ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့် အမှုကို မိခင်ဖြစ်သူက သမ္မတထံ တိုင်ကြား

Wai PhyoeFebruary 19, 20121min015

ရဲအာဏာပိုင်များ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့်အမှုကို မိခင်ဖြစ်သူက နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားထားခဲ့သော်လည်း ယနေ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၇၄) ဧရာလမ်းနေ ဦးမျိုးဇော်ဦးသည် နယ်မြေခံ ရဲဝန်ထမ်းတို့၏ ဖမ်းဆီးရိုက်နှက်စစ်ဆေးရမှုကြောင့် ယခုလ ရ ရက်နေ့တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ယခုလ ၃ ရက်နေက ဦးမျိုးဇော်ဦး နေအိမ်တွင် ရှိနေစဉ် ရဲတပ်ကြပ် ကျော်ထွန်းသန်း၊ ရဲတပ်သားတဦးနှင့် လမ်းမှူး ဦးစံညွှန့်တို့က အမှတ် (၅) လှိုင်သာသာ ရဲကင်းသို့ ခေါ်ဆောင်သွားပြီး မိသားစုနှင့် တွေ့ခွင့်မရဘဲ ရုံးထုတ်သည့် နေ့ရောက်မှ ရိုက်နှက် ခံထားရသည့်ဒါဏ်ရာများကို တွေ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ငွေသိမ်းက ပြောသည်။

“ဖမ်းသွားပြီး နောက်တနေ့မှာ စခန်းမှာ သွားတွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးထုတ်မှ တွေ့ရမယ်ဆိုပြီးပြောတယ်၊ (၆) ရက်နေ့ရုံး ထုတ်တော့ တရားရုံးမှာ တွေ့ရတော့ မျက်ခုံးတွေကွဲပြီး မျက်စိလဲ ဖူးယောင်နေတယ်၊ ပါးနှစ်ဖက်စလုံး ရောင်နေတယ်၊ နားထင်တွေကွဲနေတယ်၊ တရားက ရုံးအုပ်ဒေါ်အေးသီက ဆေးရုံချက်ချင်းသွားခိုင်းလို့ သွားပြီး ချုပ်တာ တွေလုပ်ရတာ” ဟု ဆက်ပြောသည်။

ကိုမျိုးဇော်ဦးအား တရားရုံးသို့ ပြန်ခေါ်လာပြီး ညနေပိုင်းတွင် အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်လိုက်ပြီးနောက် (၇) ရက်နေ့တွင် ရပ်ကွက်အာဏာပိုင်များ အကြောင်းကြားမှ သေဆုံးသွားကြောင်း သိရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

“မနက် (၉) နာရီလောက်မှာ သူ့သား မျိုးမင်းစိုးကို ရပ်ကွက်ရုံးက ဦးမောင်လတ်က လာခေါ်တယ်၊ ရုံးရောက်တော့ ရဲတပ်ကြပ် ကျော်ထွန်းသန်းက မင်းအဖေ ထောင်ထဲမှာ ဆုံးပြီးလို့ပြောတော့မှ သိရတာ၊ အင်းစိန်ထောင်လိုက်သွားတော့ သေဆုံးကြောင်း အကြောင်းကြားစာကို နေ့လည် ၂ နာရီကျော်လောက်မှရတယ်” ဟု ပြောသည်။

အဆိုပါသေဆုံးကြောင်း ဆေးစာတွင် (၇) ရက်နေ့ နံနက် ၃ နာရီခန့်တွင် သွေးတိုး လေဖြတ်ရောဂါဖြင့် သေဆုံးသွားကြောင်း ရေးသားထားသည်ဟု ဆက်ပြောသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဦးလှမျိုးထွန်းနှင့် ညီမဖြစ်သူတို့က (၁၉၉) သို့ ဖုန်းဆက်တိုင်ကြားခဲ့ပြီး အင်းစိန်ရဲစခန်းတွင် ဆေးစာများ သွားတောင်းယူရာ စခန်းမှူး ဦးအောင်မိုးက တရားရုံးရောက်မှ တောင်းယူရန် ပြောဆိုခဲ့သည်။

“စခန်းမှူးက အခုဖြစ်တဲ့ လှိုင်သာယာရဲစခန်းက နယ်ထိန်း စောနိုင်ဦးဆိုတာ သူ့သူငယ်ချင်းဘဲ၊ စခန်းက တာဝန်ရှိသူတွေက မှားခဲ့ပေမဲ့ မောင်နှမလို သဘောထားပြီး လျော့လျော့ပေ့ါပေ့ါလုပ်ကြပါဆိုပြီး ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။ဦးဇော်မျိုးဦး သေဆုံးရခြင်းနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ယခုလုပ်ရပ်သည် ရဲလုပ်ပိုင်ခွင့်ထက်ကျော်လွန်သည့် ပြုမူမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးချိုးဖောက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းတို့ကို ရေးသားဖော်ပြ၍ နိုင်ငံတော်သမ္မတ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပြည်ထဲရေးဌာအပါအဝင် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့  ယခုလ ၁၄ ရက်နေ့တွင် ပူးတွဲပေးပို့ တိုင်ကြားထားသည်။

