ကျွန်တော်သည် အတိတ်ကိုပိုင်ဆိုင်ခဲ့သည်။ ကျွန်တော်သည် အတိတ်ကိုပိုင်ချင်ပါသေးသည်။ အတိတ်သည် ကျွန်တော့် အား တိုးတက်မှုများစွာပေးခဲ့သည်။ နွေးထွေးမှုများစွာပေးခဲ့သည်။ မေတ္တာဓာတ်များစွာပေးခဲ့သည်။ တစ်ခါတစ်ရံ မွန်းကြပ်မှုများစွာလည်းပေးပြန်သည်။ အမှန်တကယ်တွင် အတိတ်သည်ကျွန်တော့်အနားတွင် မရှိမဖြစ်လိုအပ်ခဲ့သည်။ အတိတ်ကို အတိတ်မှာထားခဲ့ဆိုသည့်စကားအတိုင်း ကျွန်တော်သည် အတိတ်ကိုမထားခဲ့နိုင်ချေ။ ကျွန်တော်တတ်နိုင် သည်မှာ အတိတ်အားငေးမောကြည့်နိုင်ရုံသာ ကြည့်ခွင့်ရတော့၏။ အတိတ်သည် ကျွန်တော့်ရှေ့တွင်ပင် တဖြည်းဖြည်း ပါးပါးလျကာ ပျောက်ကွယ်သွားတော့မည်။ ကျွန်တော့်အား ပျောက်ကွယ်သွားမည့်ဆဲဆဲအထိ အတိတ်၏သံယောဇဉ်များ သည် အမျှင်တန်းလေးများသဖွယ် ကပ်ငြိကာကျန်နေခဲ့သေးသည်။ သေချာသည့်အရာတစ်ခုမှာ အတိတ်တွင် ကျွန်တော်၏ နောင်တများစွာ စုပုံကာ ကျန်ရစ်ခဲ့လိမ့်မည်။ ဒီနေ့ အတိတ်သည် ကျွန်တော်နှင့်အတူရှိမနေတော့ချေ။ လက်ရှိကျွန်တော့်လက်ထဲရှိ ပစ္စုပ္ပန်ကိုသာကျွန်တော်ပိုင်ဆိုင် တော့သည်။ ကျွန်တော့်တွင် ပစ္စုပ္ပန်များစွာရှိသည်။ ယခင်အတိတ်တုန်းကလည်း ပစ္စုပ္ပုန်များစွာရှိခဲ့ဖူးသည်။ ယခုအခါ ထိုပစ္စုပ္ပန်များသည် ကျွန်တော်၏လေလွင့်စိတ်ကြောင့် နောင်တများဖြင့်ပြည့်နှက်နေသော အတိတ်များဖြစ်သွားခဲ့သည်။ […]
