လူတစ်ယောက်အကြောင်း …

kotun winlattDecember 15, 20111min017

ကျုပ်ကိုလူတွေ နားမလည်ကြဘူးဗျာ…ငပျင်းတဲ့ .. ပျင်းတယ်ဆိုတာ

ကြားရတာဆိုးပြီး အလွန်သက်သာသကိုးဗျ .. ဪ..ကျုပ်လား

နာမည်က တင်ဝင်း …အရက်မူးလာရင် မဟုတ်မဟတ် လုပ်ဇာတ်

တွေခင်းတတ်လို့ ရွာကလူတွေက ကျုပ်ကို ရွှေငန်းတင်ဝင်းတဲ့ ..

ကျုပ်ကို လူတွေကအရေးမလုပ်ကြဘူး …ကျုပ်ကလည်းဘယ်သူ့ကိုမှ

ဂရုမစိုက်ပါဘူး .. ကိုယ့်ထမင်းကိုယ်စားနေတာပဲ …ဘယ်သူ့ဂရုစိုက်

ရမှာလဲ .. ကျုပ်မိန်းမလား … ဆုံးသွားပြီဗျ…ငွေမရှိတော့ ရောဂါဖြစ်တာ

မကုနိုင်လို့ဆုံးသွားတာလေ…. ကျုပ်မှာကလေးတွေ ကျန်ခဲ့တာပေါ့ …

သမီးက ( ၄ ) ယောက် သားက ( ၅ )ယောက် ဒါတောင် နှစ်ယောက်က

ဆုံးသွားလို့ …အပြည့်တာဆိုဘော့လုံးတစ်သင်းစာ ကွက်တိရယ်…

သမီးတွေတော့ အိမ်မှာမရှိကြတော့ပါဘူး ..လင်ယူကုန်ပြီလေ……

မိဘကို မလုပ်ကျွေးချင်ကြပါဘူးဗျာ… ကျုပ်အသက်လား…

၄၅ နှစ်ဗျ … အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးဗျ …

ခေါင်းဖြူပေမယ့် ကျောင်းသူလောက်တော့ရနိုင်ပါသေးတယ်…

ကျုပ်ရဲ့ ဖျတ်လတ်မှုကိုမယုံဘူးဆိုရင် ညနေ ..ညနေ ..

ဘုံဆိုင်ကပြန်လာရင် လာကြည့်ပါ … ကျုပ်ကအိမ်ပေါ်ကို

လှေကားကနေမတက်တော့ဘူး … လမ်းကနေ အိမ်ကပြင်ကို

ကျွမ်းပစ်တက်လိုက်တာ… ကျုပ်အိမ်ကမြေပေါ်ကနေ သုံးပေ

လောက်တောင်မြင့်တယ်လေ… ကျုပ်ကအရက်သောက်ပေမယ့်

အပြင်မှာပြသနာမရှာပါဘူး …အိမ်ရောက်မှ..ကလေးတွေကို

အပြစ်မရှိ အပြစ်ရှာ ရိုက်တတ်တာလေးပါပဲ …. ကျုပ်သားအကြီးဆုံးက

လက်တစ်ဖက်မရှိဘူး … စီးပွားရေးအဆင်မပြေတော့ ကျောင်းထွက်ပြီး

အလုပ်လုပ်ရတာလေ…ခေါက်ဆွဲစက်မှာ အလုပ်လုပ်တာ အမှုန့်ကြိတ်တဲ့

စက်ထဲလက်ပါသွားလို့ လက်ကောက်ဝတ်ကနေ ဖြတ်လိုက်ရတာပါ…

သူ့ကိုလည်းကျုပ်တို့ ရွာကနာမည်ပေးထားတယ် ဒေးဗစ်ချန်းတဲ့ …

ဒီကောင်နဲ့ကျုပ်က ခဏခဏ စကားများရတယ်… ဒီကောင်ကအကျင့်မကောင်းဘူး

သူများပစ္စည်းတွေယူယူ လာတတ်တယ် … ကျုပ်လည်းအဆင်မပြေတော့

သူယူလာတဲ့ဟာတွေကို မိသားစု စားဝတ်နေရေးအတွက် ဖန်မိတဲ့အခါလည်း

ရှိတတ်တယ်… တစ်ခါတစ်ခါ ပိုင်ရှင်လိုက်လာရင်တော့ အသံကောင်းဟစ်ပြီး

ဒီကောင့်ကို ပညာပေးရတယ်..ဒါကိုဒီကောင်နားမလည်ဘူးရယ်…ဖအေကို

ပြန်ပြန်ပြောတယ်…ကျုပ်ကရိုက်မယ်ပုတ်မယ်လုပ်ရင် စိန်ခေါ်ပြီးပြေးတယ်..

