မှတ်မိသမျှ ဂယာ (၃)

black chawSeptember 26, 20111min05

 

 

MaMa ရေ

ဒီဘုရားဖူးခရီးစဉ်မှာ ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံး အဖြစ်ကလေးတစ်ခုကြုံခဲ့ရပါတယ်။

ဂယာရောက်ပြီး လေးရက်မြောက်နေ့ဖြစ်တဲ့ (၂-၁၂-၂၀၁၀) နေ့က ဖြစ်ပါတယ်။ ကျွန်တော်တို့မိသားစုတည်းနေတဲ့ မြန်မာကျောင်းက ဘုန်းကြီးတစ်ပါးက ကျွန်တော့်ကိုခေါ်ပြောပါတယ်။ ကျောင်းမှာကလည်း ကျွန်တော်တို့ဘုရားဖူးအဖွဲ့မှာပါတဲ့လူတွေက ခရီးဆက်သွားပြီဖြစ်ပြီး နောက်လူတွေလည်းမရောက်သေး တဲ့အချိန်ဖြစ်တော့ လူသိတ်မရှိတဲ့ အချိန်ပေါ့။

“ ဒကာကြီးတို့လင်မယား ဒီပွဲလေးကို တက်ပေးဘို့ တောင်းဆိုချင်ပါတယ်။ ကျောင်းမှာလည်း လူနည်းနေလို့ပါ။ ဒကာကြီးတို့ အဖေနဲ့အမေကို ဘုန်းကြီးတို့ စောင့်ရှောက်ပေးထားပါ့မယ်” ဆိုပြီး ဖိတ်စာလေးတစ်ခုပေးပါတယ်။

ဖတ်ကြည့်လိုက်တော့ 6th Annual International Tipitaka Chanting Ceremony to the held under the Bodhi Tree in Bodhgaya, India (December 2 – 12, 2010) လို့ တွေ့လိုက်ရပါတယ်။ ဆဌမအကြိမ် နိုင်ငံတကာ ပဌာန်းရွတ်ပွဲ လို့ ဘာသာပြန်ရမလား မသိပါဘူး။ ဗုဒ္ဓ ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေ အကုန်ပါတယ်လို့ ပြောပါတယ်။ သီတဂူဆရာတော်ကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောမယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့လင်မယားလည်း ကြုံတောင့်ကြုံခဲ ပွဲတစ်ပွဲကို တက်ခွင့်ရတဲ့အတွက် ဝမ်းသာအားရ လက်ခံလိုက်ကြပါတယ်။

စုရပ်က ဘင်္ဂလားဒေ့ရှ် ဘုရားကျောင်းပါ။ အဲဒီကမှ နိုင်ငံအလိုက် စီတန်းပြီး မဟာဗောဓိ ညောင်ပင်ဆီ လမ်လျှောက်ချီတက်ကြရမှာပါ။ မွန်းလွဲနှစ်နာရီလောက် စုရပ်ကို ကျွန်တော်တို့ရောက်သွားတဲ့အခါ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာတွေ တော်တော်များများ တွေ့ရပါတယ်။ ပိဋ္ဋကတ်သုံးပုံ စာအုပ်တွေကို ဝေပေးပါတယ်။ အခမ်းအနားကျင်းပမယ့် မဟာဗောဓိပင်ကို သယ်ယူသွားပေးရမယ်လို့ဆိုပါတယ်။ စုရပ်ကနေ မဟာဗောဓိကို သွားတဲ့လမ်းတလျှောက် ဘုရားစာတွေ ရွတ်သွားကြရပါတယ်။ ညောင်ပင်ကိုရောက်တော့ ပိဋ္ဋကတ်သုံးပုံ စာအုပ်တွေကို ဘုန်းကြီးတစ်ပါးက လက်ခံယူပါတယ်။ အခမ်းအနားမှာ ကျွန်တော်တို့နိုင်ငံက သီတဂူ ဆရာတော်ကြီးက အင်္ဂလိပ်လိုမိန့်ခွန်းပြောကြားပါတယ်။ ကျွန်တော်တို့လည်း ညနေ ၅ နာရီလောက်မှာ အဖေအဖေတွေကို ထမင်းကျွေးရဦးမှာဆိုတော့ အခမ်းအနားမပြီးသေးခင် ကျောင်းကိုပြန်ခဲ့ကြပါတယ်။ ဒါကတော့ ဂယာခရီးစဉ်မှာ အမှတ်တရအဖြစ်တစ်ခုပါ။

