက်၊ သုံးသပ်ချက်မပါ
ရာထူးရူးတာလဲမလို
ဒါတွေကိုစာရင်းမသွင်းလို့ မင်းတို့ဦးနှောက်မပြည့်
သုံးယောက်ရှိလို့မှ သုံးတန်းမအောင်
ငတုံးတန်းက အကောင်တွေလို့
ကျုပ်တို့ကိုဆိုရင်လဲ ခံယုံပဲဗျာ…။
ဟုတ်တယ် ကျုပ်တို့မှာဦးနှောက်မပါဘူး…။
ဒါပေမယ့် နှလုံးသားပါတယ်။
ချစ်တာဗျ…ချစ်တာ၊ မေတ္တာဗျ…မေတ္တာ၊
ချစ်တယ်ဆိုတာ အလိုလိုပဲ…
ရင်ဘတ်ထဲမှာ စွဲနေတာလေ…။
ပြီးတော့… ကျုပ်တို့ရဲ့နှလုံးသားကို
သူ အလွဲသုံးစားမလုပ်ဘူးလို့ အသေယုံတယ်။
ဟုတ်တယ်နော်…
ရှေ့ဆုံးတန်းက ဘုန်းဘုန်း၊ ပြုံးပြုံး ပြုံးပြုံးနဲ့ ဆရာလေးရော
သဘောတူကြပါရဲ့လားခင်ဗျာ…။တဲ့။

ဒေါင်းအုပ်ကြီးထဲကအသံ
‘ကျွန်တော်တို့ရဲ့ နှလုံးသားကို
ငွေနဲ့ပေးဝယ်လို့မရပါဘူး အမေ’ တဲ့
ကွယ်လွယ်သားတစ်ယောက်ရဲ့အသံ၊ ကွင်းထဲကိုလျှံကြ၊
အူကလာတဲ့ အာဂလူပါလား…၊
မှတ်ထားကွဟေ့နော်…။

10 comments

  • chityimhtoo

    February 22, 2012 at 8:59 am

    သခင်မျိုး မြောင်းမြအတွက်ရေးသားသောကဗျာလေးဖြစ်ပါသည်။

    Reply

    • zarlay

      February 22, 2012 at 2:48 pm

      ကဗျာလေးက ဖတ်လို့အရမ်းကောင်းပါတယ် ကဗျာအတွက်ကျေးဇူးပါ။

      Reply

  • water-melon

    February 22, 2012 at 9:08 am

    အမေစု မန်းလေးမလာတာ ဝမ်းနည်းတယ်ဗျာ
    မန်းလေးသားတွေ ဘယ်လောက်တက်ကြြွ့ပီး အမေစုကိုထောက်ခံတယ်ဆိုတာပြချင်လိုက်တာ
    လမ်းကြောင်းမှန်ကနေ စောင့်မျှော်နေတဲ့ ဒီမိုကရေစီပြည်သူ/သားများ

    Reply

    • Thel Nu Aye

      February 22, 2012 at 9:13 am

      လားရှိုးသွားရင်းဝင်မယ်ပြောတယ်။

      Reply

  • Thel Nu Aye

    February 22, 2012 at 9:12 am

    ဘယ်နေရာပဲဖြစ်ဖြစ်အမေစုကို သောင်းသောင်းဖြဖြအားရပါးရကြိုကြတာကြက်သီးထပြီးမျက်ရည်ဝဲရတဲ့အထိပါပဲ။ တခုပဲစိတ်ပူပါတယ်။ ဒီလောက်လူများနေရင်တော့အမေစုလုံခြုံရေးဟာစိုးရိမ်စရာပါပဲ။ စိတ်ပူမိတယ်။

    Reply

  • vipar06

    February 22, 2012 at 9:35 am

    ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။လေးစားမိပါတယ်…သခင်မျိုး

    Reply

  • kyeemite

    February 22, 2012 at 11:28 am

    ကဗျာဆိုတာ ရင်ကလာတာ…ရင်နဲ့ခံစားပီး..ခံစားနေရတုံးအခိုက်ချရေးလိုက်မှရတာ..လို့
    ကျောင်းတုံးကမြန်မာစာဆရာကပြောဘူးတယ်….ခေါင်းစဉ်တခုချပီးထိုင်စဉ်းစားရေးရင်ကဗျာ
    မဖြစ်ဘူးတဲ့…ဖြစ်ရင်လည်းအသက်မပါဘူးတဲ့…….ခုတော့ဗျာ…အသက်ဝင်လိုက်သမှ…
    ကဗျာဆရာသခင်မျိုးအားလေးစားချီးကျူးပါဂျောင်း…တဆင့်တင်ပေးပါသော..chityimhtoo အား
    လည်းကျေးဇူးတင်ပါဂျောင်း…

    Reply

  • ကိုချစ်ရင်ထူးရေ ကျေးဇူးတင်တယ်ဗျာ ကဗျာလေးအတွက်ပေါ့။

    ဒေါင်းအုပ်ကြီးထဲကအသံ
    ‘ကျွန်တော်တို့ရဲ့ နှလုံးသားကို
    ငွေနဲ့ပေးဝယ်လို့မရပါဘူး အမေ’ တဲ့
    ကွယ်လွယ်သားတစ်ယောက်ရဲ့အသံ၊ ကွင်းထဲကိုလျှံကြ၊
    အူကလာတဲ့ အာဂလူပါလား…၊
    မှတ်ထားကွဟေ့နော်…။

    Reply

  • Patriot

    February 22, 2012 at 3:11 pm

    ‘ကျွန်တော်တို့ရဲ့ နှလုံးသားကို
    ငွေနဲ့ပေးဝယ်လို့မရပါဘူး အမေ’ စာသားလေးကို အကြိုက်ဆုံးပဲ။

    Reply

  • mg mg

    February 23, 2012 at 9:55 am

    မရေးတတ်ဖူး၊ ဒါပေမယ့် ခံစားတတ်တယ်။ ရင်ထဲမှာတလှိုက်လှိုက်နဲ့ အဒီလူအုပ်ထဲ ကိုယ်တိုင်ရောက်နေသလိုပဲ။ အကုန်လုံးကိုဖွင့်ပြထားသလိုပဲ အရမ်း…အရမ်း…ကို ကျေးဇူးပါ။

    Reply

Leave a Reply to Patriot Cancel Reply

Your email address will not be published.