ကျုပ်အလုပ်လား ပိုက်ဆံလက်ထဲမှာရှိရင် အရက်လေးသောက် ရွာထဲမှာ

အသုဘရှိရင် ဗျတ်ထု…ဗျတ်ထုဆိုတာ ဗန်းစကားလေ..ဖဲရိုက်တာကို

ပြောတာပါ… သားအငယ်တွေကိုလည်း ကျောင်းမထားတော့ဘူး ..

ပညာတတ်တော့ရော ဘာလုပ်လုပ်လို့ရမှာလဲနော့ ..ကျုပ်တို့ရွာမှာ

ဘွဲ့လက်မှတ်ကို ဖင်ခုထိုင်ပြီး လယ်လုပ်နေတဲ့လူတွေ မနည်းမနော..

ဒီတော့ပညာသင်တာ ပိုက်ဆံကုန်ရုံရှိမှာပေါ့လေ.. ဒီတော့ကျုပ်

ဒီကောင်တွေကို စီးပွားရေးနယ်ထဲဝင်ခိုင်းလိုက်တယ်….

နေပူရင် ရေခဲချောင်းရောင်း မိုးရွာရင် လယ်ထဲ ပုစွန်လုံးနှိုက်

ငါးရှာ ဆောင်းရာသီဆို သူရင်းငှားထည့်ပေါ့ .. ကျုပ်ကောင်တွေ

ကလည်းကျုပ်လိုပျင်းတင်းတင်းလေးတွေဆိုတော့ ခေါ်ချင်သူတွေ

ရှားပါ့ ..ခေါ်သွားရင်လည်း နှစ်ရက်လောက်အလွန်ဆုံး ခံတယ်လေ…

ပြီးရင်ပြန်ပြေးလာကြရော…ကျုပ်လည်းဆုံးမတာပါပဲ .. ဘမျိုးဘိုးတူ

ဘယ်သန်ဘမှန်တွေကိုး ..မျိုးရိုးလိုက်တယ်ပေါ့ဗျာ…အလတ်ကောင်

ကိုတော့ ရွာကလူတွေကပဲ ကင်ပွန်းတတ်ထားတယ် ကမ္မဋ္ဌာန်းတဲ့

ပြောလည်းပြောစရာပါ… ဒီကောင်က ပေါင်နဲ့ခြေသလုံးက တတန်းတည်း

ရယ်…သူ့ထက်အောက်ကကောင်ကိုတော့ ပင်လယ်ဓားပြတဲ့…

ခင်ဗျားတို့များနာမည်ရချင်ရင် ကျုပ်တို့ရွာကိုလာခဲ့ နာမည်တစ်ခုတော့

ရစေရမယ်… အငယ်ဆုံးကိုတော့ မျက်ပြူးတဲ့ ..ကျုပ်က သားလေးတွေ

ကိုချစ်လွန်းလို့ နာမည်လှလှလေးတွေပေးထားတာကို ရွာကလူတွေက

နာမည်ဖျက်ကြတယ်… ရွာသားတွေမကောင်းကြဘူးဗျ… ကျုပ်အိမ်က

အမိုးတွေမလုံဘူး … ဒီနှစ်ပွင့်လင်းရာသီမှာ သက်ကယ်မိုးမလို့ပဲ …

သက်ကယ်ကလည်းဈေးကြီးပါ့ဗျာ.. သက်ကယ်တစ်ရာကို ငွေတစ်

သောင်းတဲ့ … ဆန်တစ်ပြည် တစ်ထောင်ကိုတောင် နပ်မှန်အောင်

မနည်းလုပ်ကိုင်စားသောက်နေရတာ ဘယ်လိုလုပ်မိုးနိုင်ပါ့မလဲ ..

ဒီတော့ ကျုပ်အိမ်က မိုးရွာရင်အစို နေပူရင်အခြောက်ပေါ့ …..

