သာသနာငါးထောင်အကြောင်းနဲ့ပတ်သတ်၍

မေး။ ။ အရှင်ဘုရား တပည့်တော် ခုခေတ်ပြောနေကြတဲ့ သာသနာငါးထောင်တည်မယ်ဆိုတာကို စိတ်ထဲမရှင်းလင်းဖြစ်နေပါသဖြင့် အရှင်ဘုရားသိသလောက် ရှင်းလင်းပေးစေချင်ပါတယ်။ အရှင်ဘုရား အားတဲ့ချိန်မှာ ဖြေကြားပေးရန် လျှောက်ထားပါတယ်ဘုရား။
မေတ္တာဖြင့် ခိုင်ဝေနှင်း၊ စင်္ကာပူ

ဖြေ။ ။ ဦးဇင်းကို မေးထားတဲ့မေးခွန်းတွေကတော့ များနေပါတယ်။ ဦးဇင်းလည်း မအားသေးတာနဲ့ ဖြေမပေးနိုင်သေးဘဲ ဖြစ်နေတာပါ။ ခုတော့ ဒီမေးခွန်းလေးကို ဦးဇင်း ကျမ်းအတွက် စာတွေလိုက်လံဖတ်ရှု့ရင်း သာသနာလင်္ကာရစာတမ်းစာအုပ်မှာ တွေ့ရှိရတာနဲ့ ဖြေပေးလိုက်ပါတယ်။ အဲဒီစာအုပ်မှာတော့ သာသနာငါးထောင်ဆိုတာ

ပဋိသမ္ဘိဒါပတ္တေဟိ ဝဿသဟဿံ သုက္ခဝိပဿကေဟိ ဝဿသဟဿံ အနာဂါမီဟိ ဝဿသဟဿံ သကဒါဂါမီဟိ ဝဿသဟဿံ သောတာပန္နေဟိ ဝဿသဟဿန္တိ ဧဝံ ပဉ္စဝဿသဟဿာနိ ပဋိဝေဓသဒ္ဓမ္မော ဌဿတိ။

ပဋိသမ္ဘိဒါပတ္တရဟန္တာ တစ်ထောင်၊ သုက္ခဝိပဿကရဟန္တာ တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ် တစ်ထောင်၊ သောတာပန်တစ်ထောင်စီဖြင့် သာသနာငါးထောင်လုံးပင် မဂ်ဖိုလ်ရလတ္တံ့။

ဘိက္ခုနီခန္ဓက ဝိနည်းအဋ္ဌကထာ။

ပဋိသမ္ဘိဒါပတ္တေဟိ ဝဿသဟဿံ ဆဠာဘိညေဟိ ဝဿသဟဿံ တေဝိဇ္ဇေဟိ ဝဿသဟဿံ သုက္ခဝိပဿကေဟိ ဝဿသဟဿံ ပါတိမောက္ခေန ဝဿသဟဿံ။

ပဋိသမ္ဘိဒါပတ္တရဟန္တာ၊ ဆဠာဘိညရဟန္တာ၊ တေဝိဇ္ဇရဟန္တာ၊ သုက္ခဝိပဿကရဟန္တာ၊ ပါတိမောက္ခရဟန္တာ ခေတ်တစ်ထောင်စီဖြင့် သာသနာငါးထောင်ပတ်လုံး တည်လတ္တံ့။

ဒီယနိကာယ်၊ သမ္ပသာဒနိယသုတ်အဋ္ဌကထာ၊ သံယုတ်အဋ္ဌကထာ။

ဗုဒ္ဓါနံ ပရိနိဗ္ဗာတော ဝဿသဟဿမေဝ ပဋိသမ္ဘိဒါ နိဗ္ဗတ္တေတုံ သက္ကောန္တ၊ တတောပရံ ဆဠာဘိညာ၊ တတောပိ အ သက္ကောန္တာတိေဿာ ဝိဇ္ဇာ နိဗ္ဗတ္တေန္တိ၊ ဂစ္ဆန္တေ ကာလေတာပိ နိဗ္ဗတ္တေတုံ အသက္ကောန္တာ သုက္ခဝိပဿကာ ဟောန္တိ၊ ဧတေနေဝနယေန အနာဂါမိနော သကဒါဂါမိနော သောတာပန္နာတိ။

ပဋိသမ္ဘိဒါပတ္တရဟန္တာ၊ ဆဠာဘိညရဟန္တာ၊ ဝေဝိဇ္ဇရဟန္တာ၊ သုက္ခဝိပဿကရဟန္တာ၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်တစ်ထောင်စီဖြင့် သာသနာငါးထောင်ပတ်လုံး တည်လတ္တံ့။

အဂုင်္တ္တရအဋ္ဌကထာ၊ သမ္မောဟဝိနောဒနီအဋ္ဌကထာ။ အကျယ်ကို သာသနာလင်္ကာရစာတမ်းစာအုပ်တွင် ဖတ်ရှု့နိုင်ပါသေးတယ်။

