ရွှေဓါးကိုလည်း ဆက်ဝံ့သည်…

koyinSeptember 21, 20118min02
ရွှေဓါးကိုလည်း ဆက်ဝံ့သည်…


နှင်းသက်တဲ့ နွေ၊ နှင်းဝေဆောင်း ထက်
အချမ်းဓါတ်ကဲ၊ မယုံရဲလျှင်
ရင်ခွဲကာကြည့်၊ အချစ်ရှိ၏…။


မသိလေဟန်၊ သခင်မာန်တင်း
သည်လေညင်းလည်း၊ မလွမ်းရဲလေ
ဝမ်းနည်းနွေထက်၊ ခြွေရက်သက်ဆင်း
သန်းခေါင်တွင်းမှာ၊ အရုဏ်လာလို့
ရောင်နီပျို့အန်၊ မနက်ဖန်တွေ
နေသာနေလား၊ သည်နွေခါးသက်
ဓါးထက်ထက်လို၊ ငိုလွယ်ချုပ်ထိန်း
သခင်တိမ်းခွာ၊ မစိမ်းပါနှင့်…။


ဝါကျင့်ရွက်ရော်၊ လေပြည်သော်မှ
မြေခ သက်ဆင်း၊ သခင် ခင်းလျှက်
နှင်းသက်ရုပ်လွှာ၊ နွေသာသာလိမ့်
အသံဆိတ်သည့်၊ လန့်ထိတ်မိ ရင်
မချိတင်ကဲ၊ သခင်ခွဲခွာ
ဆောင်းမှာပူပြင်း၊ သည်းအူတွင်းက
ဆယ်နေမင်းလို၊ ပြင်းပြယိုဖိတ်
သည်စိတ်ခန္ဓာ၊ ဝေဒနာတိုး
ညဥ့်ငှက်မိုးခို၊ တေလေငိုမိ
လွမ်းရင် ထိရှ၊ လှစ်ဟ မျက်ဝန်း
ပုလဲ သွန်းဖြိုး၊ အငြှိုးတစ်စ
ရှားမီးစ ခဲ၊ ရင်ထဲ ခိုဝင်
မငြိုငြင်ဘူး..။


သခင်ခူးဆွတ်၊ ဤသည်းပွတ်ကို
လူးလွန့် မရုန်း၊ သက်ဘုန်း ကိုယ်ခွာ
မနာပါလေ၊ မခြွေပါနှင့်
တမင်နင့် ရင်၊ သခင် ဆင်မြန်း
ပန်းပမာဆို၊ 
ပန်လို မရဲ၊ မနွမ်းဘဲ ကြွေ
နင်းခြေကာထား၊ ခြေရင်းဖျားမှာ
နီလွာစွေးစွေး၊ သွေးတစ်စက်စက်
ဆေးရက်လျှင်လည်း၊ ဝမ်းမနည်းပါ
ပျော်ပါစေချင်၊ ခင်မင်မတိမ်း
အစိမ်းသတ်သတ်၊ မဖြတ်လိုဘူး…။


သခင်ဦးမို့၊ မနူးမနပ်
မယှက် တစ်နွယ်၊ မသွယ် တစ်ကြိုး
မနိုး အိပ်မက်၊ မစက်လည်း ပျော်
မမျှော်လဲ လွမ်း၊ သခင်နမ်းမှ
ဖူးကြွ ငုံပွင့်၊ လန်းဆန်းဝံ့မည်…။


(တမ်းတသည်ပဲ၊ ဒီရင်ကွဲ နာ
လွှဲကာရှောင်ဖယ်၊ တောင်စွယ် နေဝင်
သခင်အပ်နှင်း၊ လည်ကိုစင်းလျှက်
ရွှေဓါးကိုလည်း ဆက်ဝံ့သည်…။ ။)


တောက ကိုရင်
၂၁.၀၉.၂၀၁၁

2 comments

  • mandalarthu

    September 22, 2011 at 9:39 pm

    ကဗျာလေး က ဖွဲ ့နွဲ ့ ရေးသားထားပုံလေးက အရမ်းကောင်းလွန်းလို ့အကြိမ်ကြိမ် ပြန်ဖတ်မိတယ်။
    ဒါပေမယ် ့ပုံတွေအများကြီး ထည် ့ထားတာက ကဗျာရဲ ့ရ သ ပေါ. သွားသလို ခံစားရတယ်။
    နောက်ဆုံး နှစ်ပုံ အကြိ ုက်ဆုံးပါ။

    Reply

    • koyin

      September 22, 2011 at 11:22 pm

      ဟုတ်
      မန္တလာသူလေး ပျော်ရွှင်ပါစေ
      ခုလို သေချာ ခံစားပြီး ဝေဖန်ပေးတဲ့ အတွက် တကယ်ကို ကျေနပ်ဝမ်းသာရပါတယ်
      ပုံတွေ ထည့်ထားတာက ကဗျာရသပါ
      နည်းနည်းလေး လိုသွားတယ် ထင်ပါတယ်
      အပေါ်ဆုံးပုံမှာ နွေထဲမှာ ကျနေတဲ့ နှင်းကို သရုပ်ဖော်ထားတာပါ
      ဖတ်သူတွေ ခံစားလို့ မရဘူးနဲ့ တူတယ်
      အောက်ကလည်း ထပ်တူပါပဲ
      သန်းခေါင်မှာ ထွက်ပြူနေတဲ့ နေတစ်လုံးပါ
      အတိသယလင်္ကာတွေ ထည့်ထားတာပါ
      နွေနဲ့ နှင်း၊ သန်းခေါင်နဲ့ နေမင်း
      အလယ်က ပုံကတော့ အားပျော့ပါတယ်
      လိုချင်တဲ့ ပုံ ရှာမရလို့ အဆင်ပြေတာလေးပဲ ထည့်လိုက်တာပါ
      အောက်ဆုံးက ပုံက ဒီကဗျာရဲ့ အသက်ပါ
      ရတာလေးတွေ ရှာပြီး ထည့်ပေးထားတာပါ
      ပျော်ရွှင်ပါစေ
      နောက်ထပ် ကဗျာတွေကိုလည်း ခုလို ဝေဖန်ပေးစေချင်ပါတယ်

      Reply

Leave a Reply

Your email address will not be published.