မနှစ်ကတော့ ကျုပ်အိမ်ရှေ့က မိသားစုက အိမ်ကိုပြင်ပေးမယ်ပြော

တယ် …အမှန်ကစေတနာရှိလို့ မဟုတ်ပါဘူးဗျာ…ကျုပ်ကို သူတို့အိမ်

ရှေ့ကရွေ့သွားစေချင်တာပါ … ခု ကျုပ်နေတဲ့ နေရာက မိုးရာသီဆိုရေ

ဝပ်တယ်လေ.. အိမ်နောက်မှာတော့ကုန်းလေးတစ်ခုရှိတယ်….

အဲ့ဒါကိုရေမဝပ်အောင် အိမ်နောက်မှာ ဆောက်ပေးမယ်တဲ့ …

ကျုပ်ဘယ်လက်ခံလိမ့်မလဲ…… အိမ်ရာကွက်လား … ကျုပ်အပိုင်မဟုတ်ဘူး

ရွာက ဒီနေရာမှာနေဆိုပြီး နေရာချပေးထားလို့နေနေရတာပါ …..

အရင်ကတော့ အိမ်ရာအပိုင်ရှိတယ်ဗျ … စီးပွားရေး မပြေလည်တော့

ရောင်းစားလိုက်ရတယ်ဗျ … ရွာထဲမှာ ကျုပ်ဘကြီးက ရွာဆော်လေ….

သူ့ကိုကပ်ပြီး အကူအညီတောင်းလို့ ဒီနေရာလေးမှာနေရတာပါ …..

ကြုံလို့ပြောရဦးမယ်.. ကျုပ်ဘကြီး ရွာထဲမှာ လုပ်အားပေး ဒါမှမဟုတ်

အကြောင်းအရာ တစ်ခုခု ပြောစရာရှိရင် ကျုပ်ဘကြီးက တစ်လမ်းဝင်

တစ်လမ်းထွက် အသံကျယ်ကျယ်နဲ့ ရွာသားတွေကြားအောင် အော်ရ

တာလေ… သူအော်ပုံက ဒီလိုဗျ … ရွာဆော်လာတယ် ဘာအော်မလဲ

ဆိုတာ သေချာနားထောင်  ကလေးငိုရင်တိတ် တီဗွီဆိုရင်ပိတ် …..

မကြားမသိမရှိစေရ ….လို့ အစချီပြီ… မနက်ဖြန်နံနက် အဲ့လိုအော်တာဗျို့

ခင်းဗျာတို့ကို ကျုပ်ဆီကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ… လာလည်

ရင်တော့ ကျုပ်သောက်ဖို့ အရက်နဲ့ အမြည်းတော့ မမေ့ခဲ့စေနဲ့ ဗျာ…

ကျုပ်ဆီလာတဲ့ ဧည့်သည်ကို ကျုပ်ဧည့်ခံချင်ပါတယ်… ဒါပေမယ့်

စီးပွားရေးက အဆင်မပြေဘူးလေ … ရွာထဲမှာလည်း သေတဲ့လူ

မရှိတော့ ခုတစ်လောကျုပ်နေ့ထွက်မကိုက်ဘူးလေ….

ဒါကြောင့် ကျုပ်အရက်မသောက်ရတာ နှစ်ရက်ရှိပြီဗျ …

အရက်မသောက်ရတော့ ခြေတွေလက်တွေတုန်နေတယ်…

ညညဆိုလည်းအိပ်မပျော်ဘူး … ခင်ဗျားတို့ စိတ်ဝင်စားတယ်

ဆိုနောက်မှ ကျုပ်နဲ့ ကျုပ်မိသားစုအကြောင်းထပ်ပြောမယ်…..

17 comments

  • Moe Z

    December 15, 2011 at 11:36 am

    ဒေးဗစ်ချန်းရဲ့အဖေအကြောင်းပေါ့
    ဖတ်ရတာတော့ စိတ်မောတယ် 🙁
    အဲဒီလိုမိသားစုတွေ မြန်မာပြည်မှာ အများကြီးနော် …

    Reply

    • kotun winlatt

      December 15, 2011 at 11:52 am

      ဟုတ်ပါ့ဗျာ..ဟုတ်ပါ့…ဒေးဗစ်ချန်းရဲ့ အဖေပါ…
      စိတ်မောရုံမကဘူးး နေ့စဉ်နဲ့ အမျှ မမြင်ချင်အဆုံး
      မကြားချင်အဆုံး မြင်နေကြားနေရသဗျားးး
      ကူညီပေးတာကိုလည်း အပြစ်မြင်..ကဲ..
      ကျနော်တို့ ပတ်ဝန်းကျင်ကလူတွေ
      ဘယ်လိုလုပ်ပေးလို့မှ မရနိုင်တဲ့ အခြေအနေပါ..။
      ကလေးတွေတော့ သနားမိတာ အမှန်ပါပဲဗျာ…။