15 comments

  • water-melon

    February 19, 2012 at 1:19 pm

    ကိုဘလက်ချောပြောသလို့
    ဒုတ်မီး ဒုတ်မီး
    ဥပဒေအထက်မှ ဘယ်သူမှမရှိစေရ
    ငါဘဲရှိတယ် 😀

    Reply

  • ဆူး

    February 19, 2012 at 1:36 pm

    တိုင်တာ တောတာတွေ ရှိလာရင်တော့ နည်းနည်း သိမ်မွေ့သွားမယ် ထင်ပါတယ်။
    ဘာအမှု နဲ့ စစ်ခံရတာလဲ.. အရိုက်ခံရတာပဲ ပါတယ်နော်။

    Reply

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 19, 2012 at 4:04 pm

    မြန်မာနိုင်ငံအရပ်ရပ်ကမြန်မာပြည်သားတွေ ကဥပဒေဆိုင်ရာ လူအခွင့်အရေးတွေကိုနားမလည်ကြလို့ဖြစ်ရ
    တာပါ။ ဒီလိုကိစ္စမျိုးတွေမဖြစ်ချင်ရင် ဥပဒေစာအုပ်တွေကိုများများဖတ်ရှုလေ့လာသင့်ပါတယ်။
    နိုင်ငံသားတိုင်းလိုလို အနည်းဆုံးတော့ကိုယ့်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြစ်မှုဆိုင်ရာဥပဒေစာအုပ်တွေကို
    ဖတ်မှတ်လေ့လာသင့်ပါတယ်။ အခုလိုဖြစ်ပွားရခြင်းမှာဆိုရင် ရဲတွေကတရားခံတစ်ယောက်ကိုရိုက်ချင်တိုင်းရိုက်ဖို့ မဆိုပါနဲ့ဦး
    စစ်သုံ့ပန်းတစ်ယောက်ကိုတောင် စစ်ဘက်ဆိုင်ရာကလူတွေက စိတ်တိုင်းကျညှင်းဆဲပိုင်ခွင့်မရှိပါဘူး။
    ဒီလိုမလုပ်ဖို့လည်းပြဌာန်းဥပဒေတွေရှိပြီးသားပါ။ အခုကိစ္စမျိုးဆိုရင် ရဲလက်စွဲဥပဒေပါပုဒ်မတွေကိုချိုးဖောက်
    သကဲ့သို့ဖြစ်ရပ်ပါ။ ဥပဒေဆိုတာနိုင်ငံသားတွေရဲ့အခွင့်အရေးတွေနဲ့တာဝန်တွေကိုသတ်မှတ်ပေးတာဖြစ်တဲ့
    အတွက်ကြောင့် ပြည်သူအများဥပဒေကိုထဲထဲဝင်ဝင်မဟုတ်ရင်တောင် အကြမ်းဖျင်းတော့လေ့လာကြပါလို့မှာကြားရင်း။
    ကိုမျိုးဇော်ဦးတစ်ယောက်ရောက်လေရာဘဝမှာ ကောင်းသောတရားများနဲ့ကြုံကြိုက်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
    ရှမ်းပြည်သား(တောင်ပိုင်း)

    Reply

  • cobra

    February 19, 2012 at 4:48 pm

    ဘာအမှုကြောင့်လဲဆိုသိချင်ပါတယ်။
    အဲဒါလေးပါပြန်ပြောပေးပါဦး။

    Reply

  • ရိုက်နှက်စစ်မေးတတ်တဲ့ ကိစ္စက ခြေလွန်လက်လွန်ဖြစ်သွားပီထင်တယ်။တော်ရုံဘဲ စစ်ဆေးပေါ့ဗျာ။
    ကိုယ့်သွေးသားမဟုတ်တိုင်း အဲလောက်ညစ်စရာလားဗျာ။အမှုက ဘယ်လိုလဲဟင်။ဘာအမှုကြောင့်
    ရိုက်စစ်တာပါလိမ့်။

    Reply

  • Lwin Aung

    February 19, 2012 at 7:51 pm

    Carry on that case to Hlutaw committee.

