အမျိုးသမီးသီးသန့်ယာဉ်လိုင်းစမ်းသပ်ကာလ အမျိုးသမီးရေးရာနဲ့ပူးပေါင်းဆောင်ရွက်

manawphyulayFebruary 16, 20121min018

ဒီကနေ့ မနက်တော့ အဓိပတိလိုင်းကား အမျိုးသမီး သီးသန့်ယာဉ်လိုင်းဆိုတဲ့ဆိုင်းဘုတ်နဲ့ကား တက်စီးလာမိတယ်။ ကားပေါ်မှာက အမျိုးသမီးများသိပ်တော့မပါဘူး။ ဒါနဲ့ နှစ်ယောက်ထိုင်ခုံမှာ မနော ထိုင်လိုက်ပါတယ်။ ရှေ့က နှစ်ယောက်ထိုင်ခုံမှာ ထိုင်နေတဲ့အမတစ်ယောက်က ဘေးက သူတွေကို မေးနေတာ တွေ့ရတယ်။ ခုလိုမျိုးကားစီးရတော့ ဘယ်လိုနေပါသလဲ။ ဘယ်လိုခံစားရပါသလဲလို့ မေးနေတာကို နားစွင့်လိုက်မိပါတယ်။ အန်တီတစ်ယောက်က ဖြေပါတယ်။
“သမီးရေ ဒီလိုစီးရတာ အဆင်ပြေပါတယ် ဒါပေမယ့် သားအမိနှစ်ယောက်စီးမယ်ဆိုရင်ကော ရလားတဲ့ သားလေးက ၆ နှစ်ရှိပါပြီတဲ့” ဒီတော့ မေးတဲ့အစ်မက ပြန်ပြောတယ်။ “ဟုတ်ကဲ့ ဒါတော့ ကျွန်မတို့ကို ဘာမှမပြောထားပါဘူးတဲ့”
အင်း သူပြောသလို ဖြစ်သင့်တာပေါ့နော်။ ရင်ခွင်ပိုက်သားသည်အမေတွေကော စီးခွင့်မရှိတော့ဘူးလားပေါ့။
ကားဂိတ်တိုင်း အတွဲတွေ စီးမယ်လုပ်တော့ ယောက်ျားလေး တက်ခွင့်မရှိလို့ အမျိုးသမီးက တက်ပြီးမှ ပြန်ဆင်းရတာတွေလည်း ရှိပါတယ်။ တချို့ကျတော့ ရုံးနောက်ကျနေလို့ တက်လာပြီးမှ ပြန်မဆင်းတော့ပဲ အောက်မှာ စီးခွင့်မရှိတဲ့ သူ့တို့ကောင်လေးတွေကို လှမ်းပြောပါတယ်။ ဘယ်ဂိတ်ကို စီးလာခဲ့တု့ိ ဘာတို့ လှမ်းအော်ပြောရှာပါတယ်။

သူကတော့ တက်လာတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် လိုက်မေးနေပါတယ်။ ကားကလည်း မှတ်တိုင်တိုင်းရပ်ပြီး လူရပ်တင်ပါတယ်။ အမျိုးသားတွေ တက်တိုင်းမရပါဘူးပဲပြောတော့ မင်းတို့က အမျိုးသမီးတွေလား မေးကြတယ်။ တချို့က တက်ပြီး ဆောရီးပြောပြီး ပြန်ဆင်းရပါတယ်။ ထုံးစံအတိုင်းပေါ့ ၄၅ မိနစ်ပဲ ကြာရမယ့်ခရီးစဉ်မှာ ၁ နာရီ ၁၅ လောက်စီးရပါတယ်။ မေးတဲ့သူက အကုန်လိုက်မေးပြီး နောက်ဆုံး မနောဘေးမှာ လူလွတ်တော့ လာထိုင်ပါတယ်။ မေးတော့မမေးပါဘူး။ မနောပဲ ဘယ်ရမလဲ သူများပဲ မေးနေတာ သူ့လည်းပြန်မေးမယ်ဆိုပြီး မေးမြန်းလိုက်ပါတယ်။
မနော ။ ။ အမတို့ယာဉ်လိုင်းက ဘယ်တုန်းက စပြီး စမ်းသပ်ကာလလုပ်ပါသလဲ။
အမျိုးသမီးရေးရာ။ ။ ၁၃ ရက်နေ့က စတင်ပါတယ်။

