ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၂)


အမေပါလား။ သူတော်တော်လေးလန့်သွားတယ်။ အမေ ဈေးကိုလာတယ်။ အမေ့ရဲ့မျက်လုံးတွေဟာ စူးရဲခက်ထန်နေတယ်။သူ့ကိုကြည့်နေတဲ့ မျက်လုံးများကို ရင်မဆိုင်ရဲဘူး။ မိမိတို့တတွေကတော့ သူ့ကိုကြည့်ပြီး ဆွံအနေကြတယ်။

“လာစမ်း ချာလီ ဈေးကို ဘာလာလုပ်တာလဲ “

“ဟို….လေ ဟို……ကြာပန်းလာရောင်းတာ”

“ဘာရယ် ကြာပန်းလာရောင်းတာ ဘာဖြစ်လို့လာရောင်းရတာလဲ ဘာလုပ်ဖို့လဲ”

“မုန့်ဝယ်စားဖို့ပါ အန်တီ”

မိမိ ကဝင်ဖြေတယ်။မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးများနဲ့အမေက သူ့ကိုစိုက်ကြည့်တယ်။ ပြီးတော့-

“ဟဲ့ အငတ်ကောင်….အဲလောက်တောင် ငတ်ရလား မိဘက မကျွေးမမွေးတာမဟုတ်ဘူး နင်ဆိုတဲ့ကောင်ဟာလေ ငတ်ကိုငတ်တယ်…….လာ အိမ်ကြမှ ငါ့အကြောင်းသိမယ်”

လက်ကို ဆတ်ခနဲဆောင့်ဆွဲတာကိုခံလိုက်ရတယ်။ မိမိတို့က ဈေးပေါက်ဝမှာကျန်ခဲ့တယ်။ သူကတော့ နောက်လှည့်ကြည့်လှည့်ကြည့်နဲ့ အမေဆွဲခေါ်ရာနောက်ကို ပါလာခဲ့တယ်။ အဲဒီနေ့က အိမ်ရောက်တော့ အမေက သူ့တင်ပါးမှာ အလျှိုးရာတွေထင်အောင် တုတ်တစ်ချောင်းနဲ့ဆော်တယ်။ သူလည်း အီဆိမ့်သွားအောင် ကျော့ကော့ခံနေရတယ်..။ နောက်ပြီး ဒဏ်ပေးတဲ့အနေနဲ့ သူ အရက်ချက်ဖို့ ထင်းတွေပေါက်လိုက်ရတာ လက်တောင် အရည်ကြည်ဖုတွေထတယ်။ ဒါကိုလည်း သူမမှုတော့ပါဘူး။ သူ့အတွက်က ရိုးအီနေတဲ့အစဉ်အလာတွေကိုး။

တနင်္လာနေ့။ ကျောင်းဖွင့်ရက်…။

ကျောင်းသွားဖို့ သူက ပြင်ဆင်နေပြီးနေပြီ။ အမေက တုတ်တုတ်မှမလှုပ်သေး.။လွယ်အိတ်ကလေး တပြင်ပြင်နဲ့ သူက အမေမမြင် မြင်အောင် ကျောင်းသွားဖို့အချက်ပြတယ်။ အဖေက အိမ်ရှေ့မှာ ကုလားထိုင်တစ်လုံးနဲ့ ငြိမ့်နေတယ်။ ဒါပေမယ့် သူ သွားပြီး မုန့်ဖိုးမတောင်းရဲ။

“ဟဲ့ မသွားသေးဘူးလား”

“သွားမလို့အမေ…….”

“အေး မသာလေး တစ်ရက်တစ်လေ မယူပါနဲ့လား အမေက ဘယ်လိုရှာရဖွေရတယ်ဆိုတာ မသိဘူး….တကတည်းတော် နေနိုင်တဲ့သူတွေကလည်းနေနိုင်တယ်……အိမ်ဦးနတ်တဲ့ ရိုက်သတ်ချင်စရာကောင်းတဲ့ ရော့….တစ်ဆယ်…..သွားတော့…”

အမေက အဖေထိုင်နေတဲ့ဖက်ကို မျက်စောင်းနဲ့ကြည့်ပြီး ပြောပြောဆိုဆို တစ်ဆယ်ထုတ်ပေးတယ်။ သူလည်း အမေရှေ့မှာ ကြာကြာမနေပဲ ပြေးထွက်လာခဲ့လိုက်တယ်။ တော်တော်ကြာ အမေနဲ့ အဖေ စကားများကြတော့မယ်။ သူက အဲဒီအသံတွေ မကြားချင်ဘူး။ ကျောင်းနဲ့ အိမ်နဲ့ကလည်း နီးနီးကလေး။ သူ့တို့အိမ်ရှေ့မျက်နှာချင်းဆိုင်မှာ။ လမ်းကျော်လိုက်ရင်ပဲရောက်ပြီ။ သူ ကျောင်းဝန်းထဲကို ခြေချမိရင်ပဲ မိမိတို့ အုပ်စုကိုတွေ့လိုက်ရတယ်။ မုန့်ဖိုး တစ်ဆယ်ကို သူ လွယ်အိတ်အတွင်းအိတ်မှာ ထည့်ထားလိုက်တယ်။မိမိတို့က သူ မုန့်ဖိုးမပါလည်း သူ့ကိုကျွေးနေကျ။