      Reply

  • Gipsy

    December 15, 2011 at 11:40 am

    မမြင်ရက် မကြည့်ရက်စရာတွေ ဒုနဲ့ဒေး ဗျာ
    စိတ်မောရတာတော့ တကယ်
    တချို့မိသားစုတွေ နေတဲ့အိမ်လေးတွေက သန့်စင်ခန်းသာသာရယ်
    ဘယ်လိုများနေထိုင် စားသောက်ကြပါလိမ့်နော်
    သူတို့ရဲ့ လူမမယ် ကလေးတွေကို မြင်မိတိုင်း ရင်ထဲမှာ ဆို့နင့်သွားမိတယ်..။

    Reply

  • kotun winlatt

    December 15, 2011 at 11:55 am

    ဟုတ်ပါ့ဗျာ….စိတ်မောရပါတယ်..
    တကယ်တမ်းလည်း ကိုယ်တိုင်က သူတို့တွေအတွက်
    ဘာမှလုပ်မပေးနိုင်
    သူ့ကိုကိုယ်မကယ်နိုင်
    ကိုယ့်ကိုသူမကယ်နိုင်ပေါ့….။

    Reply

  • windtalker

    December 15, 2011 at 12:52 pm

    နာမည် အသစ် တစ်ခု ထပ်တိုးအောင်
    ရွှေငန်း တို ့ရွာ အလည်သွားဦးမှ သာပ

    Reply

  • kotun winlatt

    December 15, 2011 at 12:58 pm

    အဟဲ…လာလည်ပါဗျာ…ဖိတ်ခေါ်ပါတယ်….
    မန်းလေး မြစ်ကြီးနား မီးရထားကြီးစီးလာခဲ့ပါ…
    ခရီးသွားအတွေ့အကြုံလည်းအများကြီးရမှာပါ…
    အင်းတော် ၊ နဘား ကျော်ပီးရင် မော်လူးဆိုတဲ့ ဘူတာမှာဆင်းးး
    ဟဲဟဲ..အဲ့မှာ တွေ့ရာလူကိုမေးကျနော့် နာမည်မေးလိုက်
    မသိဘူးပြောရင် ပါးသာ ပစ်ရိုက်လိုက်ဗျာ…
    ဟီးးးးးးးးးးးးးးးးးး

    Reply

    • windtalker

      December 15, 2011 at 1:19 pm

      ဘုရား ဘုရား
      ကေအိုင်အေ တွေ ကို သွားပြီး ပါးရိုက်မိလို ့ကတော့ ဗျောက်စာမိမှာ အသေအချာဘဲ
      တော်ဘီ ၊ လာတော့ဘူး ။ နာမည်သစ် မရရင် နေပစေ
      သားသားကြောက်ကြောက်

      Reply

  • kotun winlatt

    December 15, 2011 at 1:26 pm

    ဟမ်…ကျနော်တို့ဘက်က ကေအိုင်အေ မချိပါဘူးးဗျ….။
    လာသာလာခဲ့ပါ..စိတ်ချရဘာတယ်…
    ကေအိုင်အေပါးရိုက်တော့လည်းးး
    သူက နားပြန်ကိုက်ရုံလောက်ပါပဲလေ…..

    Reply

  • ကြောင်လတ်

    December 15, 2011 at 1:49 pm

    ကျေးလက်လူနေမှုဘဝ နိမ့်ကျချက်ကတော့ဗျာ။
    မမြင်ရက်စရာတွေပါ၊ ကျေးလက်တင်မဟုတ် မြို့ပေါ်ဆင်ခြေဖုန်းကျူးကျော်ရပ်ကွက်တွေမှာတောင်ရှိနေပါသေးတယ်။
    ဒါတွေကို ပပျောက်အောင်ဆောင်ရွက်တာလည်းလွယ်ပါတယ်၊ ကျူးကျော်ရပ်ကွက်ဆိုပြီးနှင်ထုတ်လိုက်တာပါ။
    မြို့ကွက်သစ်စီမံကိန်းတွေရှိရင်တော့ အဲဒီမှာ နေရာလေးတစ်ခုအကွက်ရိုက်ပေးလိုက်တယ်၊ လူကြီးမင်းတွေရဲ့အဲဒီဆောင်ရွက်ချက်ကိုတော့တော်တော်လေးကိုလေးစားချီးကျူးပါတယ်။
    ဒါမျိုးများများအကောင်အထည်ဖော်ပေးသင့်ပါတယ်။ နေရာတိုင်းရှိနေတဲ့ ကျူးကျော်တွေကိုရှာဖွေပြီး မြို့သစ်ဖော်တုန်း မြေပေးနိုင်တုန်းမှာ တွန်းအားပေးဆောင်ရွက်သင့်ပါတယ်။