မနော ။ ။ ဒါနဲ့ အမတို့ယာဉ်လိုင်းက ဘယ်လိုရည်ရွယ်ချက်ပါလဲ
အမျိုးသမီးရေးရာ။ ။ အဓိပတိလိုင်းနဲ့ အမျိုးသမီးရေးရာက ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် စီစဉ်ပေးခြင်း ဖြစ်ပါတယ်။

မနော ။ ။ ခုယာဉ်လိုင်းက စတင်နေပြီလား။
အမျိုးသမီးရေးရာ။ ။ ခုကတော့ စမ်းသပ်ကာလအဖြစ်ပဲ သတ်မှတ်ထားပြီး စီးတဲ့ခရီးသည်များ ဘယ်လိုအခြေအနေရှိသလဲဆိုတာ စစ်ဆေးနေတုန်းပါ။

မနော ။ ။ ဒါနဲ့ စမ်းသပ်ကာလမှာ တစ်နေ့ကို ယာဉ်ဘယ်နှစီးလောက် စီစဉ်ပေးပါသလဲ။
အမျိုးသမီးရေးရာ။ ။ ခုလက်ရှိပေါ့နော်။ ၄ စီးလောက်စီစဉ်ထားပါတယ်။

မနော ။ ။ စီစဉ်ပေးထားတဲ့ယာဉ်တွေကော အချိန်တွေ ကန့်သတ်ချက်ရှိပါသလား။
အမျိုးသမီးရေးရာ။ ။ ရှိပါတယ်။ မနက် ရ ခွဲကို တစ်ကြိမ်၊ ၈ ခွဲကို တစ်ကြိမ်နဲ့ ညနေ ရုံးဆင်းချိန်ကိုလည်း ပြန်လည်စီစဉ်ပေးထားပါတယ်။

မနော ။ ။ ဒါနဲ့ စမ်းသပ်ပြီးကာလကို ဆက်လုပ်ဖို့ မလုပ်ဖို့ကရော၊ သဘောက အမရယ် အမတို့ယာဉ်လိုင်း ဒီလိုပြေးဆွဲတယ်ဆိုတာ အတော်အတန် အင်တာနက်ပေါ်မှာပါ လူတွေသိလာပြီပေါ့နော်။ အဲလိုသိပြီးချိန်မှာ ရပ်တန့်လိုက်မယ်ဆိုရင်ကော ဘယ်လိုဖြစ်လာနိုင်မလဲ။

အမျိုးသမီးရေးရာ။ ။ ခုကတော့ အမတို့ကတော့ အားလုံးရဲ့ ယာဉ်စီးတဲ့အပေါ် အမြင်နဲ့ အမျိုးသားတွေရဲ့ဝေဖန်ချက်တွေကိုလည်း ယာဉ် ၄ စီးမှာ တစ်ယောက်ခြင်းစီထည့်ပေးထားတယ် မေးမြန်းဖို့ပေါ့နော်။ အားလုံးဖြေတဲ့အရာတွေအပြင် အမျိုးသားတွေရဲ့ တုံ့ပြန်မှုတွေကိုပါ ဗိုလ်မှူးကို တင်ပြပြီး အမျိိုးသမီးရေးရာနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။

မနော ။ ။ အမျိုးသမီးသီးသန့်ယာဉ်အပြင် အမျိုးသားသီးသန့်ယာဉ်ကိုကော စီစဉ်ပေးဖို့ ရှိပါသလား။
အမျိုးသမီးရေးရာ။ ။ အဲလိုတော့ မရှိပါဘူး။ နောက်ပိုင်းမှာတော့ အတွဲများအတွက် ထပ်လုပ်ဖို့တော့ ရာထားပါတယ်။

မနော ။ ။ အမျိုးသမီး သီးသန့်ယာဉ်မှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကော အမျိုးသမီးထားဖု့ိ စီစဉ်ထားပါသလား။ အဲလိုထားမယ်ဆိုရင် အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အရေး ပိုရရှိမယ်လို့ ကျွန်မ မြင်မိပါတယ်။
အမျိုးသမီးရေးရာ။ ။ အဲလိုတော့ မထားပေးပါဘူး။ ခုလက်ရှိတော့ အမျိုးသားတွေပဲ ထားထားဦးမှာပါ။

