ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

ဦးကောက်October 3, 20111min00

ထိုင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာ သည် အာဆီယံနိုင်ငံများသို့ ခရီးစဉ် ထွက်ခွာနေရာ အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအိမ်တော် သတင်းရင်းမြစ်တစ်ခုက စက် တင်ဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့မှုကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြခဲ့သည်။

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ ထိုင်း ဝန်ကြီးချုပ် ယင်လက်ခ်အတွက် မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံးခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်သည် နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သူများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီသို့ သွားရောက်ဖူးမြော်ရန် အစီအစဉ်ရှိသော်လည်း ရန်ကုန်မြို့သို့ သွားရောက်ရန် အစီအစဉ်မရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ထိုင်း သတင်းရင်းမြစ်တစ်ခု၏ ပြောကြားခဲ့မှုကို The Nation သတင်းစာကဖော်ပြခဲ့သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလျံအထိရှိသည်ဟု အစောပိုင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာများအရ သိရသည်။

Ref:The Nation; Xinhua

Eleven Media Group မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published.