BAK ရှော့ပင်းစင်တာ ဒုတိယမြောက် IT Mall အဖြစ် အသွင်ပြောင်း ဖွင့်မည်

kyawgyiMay 19, 20101min00

ရန်ကုန်မြို့လယ် လူစည်ကားရာ နေရာဖြစ်သော ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အိုလံပစ်တာဝါရှိ ဖက်ရှင်ဆိုင် အများအပြား ဖွင့်လှစ်ထားသည့် BAK ရှော့ပင်းစင်တာကို ဇွန်လ နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတွင် ဒုတိယမြောက် IT Mall ပုံစံ အသွင်ပြောင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်း BAK ရှော့ပင်းစင်တာ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစောထွန်းက မေလ ၈ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။ ယင်းရှော့ပင်းစင်တာကို IT Mall အဖြစ် ပြောင်းလဲရန် စီစဉ်နေသည်မှာ တစ်နှစ် နီးပါးရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ စင်တာရှိ ဖက်ရှင်ဆိုင်များနှင့် ညှိနှိုင်းနေရသဖြင့် ယခုကဲ့သို့ ကြာမြင့်သွားရခြင်း ဖြစ်ကြောင်း၊ IT Mall အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီးပါက ဖက်ရှင်ဆိုင်များ မရှိတော့သော်လည်း T8 Beauty Saloon ကိုမူ ဆက်လက် ဖွင့်လှစ်ခွင့် ပေးမည် ဖြစ်ကြောင်း၊ ပြောင်းလဲဖွင့်လှစ်မည့် IT Mall တွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာပြုပြင်ရေးဆိုင်များ၊ အီလက်ထရွန်နစ် ပစ္စည်းဆိုင် များ အပါအဝင် ဆိုင်ခန်းပေါင်း ၂ဝ ကျော်နှင့် Internet Cafe နှင့် စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။ အဆိုပါ စင်တာ၏ ပထမထပ် တစ်ခုလုံးတွင် Wifi Internet Access သုံးနိုင်ရန် စီစဉ်ထားခြင်း၊ အရောင်းမြှင့်တင်ရေး နေရာ သီးသန့် ချန်လှပ်ပြီး ပျော်ပွဲရွှင်ပွဲများအပြင် ကွန်ပျူတာနှင့် ပတ်သက်သော နည်းပညာ ပညာပေးပွဲများ ကျင်းပနိုင် ခြင်း စသည်တို့ လုပ်ဆောင်နိုင်ကြောင်း၊ ဆိုင်ခန်းငှားရမ်းခမှာ တစ်စတုရန်းပေလျှင် ကျပ် ၁,၂၀ဝ နှုန်းဖြစ်ကြောင်း၊ ဆိုင်ခန်းများကို တစ်နှစ် တစ်ကြိမ် ငှားရမ်းခွင့် စာချုပ်ချုပ်မည် ဖြစ် ကြောင်း BAK ရှော့ပင်းစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ရှော့ပင်းစင်တာ တည်နေရာမှာ လူစည်ကားရာ နေရာ၌ တည်ရှိနေခြင်း၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း အရောင်းဆိုင် များနှင့် နီးကပ်နေခြင်းတို့ကြောင့် ဆိုင်ဖွင့်လှစ်ရန် စိတ်ဝင်စားသည့် ကွန်ပျူတာဆိုင်များပြားကြောင်း ကျောက်တံတားမြို့နယ်အတွင်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောကြားသည်။ BAK ရှော့ပင်းစင်တာကို ၂၀ဝရ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး IT Shopping Mall အဖြစ် ဆိုင်ခန်းပေါင်း ၄ဝ ကျော် ပါဝင်သော Jupitor IT Mall ကို ယခင် Big C ကုန်တိုက် ဖွင့်လှစ်ခဲ့သည့် ပါရမီ ရှော့ပင်းမောလ် အဆောက်အအုံ ယခု စိန်ဂေဟာပါရမီ စင်တာ၌ ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံမှာ ဒီလို IT ပစ္စည်းတွေ တစ်နေရာတည်းရနိုင်တဲ့ Mall တွေ ဖွင့်လှစ်လာတဲ့အတွက် လူတွေ IT ပစ္စည်းတွေအပေါ် စိတ်ဝင်စားမှု မြင့်တက်လာ တာမို့ အများကြီး ကောင်းပါတယ်။ ပြီးတော့ တစ်နေရာတည်းမှာ IT ပစ္စည်းဆိုင်တွေ ဖွင့်တာမို့ ဈေးတင်ရောင်းလို့ မရနိုင်တော့ဘူး။ ဝယ်သူတွေအတွက် ရွေးချယ်စရာ များလာပြီကိုး။ IT ပစ္စည်းတွေ ဈေးပိုကျလာနိုင်ပါတယ်ဟု ကွန်ပျူတာပညာရှင် တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

Leave a Reply

Your email address will not be published.