မနော ။ ။ ကျွန်မအနေနဲ့တော့ ခုလိုလုပ်ပေးတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် အမျိုးသမီး သီးသန့်ပဲဖြစ်ဖြစ် ရောပဲထားထားပေါ့လေ။ ယာဉ်လိုင်းကို ကားမှတ်တိုင်တွေမှာ လူမရှိပဲ မှတ်တိုင်တိုင်း ရပ်ပြီး လူစောင့်နေမယ့်အစား အချိန်မှန် လူတက်လူဆင်းနဲ့ အချိန်ကို မြန်နိုင်သမျှ မြန်အောင် လုပ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ကားပြိုင်မှသာ အမြန်မောင်းပြီး ကားပြိုင်တာမရှိရင် မှတ်တိုင်တွေမှာ ကျောက်ချရပ်နားတဲ့အခါ ခရီးသည်တွေက အလုပ်တွေကို အချိန်မှီမရောက်ပါဘူး။ ဒီတော့ အသစ်ထပ်လုပ်ပေးလည်း ဘာမှတော့ အကျိုးသိပ်မထူးခြားဘူးလို့ ကျွန်မ ထင်မိပါတယ်။ ဒါလေးတွေလည်း တင်ပြပေးစေချင်ပါတယ်။ ခရီးသွားတစ်ဦးအနေနဲ့ပေါ့လေ။ နေ့တိုင်း ရုံးတက်ရုံးဆင်း အားကိုးတကြီးစီးနေတဲ့သူတွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်မု့ိလို့ပါ။
အမျိုးသမီးရေးရာ။ ။ ဟုတ်ကဲ့ပါ။ ခုလို ဝေဖန်ထောက်ပြပြီး လိုအပ်ချက်တွေ ဆွေးနွေးတာ ကျွန်မမေးမြန်းတဲ့သူတွေထဲမှာ တစ်ယောက်မှ မတွေ့ဖူးသေးပါဘူး။ ပြန်လည်တင်ပြပေးပါမယ်။

မနော ။ ။ ဟုတ်ကဲ့ ကျွန်မ ဆင်းတော့မယ်နော်။
အမျိုးသမီးရေးရာ။ ။ ကျေးဇူးတင်ပါတယ်ရှင်။

ဒီလိုနဲ့ မေးမြန်းခဲ့သမျှကို ဖောက်သည်ပြန်ချလိုက်ရပါတယ်။ သူများ မေးသမျှ သူ့ပြန်မေးတဲ့သူ မရှိလို့ အံ့ဩတကြီး ပြန်လည်ဖြေကြားခဲ့သော အမျိုးသမီးရေးရာမှ အစ်မကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ ဒီနေရာလေးကနေပြန်လည်ပြောကြားလိုက်ရပါတယ်ရှင်။

18 comments

  • eipu

    February 16, 2012 at 3:58 pm

    အမပြောသလိုပါဘဲ။ မရောက်သေးတဲ့သူကိုစောင့်နေတာထက်စာရင် ရှိတဲ့သူကိုတင်သွားသင့်တယ်နော်။
    ရုံးတက်ဆင်းချိန်ဆို ကားတွေကအရမ်းကြပ်တာလေ။

    Reply

  • jujuma

    February 16, 2012 at 4:10 pm

    အရမ်းကိုခင်ဖို့ကောင်းတဲ့ အမ မနော တို့ကတော့ အမြဲ တမ်းကို သွက်လပ် ချက်ချာ နေတာပဲ ….
    စကားပြောရင်လဲ ချိုသာသလောက် ဟာသနှော တတ်တာလဲ ခင်မင်စရာကောင်းတယ်နော်…..

    အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ ကားကြပ်တယ်ဆိုတာ ဖြစ်တတ်တော့ …
    အမျိုးသမီးသီးသန့် ယဉ်လိုင်းလုပ်မယ့်အစား ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အစရှိတဲ့ ဝန်ထမ်းတွေ အားလုံးအတွက် သက်ဆိုင်ရာတွေက ဖယ်ရီတွေ ထားပေးကြမယ်ဆိုရင် ပို ပီး အဆင်ပြေမယ်ထင်ပါတယ် နော်…

    Reply

    • နေဝန်းနီ

      February 16, 2012 at 10:48 pm

      jujuma says: အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ ကားကြပ်တယ်ဆိုတာ ဖြစ်တတ်တော့ …
      အမျိုးသမီးသီးသန့် ယဉ်လိုင်းလုပ်မယ့်အစား ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အစရှိတဲ့ ဝန်ထမ်းတွေ အားလုံးအတွက် သက်ဆိုင်ရာတွေက ဖယ်ရီတွေ ထားပေးကြမယ်ဆိုရင် ပို ပီး အဆင်ပြေမယ်ထင်ပါတယ် နော်…)… သက်ဆိုင်ရာတစ်ဌာနချင်းထက်….။ ဝန်ထမ်းမှန်သမျှ ဘယ်ကားမဆိုတက်စီးလို့ရတဲ့ ဖယ်ရီမျိုး …။နောက်ကျောင်းသားတွေအတွက်သီးသန့်စီစဉ်ပေးတာမျိုးရှိမယ်ဆိုရင် မထသ ကားတွေ သိပ်ကြပ်မှာမဟုတ်တော့ဘူး