 

နီပေါနိုင်ငံ ကိုယ်စားပြု အဖွဲ့

 

ပွဲတက်လာတဲ့ မြန်မာအဖွဲ့

 

မဟာဗောဓိသို့ လမ်းလျှောက်နေကြသော မြန်မာအဖွဲ့

 

ဂယာမြို့က ပုဂံလိုပဲ မြို့သစ်နဲ့ မြို့ဟောင်းဆိုပြီး ရှိပါတယ်။ မြို့သစ်နဲ့ မြို့ဟောင်းက ပုဂံနဲ့ညောင်ဦးလောက်ပဲဝေးပါတယ်။ မဟာဗောဓိစေတီကြီးနဲ့ ဘုန်းကြီးကျောင်းတွေက မြို့ဟောင်းမှာရှိတာပါ။ မြို့သစ်မှာတော့ ဘဏ်တွေ၊ ကားကုမ္ပဏီတွေ ရှိပါတယ်။ ပထမ ကျွန်တော်တို့က ငါးရက်ခရီးပဲဖြစ်ပြီး Air India နဲ့ ပြန်ရမှာပါ။ ဒါပေမယ့် ပြန်ရမယ့်ရက်မှာ သီတဂူဆရာတော်နဲ့အဖွဲ့လည်း ပြန်တာဆိုတော့ လေယဉ်လက်မှတ်က မရပါဘူး။ အဲဒါနဲ့ နှစ်ရက်ပိုနေခဲ့ရပါတယ်။ နီလာက ကျွန်တော်တို့ အဆင်ပြေအောင် MAI လေယဉ်နဲ့ စီစဉ်ပေးကြပါတယ်။

ဂယာမှာ စိတ်ဝင်စားစရာနေရာတွေက

၁။ မဟာဗောဓိစေတီနှင့် ရုပ်ပွားတော်၊ ဗောဓိပင်နှင့် ရွှေပလ္လင်၊ သတ္တ-သတ္တာဟ

ရ – နေရာ (အားလုံးတစ်နေရာတည်းမှာရှိပါတယ်)။

၂။ နေရဉ္စရာမြစ် (သဲပြင်ကြီးပဲရှိပြီး ရေတစ်စက်မှ မရှိ)၊

၃။ သုဇာတာကုန်း၊ သုဇာတာ ဃနာ နို့ဆွမ်းကပ်ရာနေရာ၊

၄။ သောတ္ထိယမြက်ရှစ်ထုံးဆက်ကပ်ရာနေရာ၊

၅။ ရွှေခွက်မျှောရာနေရာ၊

၆။ ဥရုဝေဠတောင်နှင့် လှိုဏ်ဂူ (ဒုက္ကရစရိယာကျင့်ရာ)၊

၇။ မင်းတုန်းမင်းဇရပ်နှင့်ကျောက်စာတိုက်၊

၈။ မဟန့်နန်းတော်နှင့် ဂျပန်ဘုရားကြီး

စသည်တို့ဖြစ်ပါသည်။

MaMa ရေ

ကျွန်တော်မှတ်မိတဲ့ ဂယာခရီးစဉ်ကို ပြန်ပြောပြတာပါ။ တစ်နှစ်လောက်ကြာပြီဖြစ်တဲ့အတွက် အခြေအနေတွေလည်းပြောင်းချင်ပြောင်းနေမှာပါ။ MaMa ပြန်လာရင်လည်း ပြန်ပြောပြပေးပါဦး။ ကျေးဇူးတင်ပါတယ်။

ဂယာမြို့သစ်မှ ဘဏ်တစ်ခု

 

5 comments

  • mandalarthu

    September 26, 2011 at 4:57 pm

    ကျေးဇူးပါ blackchaw ရေ
    အားကျစရာကြီးပါလားနော်။
    အဲဒီလို ပွဲကို တက်ရောက်ချင်လိုက်တာနော်။
    ဂယာမှာ စိတ်ဝင်စားစရာနေရာ (၈ ) ခု အကြောင်းကိုလည်း စိတ်ဝင်စားလို ့
    ဓါတ်ပုံနဲ ့တကွ ပြည် ့ပြည် ့စုံစုံလေး သိပါရစေ။
    တတ်နိုင်ရင် ဖော်ပြပေးပါ ဦးနော်။

