တံလျှပ် ခြွေတဲ့ ရေ

koyinSeptember 14, 20115min02
တံလျှပ် ခြွေတဲ့ ရေ

ရစ်ပတ်တယ် မဆိုထားနဲ့
အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့တာတောင်
အထပ်ထပ် ချည်နှောင်လိုက်တဲ့ ကြိုး
သံယောဇဉ်ကို ငါ မခိုးခဲ့ပါဘူး
ငါ့ဘာသာ တိတ်တဆိတ်နဲ့ မြတ်နိုးနေမိတာ
ဘယ်သူက မာယာနဲ့ သွေးဆောင်ခဲ့လို့လဲ…။

ရင်ကွဲတယ် ဆိုရုံနဲ့လည်း
ရင်ခွဲရုံက လူသေကောင်လို…။
အဲလောက်ထိကိုလည်း
…။

ဒါဟာ 
အချည်းနှီး ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး
ကြေးကြီးတဲ့ အလောင်းအစားမှန်းလည်း သိလျှက်
ဘဝတစ်ခုလုံးနဲ့ ပုံပြီး အလဲအထပ်ပြုခဲ့တာ…။

တစ်ဖက်သက်…
ယုံမှတ်ခဲ့မိတဲ့ ရင်နံရံ အတွင်းသားတွေက
အပ်နဲ့ ဆွထားသလို…
သည်းခြေယိုစိမ့်ထွက်တဲ့ အက်ကြောင်းတစ်ခု
တမင်သက်သက် ပြုစားခံလိုက်တဲ့ 
အတုအယောင် ပုံရိပ်တစ်ချို့အတွက်
အဲဒီ တံလျှပ်ကလည်း
ဒြပ်မဲ့တဲ့ အရာ…
ဖမ်းဆုပ်ဖို့လည်း မကြိုးစားရပါဘဲနဲ့
တစ်သက်စာ ကျောက်ချရပ်နားခဲ့တယ် ဆိုရင်…။

လေချဉ်တက်တဲ့ ပင့်သက်တစ်ခုက
ရင့်ကျက်ချင်ဟန် ဆောင်ထားမှန်းလည်း အသိ
လျှပ်တပြက် ငြိတွယ်သွားတာမျိုး
လေပြေကတော့ တိုးတိုးတိတ်တိတ်
မုန်တိုင်းထဲမှာ ငါက အိပ်ငိုက်သွားခဲ့တာလား…။

ငါ့ဘက်က ရိုးသားပေးချင်ပါတယ်
ဒါပေမယ့် 
ငါ့ရဲ့ ထိန်းချုပ်မှုကိုမှ ငါမပိုင်
မျက်ခွံတွေကို မနိုင့်တနိုင် ပင့်တင်ထားပြီးမှ
(အတင်းကြီး)
မျက်စိကို စုံမှိတ်ပစ်လိုက်ရတာမျိုး
အင်း… ဆိုးလိုက်တာ။

နွေကို ခဝါချထားကာမှ
ဆောင်း သက် လို့ ကြွေရတဲ့ မျက်ရည်
ဒါဟာ ပဉ္စလက်…
အဲဒီ လှည့်ကွက် ရိုးရိုးလေးမှာတောင်
ငါ့နှလုံးသားက အထင်ကရနဲ့ အရည်ပျော်သွားခဲ့တာပါ…။ ။

တောက ကိုရင်

2 comments

  • yetazar

    September 15, 2011 at 1:03 pm

    ကိုရင်ရေ ဒီတစ်ခါတော့ စကားလုံးအသစ်အဆန်းတွေမပါတော့ဘူးနော် ။ ရိုးရိုးလေးနဲ့ကောင်းပါတယ် ။

    Reply

  • မီးမီး သော်

    September 15, 2011 at 11:07 pm

    ကိုရင် ကကျောက်ချထားသလို နားနေတော့မယ်ထင်ပါတယ်။အားပေးသွားတယ်နော်

    Reply

Leave a Reply

Your email address will not be published.