    Reply

  • etone

    December 15, 2011 at 3:40 pm

    ကလေးတွေကလည်း များလှချည်လား .. ဟီး …
    45မှာ 9ယောက်ဆိုတော့ … 😀 ခြင်ပေါတဲ့ ရပ်ကွက်ဖြစ်မယ်ထင်တယ်နော် ဟီး :mrgreen:

    Reply

  • Wow

    December 15, 2011 at 4:26 pm

    ကျုးကျော်ရပ်ကွက်တွေမှာ ဗီဒီယို မိုးအလင်းသွားသွားပြရင် ခလေးတွေနဲသွားမလားမသိဘူးနော်…
    😀

    Reply

  • TTNU

    December 15, 2011 at 7:13 pm

    ကိုထွန်း ဝင်းလတ်
    ဒီဇာတ်လမ်းရုပ်ရှင်ရိုက်ရမယ်။
    အဝတ်အစားသိပ်အကောင်းစားဝယ်ပေးစရာမလိုဘဲ
    အရုပ်ရနှိုင်တယ်။ Slum-dog ကားလိုမျိုးလေ။

    Reply

  • kotun winlatt

    December 15, 2011 at 7:32 pm

    ရုပ်ရှင်ရိုက်ရင် အဝတ်အစားမကုန်ဘူးပြောနဲ့
    တီတီနုရေ ဆင်ဆာအဖွဲ့က အဝတ်အစားနွမ်းနွမ်းနဲ့ဆို
    ခွင့်မပြုဘူးးပြောတယ်ဗျ….
    ဟဲ…ရုပ်ရှင်ရိုက်မယ်ဆိုလဲ…
    ဇာတ်လမ်းးးအတွက်
    ဘယ်လောက်ပေးမှာလဲဗျ…..

    Reply

  • MaMa

    December 15, 2011 at 9:00 pm

    လူ့ဘဝမှာ နေထိုင်မှုအဆင့်မြင့်ဖို့ စိတ်ဓာတ်က စ ရမယ်ထင်တယ်။ အခုဇာတ်မှာ အဖေက သားသမီးယူလာတဲ့ သူတပါးပစ္စည်းကို ထုခွဲပြီး သုံးတယ် ဆိုကတည်းက သားသမီးမှာလည်း အဲဒီစိတ်ဓာတ်တွေ ဝင်သွားပြီဆိုရင် ဘယ်လိုနည်းနဲ့မှ လူနေမှုမြင့်မားဖို့ မလွယ်တော့ဘူး ထင်တယ် နော ဇာတ်ဆရာ။

    Reply

  • comegyi

    December 16, 2011 at 3:51 am

    ဒေးဗစ်ဖားသားကြီး အကြောင်းကိုး
    ကောင်းတယ်ဗျို့ …..အရေးအသားဂွတ်တယ် …..
    စောင့်ဖတ်နေတယ်ဗျာ……..

    Reply

  • နီကီတာ

    December 16, 2011 at 11:17 am

    အား……. ဘဝနေထိုင်မှုအစစ်မှန် တွေပါလား
    ဒါမျိုးတွေ မြင်ရ၊ကြားရတာ ရင်ထဲမကောင်ဘူး 🙁

    Reply

  • နွယ်ပင်

    December 16, 2011 at 11:33 am

    ဒေးဗစ်ချန်းရဲ ဇာတ်လမ်းအဆက်ပဲ
    ဒီတစ်ခါတော့ အဖေ့အကြောင်းပေါ့
    စိတ်ဝင်စားစရာပဲ နောက်ထပ်မိသားစု
    အကြောင်းလေးလဲ ဆက်ရေးပါဦး kotun winlatt ရေ
    အားပေးနေပါ့မယ် ….

    Reply

Leave a Reply

Your email address will not be published.