သူ၏ အနာဂတ်မှာ ရီးရဲမက်ဒရစ်ဖြစ်ကြောင်း မော်ရင်ဟို ပြောဆို

BayoteMay 18, 20101min01

မော်ရင်ဟိုသည် အချိန်ကာလကို မပြောရုံတမယ်သာရှိပြီး တနေ့တွင် ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြရန် စီစဉ်နေကြောင်း သိရသည်။ သောကြာနေ့တွင် ထုတ်ဝေသည့် အီတလီမဂ္ဂဇင်း ပနိုရားမားတွင် ဖော်ပြသည့် အင်တာဗျူးတခုတွင် မော်ရင်ဟိုက အနှေးနှင့် အမြန်ဆိုသလို ရီးရဲလ်မက်ဒရစ်ကို သူ နည်းပြလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော့်ရဲ့ ခြေထောက်တဖက်က စပိန်ကို ရောက်နေပြီး တဖက်က မီလန်မှာ ရှိနေတယ်လို့ သူတို့ရေးနေတာ အဲဒါ မမှန်ပါဘူး။ ကျနော် ရီးရဲလ်မက်ဒရစ်ကို နည်းပြမှာပါ။ အင်္ဂလန်က အသင်းကြီးတခုကို ကျနော် နည်းပြခဲ့ပြီးပါပြီ။ အခု အီတလီက အသင်းကြီးတသင်းကို ကျနော် နည်းပြနေပါတယ်။ ပြီးရင်တော့ စပိန်မှာရှိတဲ့ အသင်းကြီးတသင်းကိုလည်း ကျနော် နည်းပြဦးမှာပါ” ဟု မော်ရင်ဟိုက ပြောဆိုသည်။

“သုံးနိုင်ငံမှာ ကျနော် အရာရာကို အောင်နိုင်ခဲ့ပြီးပါပြီ။ ကျနော် ဘာမှ မလိုတော့ပါဘူး။ ဒါပေမယ့် ကလပ်အသင်း ဥက္ကဋ္ဌအချို့က ဘာအောင်မြင်မှုမှမရှိတဲ့ သူတို့ရဲ့ ကိုယ်ပိုင်နည်းပြတွေနဲ့ ကျနော်ကို နှိုင်းယှဉ်ပြောဆိုတဲ့အခါ ကျနော် ရယ်မောမိပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။

အီတလီဘောလုံးလောကကို မနှစ်သက်ကြောင်းနှင့် ပတ်သက်၍လည်း မော်ရင်ဟိုက “အီတလီဘောလုံးလောကရဲ့ သူတော်ကောင်းယောင်ဆောင်ပုံကတော့ဗျာ လူတွေ ကျနော့်ဆီလာတယ်။ နောက်ကနေ ကျနော့်ကိုပုတ်ပြီး ‘ခင်ဗျားက ဧရာမနည်းပြကြီးတယောက်ပါ’ လို့ ပြောတယ်။ ဒါပေမယ့် ကျနော် နောက်လှည့်ကြည့်တာနဲ့ သူတို့ ကျနော်ကို တိုက်ခိုက်ပါလေရော။ ဒါမျိုးကို ကျနော် လုံးဝမကြိုက်ဘူး” ဟု အဆုံးသတ် ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့် မေလ (၅) ရက်နေ့က ရိုးမားအသင်းကို (၁-၀) ဖြင့် အနိုင်ယူကာ အင်တာမီလန်အသင်းအတွက် ကိုပါအီတာလီယာဖလား ရယူပေးထားပြီး ယခုသတင်းပတ်အကုန်တွင်လည်း အင်တာမီလန်နှင့်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆုဖလားကို သိမ်ပိုက်နိုင်မည့် အနေအထားတွင်ရှိနေသည်။ ဒုတိယနေရာမှ ရိုးမားအသင်းနှင့် နှစ်မှတ်ကွာနေပြီး တနင်္ဂနွေနေ့၌ ဆီနာအသင်းကို သရေကျရုံနှင့်ပင် အောင်ပွဲခံနိုင်မည်ဖြစ်သည်။

နောက်တပတ်အကြာတွင်လည်း မော်ရင်ဟိုနှင့် အင်တာမီလန်အသင်းသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၊ ဘာနေဗျူးဘောလုံးကွင်း၌ ချန်ပီယံလိဂ်ဆုဖလားအတွက် ဂျာမန်ကလပ် ဘေယန်မြူးနစ်အသင်းနှင့် နောက်ဆုံးဗိုလ်လုပွဲကို ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

One comment

  • susunosuki

    May 18, 2010 at 7:54 am

    မော်ရင်ညိုက စကားပြောရင် ပွင့်လင်းလွန်းတယ် တည့်တည့်ပြောတတ်ပေမယ့် ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တယ်
    သေချာတယ်
    ဒါကသဘောကျစရာ အတုယူစရာပါ

    Reply

Leave a Reply

Your email address will not be published.