ပါတီသစ် ဖွဲ့သူများကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် ဧရာဝတီ Friday, May 14, 2010

politicalviewMay 15, 20101min01

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းကျ လုပ်ထုံး လုပ်နည်းကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်းက ရှေ့နေ ဦးဉာဏ်ဝင်းနှင့် နှစ်နာရီကြာ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။ “ဒေါ်စုက NLD အနေနဲ့ အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။ ပါတီ ဆက်လက် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အစီအစဉ်ကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)အမည်ဖြင့် NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့မှာပင် ပါတီ သစ်တခု ဖွဲ့စည်းခဲ့ကြသည်။ NDF ကို ဒေါက်တာသန်းငြိမ်းက ဦးဆောင်ဖွယ်ရှိပြီး ယခုလလယ်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်မည်ဟု ခန့်မှန်းရသည်။ NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အရ ပျက်ပြယ်သွားပြီးဖြစ်သော NLD ပါတီ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သိရသည်။ “လောလောဆယ်မှာ ဗဟို အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြားသား ဧည့်သည်တွေ လက်ခံတွေ့ဆုံတာမျိုး၊ နိုင်ငံရေး အစည်းအဝေး လုပ်တာမျိုးတွေ မလုပ်ပါနဲ့လို့ ဒေါ်စုက မှာလိုက်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။

One comment

  • susunosuki

    May 15, 2010 at 1:16 pm

    သူတို့ရဲ့ ခံယူချက်က ပြည်သူတွေအပေါ်ပေးထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖေါ်တာ လို့ ပြောတယ်
    ဒီလိုဆိုရင်တော့ ကောင်းပါတယ်
    ကျွန်တော်တို့ကတော့ ကိုယ်ခံယူချက်နဲ့မတူတိုင်း အဆိုးလို့မဆိုပါဘူး

    Reply

Leave a Reply

Your email address will not be published.