မြတ်စွာဘုရားကို ဘာ့ကြောင့် ရှိခိုးရပါသလဲ။

Why do you pay homage to the Buddha?

ဒီမေးခွန်းလေးကို ဦးဇင်းအား နိုင်ငံခြားသားများရော ယဉ်ကျေးမှုသင်တဲ့အခါတိုင်းမှာရော လူငယ်တွေနဲ့ စကားထိုင်ပြောဖြစ်တဲ့အခါတိုင်းမှာရော မေးလေ့ကြရှိတဲ့ မေးခွန်းလေးပါ။ နိုင်ငံခြားသားတွေက သူတို့တန်ခိုးကြီးဘုရားတွေ သွားတဲ့ခါ ဗုဒ္ဓဘာသာများ မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးနေတာတွေ့ရတော့ အဲဒါ ဘာလုပ်တာလဲ။ ဘာေ့ကြာင့် ဒူးထောက်အညံ့ခံ ရှိခိုးရတာလဲတဲ့။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှာလည်း လူငယ်တွေက သေချာမသိတော့ ဘယ်လိုအာရုံပြုပြီး ရှိခိုးရမလဲတဲ့။ ဦးဇင်းရောက်တဲ့အရပ်မှာ ဦးဇင်းကိုခင်ပြီး ကျောင်းလာကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများနဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူတို့က ဘုရားကို ရှိခိုးတဲ့ခါ ဘာသာတစ်ခုနှင့်တစ်ခု ရှိခိုးတာခြင်း မတူသလို အာရုံပြုတာချင်းလည်း မတူလောက်ဘူးနော်တဲ့။ ဦးဇင်း အဲဒီမေးခံရတဲ့ မေးခွန်းတွေကို ဦးဇင်းတက်သိနားလည်သလောက် ဒီလို ဖြေပေးခဲ့ပါတယ်။


ဦးဇင်းတို့ မြတ်စွာဘုရားသည် ဦးဇင်းတို့ သတ္တဝါတွေအတွက် လေးသချေင်္နှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူ့အတွက်မဟုတ်ဘဲ အများကောင်းကျိုးရဖို့ရန် သူများမလုပ်နိုင်သော ပါရမီများကို ဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ရအောင် လုပ်ခဲ့ပါတယ်။ သူ့တစ်ယောက်တည်းအတွက်ဆို သုမေဓာရှင်ရသေ့ဘဝတည်းက နိဗ္ဗာန်ကိုရပါလျက်နဲ့ နိဗ္ဗာန်ကို မသွားသေးဘဲ ဆင်းရဲပင်းပန်းခံကာ ပါရမီတွေကို ဖြည့်ကျင့်ပေးခဲ့တယ်။

နောက်ပြီး ဘုရားဖြစ်လာတဲ့အခါမှာလည်း တစ်ရက်ကို(၂၄)နာရီ ရှိရာ ဘုရားရှင်က (၂)နာရီပဲ အနားယူကျိန်းစက်ပြီး (၂၂)နာရီ အလုပ် လုပ်ပေးခဲ့ပါတယ်။ မိမိတို့ သတ္တဝါတွေ ကောင်းတာမကောင်းတာ ခွဲခြားတတ်ပြီး ပြုလုပ်ဆောင်ရွက်နိုင်အောင် ချမ်းသာသုခများရရှိအောင် လုပ်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးများဟာ မိမိတို့အပေါ်မှာ များပြားလှတဲ့အတွက်ကြောင့် အဲဒီကျေးဇူးတွေကို အာရုံပြုပြီး ရှိခိုးဦးချသလို ဘုရားရှင် သည် မိမိတို့ထက် သီလ သမာဓိ ပညာအစရှိတဲ့ ဂုဏ်တော်တွေသည် မိမိတို့ထက် အများကြီးသာလွန်ပါတယ်။ ဘုရားရှင်ကို မိမိတို့ တုနိုင်တဲ့အရာ တစ်ခုမှမရှိပါဘူး။ အဲဒါကြောင့် မိမိတို့အပေါ်ရှိနေတဲ့ ကျေးဇူးတရားတွေ၊ မိမိတို့ထက် သာလွန်သောဂုဏ်အပေါင်းနှင့်ပြည့်စုံနေသော မြတ်စွာဘုရားရှင်ကို မိမိတို့က ရှိခိုးဦးချ ရိုသေလေးစားရခြင်း ဖြစ်ပါတယ်လို့ နိုင်ငံခြားသားများကို ဖြေရှင်းပေးခဲ့ပါတယ်။

ထို့အတူ တရားတော်များသည်လည်း မိမိတို့အား ကောင်းတာ မကောင်းတာကို ညွှန်ပြပေးခြင်းစတဲ့ ဂုဏ်ကျေးဇူးများရှိတာကြောင့် ရှိခိုးရတာပါ။ သံဃာတော်များသည်လည်း မိမိတို့အား မျက်မှောက်သံသရာ ကောင်းစားရေးများကို လမ်းညွှန်ဆုံးမပြောဆိုပေးတဲ့ ဂုဏ်ကျေးဇူးတွေရှိတာရယ်၊ မိမိတို့ မစောင့်ထိန်းနိုင်တဲ့ အကျင့်သီလများကို စောင့်ထိန်းလိုက်နာ ကျင့်သုံးနိုင်တာကြောင့်ရယ် လှူဒါန်းပူဇော် ရှိခိုးဦးချရခြင်းဖြစ်ပါတယ်။

တစ်ခါ မိဘဆရာသမားများသည်လည်း မိမိတို့အပေါ်၌ ကျေးဇူး တရားများပြားသောကြောင့်ရယ်၊ မိမိတို့အား အတက်ပညာ လူလိမ်မာလေးများဖြစ်အောင် ပြောဆိုဆုံးမသွန်သင်ပေးတာကြောင့်ရယ် ရှိခိုးဦးချ ရိုသေရခြင်းဖြစ်ပါတယ်လို့ ဖြေကြားပေးခဲ့ပါတယ်။

2 comments

  • Foreign Resident

    September 18, 2011 at 7:40 pm

    Dear ဆန်နီနေမင်း,

    ” မိမိတို့ မစောင့်ထိန်းနိုင်တဲ့ အကျင့်သီလများကို စောင့်ထိန်းလိုက်နာ ကျင့်သုံးနိုင်တာကြောင့်” ???

    – Why do you think, other people cannot keep “စောင့်ထိန်းလိုက်နာ ကျင့်သုံး” your “အကျင့်သီလများ” ???
    – May be, they can keep “စောင့်ထိန်းလိုက်နာ ကျင့်သုံး” this “အကျင့်သီလများ” better than you
    – May be, they don’t believe the result, that’s why, they don’t want to kept this fasting.

    Reply

  • kyawza

    October 6, 2011 at 11:04 pm

    ဆရာတော် ဦးသုမင်္ဂလ ရဲ့တရားအတိုင်းပြောကြည့်ရင်.. အမှား အမှန်၊ အကောင်း အဆိုး၊ အကြောင်း အကျိုးကို ခွဲခြားသိအောင် ညွှန်ပြ ဆုံးမနိုင်သော ဗုဒ္ဒ ဖြစ်သောကြောင့် ရှိခိုးထိုက်ပါသည်။

    Reply

Leave a Reply

Your email address will not be published.