    Reply

  • del one

    February 19, 2012 at 7:55 pm

    ဘာအမှုနဲ့ပဲဖြစ်ဖြစ်ပါလူတစ်ယောက်လုံးကိုသေလောက်အောင်ရိုက်နှက်စစ်ဆေးတယ်ဆိုတော့လုံးဝကိုတရားလွန်ပါတယ်။ အဲဒီလူတွေကိုတရားဥပဒေအရအထဝရောက်ဆုံးအရေးယူသင့်ပါတယ်။

    Reply

  • YE YINT THU

    February 20, 2012 at 1:07 pm

    ပြည်သူ က ရွေး ချယ်လို ့လွှတ်တော်တက်ရောက် ခွင့်ရနေသော ပြည်သူ ့လွှတ်တော် အမတ်တစ်ဦးဦး မှတစ်ဆင့် ဒီကိစ္စကို ယခုကျင်းပနေဆဲ (သို ့မဟုတ် ) နောင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတစ်ခုခုမှာ ဒီကိစ္စကိုဖွင့်ချတင်ပြသင့်တယ်။
    အခုအချိန်ထိတော့ ယခုကျင်းပနေဆဲလွှတ်တော်ထဲမှာ ပြည်သူ ့အတွက် အမှန်တကယ်ကြိုးစားနေကြသော အမတ်များတွေ ့နေရသလို ။ တစ်ချို ့ အမတ်တွေကျတော့ performance က အားရစရာမရှိဘူးဗျ။ ဖောရှောတွေလား မသိဘူး။
    ဥပမာဗျာ။ ။ ၅၀၀ဝ တန်ဆင်းကဒ် ကိစ္စကို အများပြည်သူသန်းပေါင်းများစွာကဝိုင်းအော်နေပေမယ့် MPT ကကောင်တွေကလည်းပြည်သူကို အလုပ်အကျွေးပြု ဖို ့ခန် ့ထားတဲ့ ပြည်သူ ့ဝန်ထမ်းဆိုပေမယ့် ဈေးကြီးကြီးနဲ ့ ပြည်သူကိုတွယ်ဖို ့ကြံစည်နေတဲ့ လက်တစ်ဆုတ်စာကုမ္ပဏီ ၂၃ ခု ကို ပြောင်ပြောင်တင်တင်း အကာ အကွယ်ပေးနေတဲ့ ကိစ္စမျိုး ဆိုရင် ယနေ ့အထိတော့ ဘယ်အမတ်ကမှတင်ပြတာမေးမြန်းတာ မျိုးမ တွေ ့ရသေးဘူး။

    Reply

  • kyeemite

    February 20, 2012 at 1:39 pm

    အမှန်တကယ်ဆိုရင်တော့..တော်တော်စိတ်မကောင်းစရာပါဘဲ..
    ဒီလိုကိစ္စတွေမရှိသင့်တော့ဘူး..အပ်ဒိတ်သတင်းထပ်သိရရင်တင်ပေးပါအုံး ဒေါ်ဝေဖြိုးရေ..

    Reply

  • myanmarcitizen

    February 20, 2012 at 1:53 pm

    အဖြစ်မှန်တကယ်ဆိုရင် ထိထိရောက်ရောက်ကိုတိုင်ကြားသင့်ပါတယ်။ တရားဥပဒေအရ လက်မခံနိုင်စရာ အဖြစ်ပါ။ media တွေကြားမှာလဲ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေသင့်ပါတယ်။ အသေးစိပ်လေးထပ်ရေးပေး ပါအုန်း။ ဓါတ်ပုံတွေဘာတွေ မှတ်တမ်းမရှိဘူးလားခင်ဗျာ။ ဆရာဝန်ဆေးမှတ်တမ်းတွေနဲ့ သေချာလုပ်ပြီး ထိထိရောက်ရောက်တိုင်ကြားကြပါ။

    Reply

  • Phaung Phaung

    February 20, 2012 at 4:43 pm

    ရုံးထုတ်တဲ့အချိန်မှာ ဒဏ်ရာတွေနဲ့တွေ့ရတာကို ဓါတ်ပုံရိုက်ယူထားသင့်တယ်။ လူ့အသက်တစ်ချောင်းကို ကြက်လေး၊ငှက်လေးတွေလို သဘောထားနေကြသလား။ အဲဒီနှိပ်စက်တဲ့ ရဲတွေလည်း တစ်နေ့တော့ ဝဋ်လည်အုန်းမှာပါ… ကိုယ့်အသားနာမှဒင်းတို့က ကိုယ်ချင်းစာတတ်ကြမှာ။

    Reply

  • ဘမျိုး ဘိုးတူ

    February 20, 2012 at 4:59 pm

    ဘယ်လို အမှုမျိုးပါလိမ့် ထားပါတော့ သွေးနဲ့ကိုယ် သားနဲ့ကိုယ် နှိပ်စက်တာ မကောင်းဘူး
    ကြားရတာ စိတ်မချမ်းသာ ဖြစ်ရတယ် နှိပ်စက်မှု မှန်ရင် နှိပ်စက်သူ အပြစ်ဒဏ် ခံရစေချင်တယ်