      Reply

      • Khin Latt

        February 17, 2012 at 4:50 am

        ကျွန်မ လဲ အဲဒီလို အစီအစဉ် ရှိရင် ပြဿနာ တော်တော်လေး ပြေလည် သွားနိုင်မယ် ထင်တာဘဲ။
        အဲဒီလို မျိုး ကိုလဲ သက်ဆိုင်ရာတွေ ကို အကြံပြုသင့်တယ်။

        Reply

  • kyeemite

    February 16, 2012 at 4:20 pm

    ဒီအစီအစဉ်..မကြိုက်ပါဂျောင်း..ခဏသာခံမဲ့အစီအစဉ်ဟုထင်ပါဂျောင်း..
    တကယ်ကတော့..ရုံးဆင်းရုံးတက်ချိန်တွေမှာ..ကားအစီးရေများအောင်ဆောင်ရွက်ပေးလို့..
    ချောင်ချောင်ချိချိ ဖစ်သွားရင် ထောက်လှမ်းရေးကိစ္စ အလိုလိုပျောက်သွားမည်ဖစ်ပါဂျောင်း..
    ယခုတော့..တလွဲဖြေရှင်းနည်းကြောင့်…ယောက်ကျားအများစုကြီးမှာ အစေါ်ကားခံနေရသလို
    ဖစ်နေပါဂျောင်း….ဂျောင်းပီဗျို့…..

    Reply

  • ginny

    February 16, 2012 at 4:23 pm

    ဒါမှ အစ်မ မနောကွ. ဘယ်ရမလဲ မေးတဲ့သူကို ပြန်အင်တာဗျူးလုပ်လိုက်တာ….:)
    ဟုတ်တယ်အစ်မရေ သူတို့က ကားပြိုင်မရှိရင်လိပ်လိုမောင်းပြီး၊ အပြိုင်ရှိရင်အသားကုန်မောင်းတာ ဘုရားတနေရတယ်.

    Reply

  • စိန်ပေါက်ပေါက်

    February 16, 2012 at 4:59 pm

    ဟေ့လူ..ဟေ့လူ
    အင်တာဗျူးသလိုလိုနဲ ့ ကားခမပေးပဲဆင်းသွားလို ့ဖြစ်မလားဗျ

    Reply

    • manawphyulay

      February 16, 2012 at 5:23 pm

      အမယ် စိန်စိန်လို အကျင့်များ ရှိနေတယ်ထင်လို့လား … ကားပေါ်တက်ထဲက ကားခ ပေးပြီးသားရှင့်…

      Reply

  • True Answer

    February 16, 2012 at 5:16 pm

    အမျိုးသားသီးသန့် အတွက်လည်း စီစဉ်ပေးသင့်ပါတယ်ဗျာ။ ကိုဂျော်နီတို့ နဲ့ တူတူ မစီးချင်တော့ဘူးဗျ။

    Reply

    • manawphyulay

      February 16, 2012 at 5:26 pm

      ကိုဂျော်နီတို့နဲ့ မစီးချင်ရင် ဒူတွေနဲ့ စီးချင်တာလဲဟင် အထက်ကို တင်ပြပေးပါမယ်။ (ဘီဒိုပေါ်ကိုပြောပါတယ်)…. 😛

      Reply

  • teekock

    February 16, 2012 at 5:55 pm

    မ မနောတို့ကတော့ မိုက်တယ်ဗျာ။ တကယ်ပဲ။ လုပ်သင့်တယ် မေးသင့်တယ်။ ကောင်းတယ်။
    စပယ်ရာကို မိန်းမထားပေးရမှာ။ ဒါမှ အရင်တစ်ခါလို အမကို ဂုဏ်ပုဒ်တွေဖော်ပြီး မပြောမှာ