ယခုဖော်ပြခဲ့တဲ့အဋ္ဌကထာဆရာစကားတွေကို ထောက်ဆကြည့်ပြီး သာသနာငါးထောင်ဆိုတဲ့စကား ဖြစ်လာဟန်တူပါတယ်။ မဟာပရိနိဗ္ဗာနသုတ်တွင် မြတ်စွာဘုရားဟောကြားထားခဲ့တာကတော့ ငါ့ဘုရားတရားလမ်းစဉ်များကို ကျင့်သုံးနေသမျှကာလပတ်လုံး ရဟန္တာမဆိတ်သုဉ်းဟု ဟောကြားထားခဲ့ပါတယ်။ ဒါကြောင့် မိမိတို့ သာသနာဝင်လူများ သာသနာကိုယုံကြည်လက်ခံကျင့်သုံးနေသမျှ သာသနာတည်ရှိနေမည်ဟု မှတ်ချက်ချရပေလိမ့်မယ်။

ဦးဇင်း စဉ်းစားကြည့်မိတာကတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ဘာသာအကြောင်းကို စဉ်းစားလေ့လာမှုအားနည်းလို့ ကိုယ့်ဘာသာနဲ့ အလှမ်းဝေးနေကြပြီး အနောက်တိုင်းလူများကျတော့ စဉ်းစားလေ့လာမှုများတဲ့အတွက်ကြောင့် သူတို့ဘာသာနဲ့ ဝေးကွာသွားကြတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် တွေးခေါ်စဉ်းစားလေ့လာမှုများတဲ့ အနောက်တိုင်းသားများကို အတုယူပြီး သူတို့တောင် ကိုယ့်ဘာသာဘက်ရောက်လာကြသေးတယ်ဆိုရင် မိမိတို့ဗုဒ္ဓဘာသာဝင်များက မိမိတို့ဘာသာအကြောင်းကို ပိုမိုလေ့လာမှုများပါက ကိုယ့်ဘာသာအပေါ် ပိုမိုယုံကြည်မှုများဖြစ်လာပြီး မိမိသံသရာအတွက် ဖြတ်သန်းရမည်လမ်းစဉ်ကိုလည်း ကောင်းမွန်စွာလျှောက်လှမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် စာဖတ်သူအားလုံး ကိုယ့်ဘာသာအကြောင်း လေ့လာမှုပိုမိုပြုလုပ်နိုင်ကြပြီး မိမိခရီးကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

3 comments

  • windtalker

    January 13, 2012 at 7:24 pm

    “ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ဘာသာအကြောင်းကို စဉ်းစားလေ့လာမှုအားနည်းလို့ ကိုယ့်ဘာသာနဲ့ အလှမ်းဝေးနေကြပြီး အနောက်တိုင်းလူများကျတော့ စဉ်းစားလေ့လာမှုများတဲ့အတွက်ကြောင့် သူတို့ဘာသာနဲ့ ဝေးကွာသွားကြတယ်လို့ ထင်မိပါတယ်။ ”
    မှန်လိုက်တဲ့ အဆိုပါဘဲ ဘုရား ။
    တပည့်တော်တို ့ဗုဒ္ဓဘာသာဝင် လူငယ်အချို ့ကို သေချာလေ့လာကြည့်လျှင် ၊ တစ်ပါတ် ကို ဘုရားတစ်ခေါက် သွားမဖူးဖြစ်သူ အများကြီးပါဘုရား ။ တပည့်တော် ကိုယ်တိုင်ပါဘဲ ။

    Reply

  • အောင် မြင်

    January 14, 2012 at 9:19 am

    မှတ်သားစရာ ကောင်းလှပါတယ်ဘုရား၊၊

    Reply

  • ကြောင်ကြီး

    January 14, 2012 at 10:43 am

    တပည့်တော် ဟိုဟိုဒီဒီ မှတ်သားဖူးတာ ပထမ ဘုရားပြောတာ သာသနာ နှစ်ငါးထောင်တည်မယ်။ နောက်တော့ ဘိက္ခူနီမ သာသနာပေါ် ခွင့်ပြုလိုက်ရလို့ နှစ်ငါးရာ ပြောင်းသွားတယ်။ ပရိနိဗ္ဗာန်မပြုခင် မှာသွားတာ အရှင်ဘုရား ရေးသလို ကျင့်ကြံသူရှိသမျှ ပတ်လုံး အရိယာများ မဆိတ်သုဉ်း ဖြစ်ပါတယ်။ တပည့်တော် စဉ်းစားကြည့်တာ ရှေ့နှစ်ခု သာသနာ ၅၀ဝ နဲ့ ၅၀၀ဝ သည် သင်္ကန်းဝတ် သာသနာကို ရည်ညွှန်းချက် ဖြစ်နိုင်ပြီး နောက်ဆုံးဟာကတော့ ကျင့်ကြံအားထုတ်သူများကို ရည်ညွှန်းခြင်း ဖြစ်နိုင်ပါတယ်။ သာသာနာနှစ် ၅၀၀ဝ တဝက်ကျိုး ယနေ့ နှစ်၂၆၀ဝ အရောက်မှာ ရှေ့ပိုင်း သာသနာ နှစ်၅၀ဝခေတ်က သံဃာတော်များနဲ့ ယနေ့ခေတ် သံဃာတော်များ အကျင့် စရဏ၊ ပတ်ဝန်းကျင့် အသုံးအဆောင်၊ ဒကာဒကာမများ အဆင့်အတန်း စတာတွေရဲ့ အနေအထား ကွဲပြားမှုအတော် ရှိနေတာ တွေ့မြင်ရပါတယ်။

    Reply

Leave a Reply

Your email address will not be published.