    Reply

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 20, 2012 at 9:27 pm

    ရိုက်စစ်တယ်ဆိုတာများသောအားဖြင့် တရားခံကိုဖြောင့်ချက်ပေးစေချင်လို့ပါ။
    ဒါပေမယ့်လို့ အဲ့ဒီလိုရိုက်နှက်ခြိမ်းခြောက်၊ဖြားယောင်းသွေးဆောင် ပြောစေတဲ့ဖြောင့်ချက်ဆိုတာမျိုးကို
    တရားရုံးကဖြောင့်ချက်အနေနဲ့လက်ခံစဉ်းစားမှာမဟုတ်ပါဘူး။
    ဒီနေရာမှာဖြောင့်ချက်ဆိုတာလေးကိုရှင်းပြလိုပါတယ်။ ဖြောင့်ချက်ဆိုတာ—-
    ရာဇဝတ်မှုတစ်ခုကိုကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့သူတစ်ယောက်ဟာ သူကအဲဒီအမှုကိုကျူးလွန်တယ်လို့
    ဝန်ခံတဲ့မြွက်ဆိုချက် ဒါမှမဟုတ် ဝန်ခံရာရောက်တဲ့မြွက်ဟပြောကြားချက် ၊ ဝန်ခံတယ်လို့ယူဆနိုင်လောက်တဲ့
    အကြောင်းအရာတွေကိုအပြည့်အစုံ မြွက်ဆိုချက်ပဲဖြစ်ပါတယ်။ အဲဒီ့လို အထက်ပါအချက်တွေနဲ့ မပြည့်စုံဘူး
    ဆိုရင်ဖြောင့်ချက်မဟုတ်ပါဘူး ဖြောင့်ချက်အဖြစ်လဲအသုံးပြုလို့မရပါဘူး။
    ဒါတွေကိုသိလျက်နဲ့ ပြည်သူ့ဝန်ထမ်း(ရဲ၊အာဏာပိုင်နှင့်သူကြီး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင်)နှိပ်စက်
    ခဲ့မယ်ဆိုရင် နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်တွေကိုချိုးဖောက်တာပါပဲ။ ကိုလိုနီခေတ်ကအုပ်ချုပ်ရေးနဲ့ကင်ပေတိုင်
    စခန်းတို့ကအုပ်ချုပ်ရေးစနစ်တို့နဲ့သိပ်မကွာသလိုဖြစ်နေပါပြီ။ နောက်ပြီး စာရေးသူရေ အဲဒီကာယကံရှင်တွေကို
    တိုက်တွန်းလိုက်ပါဗျာ သမ္မတကြီးမအားသေးဘူး တရားရေးနှင့်ဥပဒေရေးရာစိစစ်ရေးက သူရဦးအောင်ကို
    ဆီကို တင်ပြပါ နောက်နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်ကိုတင်ပြပါ ပြည်သူ့လွှတ်တော်ကိုတင်ပြတိုင်
    တန်းပါလို့အကြံပေးချင်ပါတယ်။ သမ္မတကြီးက ပြည်သူ့ဝန်ထမ်းတွေကိုလစာတိုးပေးဖို့အတွက် လောလော
    ဆယ်ခေါင်းစားနေမယ်လို့ ကျွန်တော်မြင်လို့ပါ။

    Reply

  • paukpauk

    February 20, 2012 at 11:16 pm

    ဒီလိုမတရားလုပ်လို့ရတိုင်း လုပ်ခွင့်ပေးနေဦးမယ်ဆိုရင် ရွှေပြည်တော် မျျှော်တိုငးဝေးနေဦးမှာပဲ။
    ဒီကိတ်စ ခွင့်လွှတ် ထားရမဲ့ အနေအထားမဟုတ်ပါ။

    Reply

  • mg mg

    February 21, 2012 at 9:32 pm

    တိုင်ကြားတာ ဘယ်မှာတိုင်ကြားတာလဲ၊ ရောက်မရောက်ကော ဘယ်လိုလဲ၊ မီဒီယာများအနေဖြင့် မတရားတဲ့အမှုမျိုး အားလုံးသိအောင်ပြုလုပ်ပေးသင့်တယ်။ ဒါမှသာလျှင် အထက်ဖား အောက်ဖိ ဆန်ကုန်မြေလေး ဟိုမရောက် ဒီမရောက် ဂမြောက်ဂချောက်ကောင်တွေကို ဆုံးမနိုင်မှာပေါ့။ ဂွတ်ဂါးဘားမင့်၊ ကလင်းဂါးဘားမင့်-လို့ကြွေးကြော်ထားတာပဲ၊

    Reply

Leave a Reply to myanmarcitizen Cancel Reply

Your email address will not be published.