    Reply

  • three colors

    February 16, 2012 at 11:34 pm

    ဒီအစီအစဉ်ကောင်းပါတယ်၊တကယ်ကားကြပ်တဲ့အချိန်ကိုရွေးပြီးဆွဲပေးသင့်ပါတယ်၊စောင့်ပြီးလူမတင်သင့်ပါဘူး၊သိလာကြရင် လူစီးများလာမှာပါ၊ဖြစ်နိုင်ရင် အမျိုးသမီး စပယ်ယာထားသင့်ပါတယ်၊
    အတွဲတွေအတွက် ဆွဲပေးမယ်ဆိုတာကျ တမျိုးကြီးပဲ၊ မှန်စတစ်ကာအမဲကပ် အလုံပိတ်နဲ့လား၊
    ယောင်္ကျားလေးတွေကလဲ စိတ်ဆိုးစရာ မရှိဘဲ ကိုယ့်နှမ(မရှိရင်)ကိုယ့်အမေ(သို့)ကိုယ်ကောင်မလေး ကိုသူများ
    ထောက် မသွားအောင် လုပ်ပေးတာလို့သိပေးပါ။

    Reply

  • Khin Latt

    February 17, 2012 at 4:52 am

    အင်တာဗျူးလေးက စိတ်ဝင်စားစရာပါဘဲ မနောရေ။
    ပိုပြီးအောင်မြင်ပါစေကွယ်။

    Reply

    • manawphyulay

      February 17, 2012 at 1:29 pm

      အင်တာ မဗျူးတတ်ပါဘူး မမခင်လတ်ရယ်… ဘယ်လိုဗျူးရမှန်းကိုမသိလို့ မြဝတီနှင့် MRTV 4 မှာတောင် အလုပ်မလျှောက်ဖူးဘူး။

      Reply

  • Kaung Myat Thu

    February 17, 2012 at 12:56 pm

    ကိုကျီးမိုက်-တစ်မျိုးထင်ပြီးစိတ်မကောင်းမဖြစ်ပါနဲ့။တကယ်ကောင်းတဲ့အစီအစဉ်ပါ။ဘာဖြစ်လို့လဲဆိုရင်-
    ကားပေါ်မှာနှမချင်းမစာနာတတ်သူအချို့ပါလာတတ်သလို၊စုံတွဲတချို့ရဲ့မြင်မကောင်းတဲ့မြင်ကွင်းတွေကို
    ကိုယ့်သား၊သမီးတွေမြင်ပြီးအတုမခိုးတတ်တော့ဘူးပေါ့နော်။
    ကျေးဇူးတင်ပါတယ်။

    Reply

  • ကြောင်ကြီး

    February 17, 2012 at 12:58 pm

    နောက်တခါဗျူးရင် သူတို့ဗိုလ်မှူးမှာ သမီးရှိမရှိ၊ ရှိရင် အရွယ်ရောက်မရောက်၊ ရောက်လျင် အပျိုဟုတ်မဟုတ်၊ ဟုတ်လျင် ကြောင်နဲ့သဘောတူမတူ၊ တူလျင် ဒေါ်လာနဲ့စားရိတ် ထောက်မထောက်၊ ထောက်လျင် သက်ဆုံးတိုင်ပေး မပေး၊ ပေးလျင် နောက်ထပ်ယူခွင့် ရှိမရှိ၊ ရှိလျင် ခယ်မရ မရ၊ ရလျင် ထပ်ပေးမပေး…မေးပေးပါနော်..။ :mrgreen:

    Reply

    • manawphyulay

      February 18, 2012 at 1:23 pm

      ဒီတစ်ခါစီးရင် ထပ်ပြောပြလိုက်မယ်နော်… ဦးဦးကြောင်ကြီးအတွက် ရှယ်ပေါ့…

      Reply

  • snow white

    February 28, 2012 at 6:40 pm

    အမျိုးသမီးသီးသန့်ယာဉ်လိုင်းစီစဉ်ပေးတာကောင်းပါတယ် မမမနောဘယ်လို်င်းတွေပြေးဆွဲပေးတာလဲဟင် ညီမတို့သာကေတဘက်တော့မရောက်သေးဘူးနဲ့တူတယ်တခါမှမတွေ့သေးဘူး မြို့နယ်တိုင်း
    ပြေးဆွဲနေတာဟုတ်သေးဘူးလားဟင် မမမနောကတော့သာပါတယ် အဲလိုပြန်မေးခဲ့တာ ကောင်းပါတယ်မမမနောပြန်ဖြေပေးအုံးနော် ဘယ်မြို့နယ်တွေပြေးဆွဲနေသလဲဆိုတာကိုမမမနောဖြေပေးပါနော်

    Reply

Leave a Reply

Your email address will not be published.