တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သော လူကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလာလေ၏။ ကျွန်ုပ် ကြီးပြင်းခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းကိုပီတာကြီးအား အရူးပီတာဟု ခပ်လွယ်လွယ် ခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ထို့သို့ မခေါ်ရက်သောကြောင့် ကိုပီတာဟုပင် ခေါ်ဝေါ်ခဲ့လေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်..“ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်…” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။ ကျွန်ုပ်ကမူ.. “ ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့မနက်စာ ဘာဟင်းနဲ့စားမလဲ ပြောစ်းပါဗျာ၊ ကျုပ် ချက်ကျွေးစမ်းပါရစေ” ဟု မေးလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူးကွာ၊ ဈေးထဲမှာ စားဖားတွေရနေပြီ၊ ဖားသားဆီပြန် တစ်ခွက်ရယ်၊ ငါးပိထောင်းစပ်စပ် ကလေးတစ်မယ်ရယ်၊ […]