မိမိက သူ့အနားပြေးလားရင်း မေးတယ်။

“ချာလီ နင့်ကို နင့်အမေရိုက်သေးလား”

“ရိုက်တာပေါ့ဟ…”

“အေးငါတို့လည်း အရိုက်ခံရတယ် နင့်အမေလာပြောပြသွားတာ..အမေကဆို ဆူလိုက်တာ …အဲလောက်ငတ်ရလားတဲ့”

မိမိ ပြောပြနေတာတွေကို သူနားထဲမဝင်တော့…။ ကျောင်းခေါင်းလောင်း ထိုးသံကိုကြားလိုက်တယ်။ ကျောင်းတက်ပြီ။ ပြေးပြေးလွှားလွှားနဲ့ သူတို့ အခန်းထဲကို ပြေးဝင်လိုက်တယ်။ အဲဒီအချိန်မှာပဲ အတန်းရဲ့ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်..။ သူရော မိမိတို့ပါ….တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြတယ်….။

“မိမိ ဟိုကောင်မလေး..”

သော်ဇင်(လွိုင်ကော်)

14th-Sep-2011

 

 

8 comments

  • zaw min

    September 14, 2011 at 10:58 pm

    ဖတ်လို့ကောင်ပါတယ်ကိုသော်ဇင်…ဒါပေမယ့် တစ်ခန်းနဲ့တစ်ခန်းအကြာကြီးတော့ ခြားမထားနဲ့နော် ဖတ်ရတဲ့သူတွေ လည်ပင်းညောင်ရေအိုးတွေဖြစ်ကုန်အုံးမယ်…

    Reply

  • MaMa

    September 15, 2011 at 7:33 am

    တင်တာကြာတော့ မေ့တောင်သွားတယ်။ ဖတ်ကြည့်မှပဲ ပထမအပိုင်းကို မှတ်မိသွားတယ်။ မိဘက ပြည့်စုံအောင်လည်း မလုပ်ပေးဘူး။ ကိုယ်တိုင်ရှာဖွေစားတော့လည်း ရိုက်မောင်းပုတ်မောင်းလုပ်တယ်ဆိုတော့ မဟုတ်သေးပါဘူး။ အမှန်ဆိုရင် ကလေးက ကိုယ့်လုပ်အားနဲ့ ရိုးရိုးသားသား ရှာဖွေစားတာ အားပေးသင့်ပါတယ်။

    Reply

    • Thaw Zin Loikaw

      September 15, 2011 at 8:25 pm

      ခုလို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ တစ်ပိုင်းနဲ့တစ်ပိုင်းရက်ခြားသွားတဲ့အတွက် တောင်းပန်ပါတယ်..။ ဖားကန့်မှာ အင်တာနက်သုံးရတာ အဆင်မပြေလို့ပါ..။

      Reply

  • နီလေး

    September 15, 2011 at 9:50 am

    မျော်နေတာကြာပြီ ကြာပန်းလေးကို ခုမှပဲဖတ်ရတော့တယ်

    Reply

  • hmee

    September 15, 2011 at 1:31 pm

    တပိုင်းနဲ့တပိုင်း သိပ်မခြားပါနဲ့လား ဖတ်ရတာ ဆန့်တငန့်ငန့်နဲ့မို့ပါ။

    Reply

  • manawphyulay

    September 15, 2011 at 3:49 pm

    တစ်ပိုင်း တစ်ပိုင်း အရမ်းကြာတာပဲ။ များများလေးရေးပြီး ထပ်တင်ပေးပါဦး ခုမှ ကျောင်းအခန်းထဲဝင်သေးတယ်။

    Reply

  • meengelay

    September 15, 2011 at 6:49 pm

    တစ်ပိုင်း တစ်ပိုင်းကလဲ ခဏလေး ……………… မြန်မြန် တင်ပါဗျို့………….

    Reply

  • မီးမီး သော်

    September 15, 2011 at 8:10 pm

    ဟယ် ကိုသော်ဇင် ကဖြတ်လိုက်ပြန်ပီ။မုန် ့ဝယ်ကျွေးတဲ့တစ်ယောက်နဲ ့ကျောင်းမှာတွေ ့ကြတာလားမသိဘူးနော်။စောင့်ဖတ်ရတော့မှာပေါ့။

    Reply

Leave a Reply

Your email address will not be published.