More obese than starving (ငတ်သူထက် ဝသူပိုများ)

Zaw WonnaSeptember 24, 20111min02

ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့၏ ၁၅% မှာ အစာရေစာ ရှားပါးမှုနှင့် ကြုံတွေ့နေရချိန်တွင် ၂၀% သော လူသားတို့မှာ အာဟာရ လွန်ကဲခြင်း၏ အကျိုးဆက်ကို ခံစားနေကြရသည်။

ယမန်နှစ်က လူသား သန်း ၁၅၀ဝ ကျော်မှာ အန္တရာယ်ရှိသည့် အဝလွန်သော အခြေအနေတွင် ၉၂၅ သန်းသော လူသားများမှာ အစာရေစာ ဝလင်အောင် မစားရသော အနေအထားတွင် ရှိကြောင်း ကြက်ခြေနီအဖွဲ့၏ ကမ္ဘာတစ်လွှား ဘေးအန္တရာယ်ဆိုင်ရာ အစီအရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ ကိန်းဂဏန်းများမှာ ကမ္ဘာကြီး အနေဖြင့် လူသား အားလုံးအတွက် လုံလောက်သော အစားအစာကို ထုတ်လုပ်ပေးနိုင်သော်လည်း လူသားများမှာ ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရမြဲ ဖြစ်ကြောင်း ထိတ်လန့်ဖွယ်ရာ ဖော်ပြချက်အဖြစ် ကြက်ခြေနီအဖွဲ့မှ ပြောဆိုခဲ့သည်။

ကလေးသူငယ် သုံးသန်းခန့်မှာ အစာရေစာ ငတ်မွတ်မှုကြောင့် အသက် ငါးနှစ်မပြည့်မီ သေဆုံးနေရသကဲ့သို့ လူပေါင်း နှစ်သန်းခွဲခန့်မှာလည်း အဝလွန်ခြင်းနှင့် ဆက်စပ်သော ရောဂါများကြောင့် သေဆုံးနေကြရသည်။ကမ္ဘာပေါ်တွင် အာဟာရ လုံလောက်စွာ မစားသုံးရသည့် လူသားများ၏ ၆၀% မှာ အမျိုးသမီးများ ဖြစ်ကြပြီး အချို့နိုင်ငံများတွင် အာဟာရ မလုံလောက်သည့် အမျိုးသမီးနှင့် မိန်းကလေးများ ဦးရေမှာ အမျိုးသား ဦးရေ၏ နှစ်ဆခန့်အထိ ရှိကြသည်။
ယခုလက်ရှိ အနေအထားအပေါ် ကြိုတင် ခန့်မှန်းချက်အရ ဗြိတိန်နိုင်ငံတွင် သက္ကရာဇ် ၂၀၃ဝ ၌ အမျိုးသား ဦးရေ၏ ထက်ဝက်ခန့်နှင့် များစွာသော အမျိုးသမီးတို့မှာ အဝလွန်သည့် အနေအထားသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

အရေးပါသည့် မှတ်သားဖွယ်ရာ အချက်တစ်ခုမှာ လက်ရှိ ပြဿနာသည် အမှန်တကယ်တွင် အစားအစာ ရှားပါးမှုကြောင့် မဟုတ်ပဲ ကမ္ဘာကြီးက လူသားအားလုံးအတွက် လုံလောက်သော အစားအစာကို ထုတ်လုပ်ပေးနေကြောင်း၊ ယခု ပြဿနာသို့ တွန်းပို့သော အခြေအနေများမှာ ဖြန့်ချိပုံ စနစ် မှားယွင်းခြင်း၊ လေလွင့်ပြုန်းတီးခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်း တို့ကြောင့် အစားအစာများကို ဝယ်ယူစားသုံးရန် မတတ်နိုင်မှုကြောင့် ဖြစ်ကြောင်း၊ နိုင်ငံများစွာတွင် အစားအစာနှင့် မြေယာမှာ ကုန်သွယ်မှု ပြုလုပ်နိုင်သည့် အရာများ ဖြစ်နေရာ ဈေးနှုန်း ကစားခြင်းတို့ကြောင့် ဈေးနှုန်း အပြောင်းအလဲများ ဖြစ်ပေါ်စေပြီး ဈေးတက်ခြင်းများ ဖြစ်ရကြောင်း  ကြက်ခြေနီ အဖွဲ့မှ Mr. Chapagain က ပြောကြားခဲ့သည်။

Ref: www.soschildrensvillages.org.uk

2 comments

  • kai

    September 25, 2011 at 8:38 am

    ပြောရရင်.. မြန်မာပြည်လည်း.. ချမ်းသာတဲ့အသိုင်းအဝိုင်းက.. လူတွေအကုန်ဝဖြီးနေကြတာပဲ..။
    ကျားမ..ဗိုက်ကလေးတွေကိုယ်စီနဲ့လေ..။
    အရပ်တွေမထွက်လာပဲ.. ဗိုက်ကအဓိကထွက်နေကြတာလည်း ..သတိထားမိရဲ့..။
    အားကစားမလုပ်.. ထိုင်ချည်းစားသောက်..အလုပ်ဖိလုပ်နေကြတော့.. ပုံတွေပျက်နေသလိုပဲ..။

    တောနယ်ဖက်ကျ.. ပိန်ညောင်နေတဲ့ကလေးတွေ.. တပုံကြီးတွေ့ရတယ်.။
    သူတို့မလည်း..ဗိုက်ပူနေတာတွေ..တော်တော်များများတွေ့တယ်..။

    ဒါပေမဲ့..သူတို့ဗိုက်ထဲမှာက… သံကောင်တွေ..။ 🙁

    Reply

    • windtalker

      September 25, 2011 at 1:29 pm

      ကိုဇော်ဝဏ္ဏ ပို ့စ်ကို ဖတ်အပြီး ၊ သူကြီး ကွန်မင့် ကို ဖတ်ပြီး
      ကိုယ့်ဗိုက်ကို ငုံ ့ကြည့်မိတော့
      အာ လာ လား…
      ကျွန်ုပ် ဗိုက်ပူမောင်ပေ ပါတကား
      သံကောင်လည်း ရှိချင် ရှိမယ်
      သေချာတာကတော့
      မြန်မာ တို ့တိုက်ဂါး တို ့
      နှိပ်စက်ကြလေပြီ တကား

      Reply

Leave a Reply

Your email address will not be published.