    Reply

  • blackchaw

    September 28, 2011 at 9:00 am

    ကျေးဇူးပါ mandalarthu ခင်ဗျား။ ဂယာနဲ့ ပတ်သက်ပြီး ဒီပို့စ်က နောက်ဆုံးပို့စ်ပါ။
    ကျွန်တော် မှတ်မိသလောက်ချရေးထားတာပါ။ MaMa တို့ ပြန်လာရင်လည်း ရေးကြဦးမှာပါ။

    Reply

  • etone

    September 28, 2011 at 11:55 am

    မရောက်ဖူးသေးတဲ့ လူတွေအတွက် အတွေ့ ကြုံတစ်ခု ရလို့ … ပုံနဲ့တကွဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်နော် .. ။ တစ်သက်မှာ တစ်ခါလောက်တော့ အရောက်သွားမယ်လို့ မှန်းထားပေမဲ့ .. အကြောင်း အမျိုးမျိုးကြောင့် ခရီးထွက်လို့ မရသေးဘူးလေ 🙁

    Reply

  • etone

    September 28, 2011 at 11:57 am

    မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့၏ ဩဝါဒကို ခံယူလျက် ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (သ.ထ.ဖ) ဆရာတော်များက စက်တင်ဘာ ၅ ရက်ည ၁ဝ နာရီခွဲအချိန်တွင် ၈၅ လမ်း၊ ၂၉ လမ်းနှင့် ၃ဝ ကြားတွင် တုတ်ကိုင်ရမ်းကားနေသော ရဟန်းနှစ်ပါးအား လူဝတ်လဲစေပြီး အရေးယူပေးရန် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ အရေးယူဆောင်ရွက်ရသည့် အကြောင်းမှာ သာသနာတော်ကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းကြောင့် ဖြစ်ပြီး ဆက်လက်၍လည်း မိမိတို့ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သ.ထ.ဖ အဖွဲ့မှ ဆရာတော်များက မိန့်ကြားသည်။ ထို့အပြင် စက်တင်ဘာ ၂ရက်က မန္တလေးဈေးချိုအနီးတွင် အသက်ကြီးမှ ရဟန်းဝတ်ကာ ခြေကျိုးချင်ယောင်ဆောင်ပြီး အလှူခံနေသော ကိုယ်တော်တစ်ပါးကို လူဝတ်လဲစေခဲ့ကြောင်း၊ ယင်းနေ့က ဈေးချိုတော်တွင် အလှူခံနေသော ရဟန်းခုနစ်ပါး၊ သာမဏေ ၁၅ ပါး၊ သီလရှင်လေးပါး အားလည် ဝိနည်းတော်နှင့် အညီ အရေးယူခဲ့ကြောင်း အထက်ပါ ဆရာတော်များက မိန့်သည်။ ဆက်လက်၍ လည်း မန္တလေးဘူတာကြီးအတွင်း ကျိန်းစက်နေခြင်းနှင့် ရထားပေါ်တွင် အလှူခံစာအိတ်ပေးကာ အလှူခံခြင်းများ ပြုုလုပ်သော ရဟန်းများ၊ သာမဏေများကိုလည်း လူဝတ်လဲစေခြင်း၊ ဝိနည်းတော်နှင့် အညီ အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သ.ထ.ဖ အဖွဲ့မှ ဆရာတော်များက မိန့်ကြားသည်။ အဆိုပါ ထိန်းသိမ်းအရေးယူခဲ့သော ရဟန်းများမှာ ငယ်ဖြူများမဟုတ်ကြဘဲ သာသနာတော်ကို ခုတုံးလုပ်ကာ အများပြည်သူနှင့် သာသနာတော်ကို ငြိုငြင်အောင် ပြုမူရမ်းကားသူများဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယက အဖွဲ့ထံမှ သတင်းရရှိကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

    http://www.khitlunge.com.mm/news/news_detail.aspx?info_id=24458

    Reply

  • windtalker

    September 28, 2011 at 12:15 pm

    ဟောဗျာ
    ဘလက်ချော ပို ့စ်ကို ဖတ်ပြီး
    အီးတုံး ရဲ ့သတင်းအချက်အလက်တွေ ကို
    ဆက်ဖတ်ရတော့
    ကောင်းတယ် လို ့ပဲ
    အားပေးလိုက်တော့မယ် ဗျို ့
    ဖြစ်သင့်နေတာ ကြာပါပြီမလား
    သ.ထ.ဖ ဆရာတော်များ၏
    လုပ်ရပ် အတွက်
    သာဓုသာဓုသာဓု

    Reply

Leave a Reply

Your email address will not be published.