ဂုတ်ပေါ်မှာ ခွစီးနေသော နတ်ဆိုး

အာဂAugust 18, 20111min06

အတောင်ပံတပ်ထားတဲ့ နတ်ဆိုးက
ငါ့…အခန်းဝရှေ့ ဘာကြောင့် ခဏခဏ လာရပ်ပြသလဲ။
စကားလုံးတွေ၊ ငွေတွေ….
ဂေါ်လီလို လိမ့်လိမ့်ဆင်းသွားကြ ။

ခေတ်ကာလ မျက်ရည်တွေထဲ
ငါ့ မျက်ရည်စက်များ အောက်ကျနောက်ကျ နိုင်လွန်းလှပ။
ငွေကြေးနဲ့ထွန်ယက်လို့မရနိုင်ဘူးထင်သမျှ
ငွေကြေးနဲ့ပဲဝယ်ယူ ထွန်ယက် စိုက်ပျိုးသူတွေက စိုက်ပျိုးကြ..။

ခေတ်သစ်ဈေးဗန်းထဲ အရောင်းအဝယ်မဖြစ်တာ
စာရိတ္တ ပဲလို့ ကဗျာဆရာက ရေးရင်
အရူးလို့ပဲထင်ချင်ကြ…။

ငါ့မှာက…
တောအုပ်ထဲညဖက် မြင်းထွက်ထွက်စီးနေသလို ဘဝနဲ့
ခဏခဏ ခလုတ်တိုက်တဲ့နေ့တွေများလှ။
လ ကုန်တိုင်း မက်မိတဲ့ အိပ်မက်
ငါ့…အိတ်ကပ်လေးက ဆာလောင်လွန်းလို့ငိုနေရောတဲ့..။

ဘာမှမရှိတာထက် စာရင် ငါ့မှာ
လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
လွင့်လွင့် ထွက်သွားမှာစိုးလို့….။
စုပ်ကိုင်ထားရတာ မောလှတယ်။

6 comments

  • နွယ်ပင်

    August 19, 2011 at 9:35 am

    ” ဘာမှမရှိတာထက် စာရင် ငါ့မှာ
    လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
    လွင့်လွင့် ထွက်သွားမှာစိုးလို့….။
    စုပ်ကိုင်ထားရတာ မောလှတယ်။ ” ဒီစာသားလေးကိုတော်တော် သဘောကျမိတယ် …..

    Reply

  • windtalker

    August 19, 2011 at 10:55 am

    အင်း
    အရိုးကြေကြေ
    အရေခန်းခန်း
    အဲဒီ ဂုဏ်ဒြပ် ကို
    ဆက်လက် စုပ်ကိုင်နိုင်ပါစေ

    Reply

  • kai

    August 19, 2011 at 3:13 pm

    ကိုရင်အာဂ နာမည်ဖတ်မိတိုင်း..အတွေးထဲပေါ်လာတာလေး..ချရေးထားချင်လို့..။
    ကဗျာနဲ့ဘာမှမဆိုင်ပါဘူးနော..။

    ရှေးကဟာသစာအုပ်တအုပ်မှာ.. ဖတ်ဖူးတာပါ..။
    လူတယောက်(ကိုမြဆိုပါစို့)က..အင်မတန်.. အတွေးခေါင်နက်နက်နဲနဲ..တွေးတတ်တဲ့လူ(ဦးလှဆိုပါစို့)ကို.. ခင်ဗျားက..”အာဂလူ”ပဲလို့ပြောလိုက်တာတဲ့..။
    အဲဒါ.. ဦးလှက..ကိုမြကို..အင်မတန်ဒေါသတွေထွက်ပါရောတဲ့..။
    ဘေးလူတွေက..ဘာဖြစ်လို့ဒီလောက်ဒေါသထွက်ရသလည်း ..မေးတော့…
    ဦးလှက..
    “အာဂလူ..ဆိုတာ..အူကလာတာကိုပြောတာဗျ..။
    အူကလာတာ..ဘာရှိဦးမလည်း.. ချီးပဲရှိတာပေါ့…။
    အဲဒါ..ကျုပ်ကို.. ချီး..လို့ပြောတာဗျ…”
    လို့…ဆိုသတဲ့..။
    (ကိုရင်အာဂ….က….အာဂလူမဟုတ်လောက်ပါဘူးနော..) 🙂

    Reply

    • R Ga

      August 20, 2011 at 5:30 pm

      သူကြီးကတော့ ကျွန်တော်ကိုနာမည်ဖျက်နေပြန်ပါကောလားဗျာ..။ သူကြီးခိုင် ဆိုရင် သကြိုင်ခီး လို့ ခေါ်ရမလိုဖြစ်နေပြီ..။ ကျွန်တော်ကတော့ အာဂလူမဟုတ်ပါဘူး။း။

      Reply

  • ရွှေအိမ်စည်

    August 19, 2011 at 3:46 pm

    စိတ်ရိုင်းစေရာ….

    ပေတေတေစိတ်ကူးတွေက
    အခြေမဲ့ ငါ့ကမ္ဘာကို
    ငြိုငြင်မှု အပြည့်အဝနဲ့
    တည့်တည့်ကြီး မျက်စောင်းထိုးနေလေရဲ့။

    အရင်တုန်းက ရခဲ့ဘူးတဲ့
    အသိုင်းအဝိုင်းထဲက မြှောက်စားမှုတွေ
    လေထဲမှာ လွင့်ပျံသွားလိုက်တာ
    ငါကို်ယ်တိုင် ကိုယ်ကျင့်တရားတွေကို ဖဲ့ချနေမိပြီ။

    သိတယ်ဆိုတာကလွဲပြီး
    ဘာမှပြုပြင်နိုင်စွမ်းမရှိခဲ့ဘူး
    ရူးသွပ်နေတဲ့ ခြေလှမ်းတွေကိုလေ
    ပေကျံနေတဲ့ ငါ့ရင်ဘတ်ကတောင် ငါ့ကိုပြန်ဟားနေတယ်။

    ဒီ ဦးနှောက်ကြီးကလဲ
    မည်းနက်တဲ့ ကမ္ဘာရိုင်းဆီကို
    ငိုကြွေးမှုတွေ လျစ်လျူရှုစေရင်း

    ပြင်းပြင်းထန်ထန် ဆွဲခေါ်နေတော့တာပဲ။ (စိတ်ညစ်တယ်)

    ငါငြီးငွေ့နေမိတဲ့
    သမားရိုးကျ အတွေးအခေါ်တွေကြားမှာ
    ငါဟာ..
    ဘာမှ သုံးမရတဲ့ အမှိုက်များ ဖြစ်နေမလား.။

    ဟားတိုက်ရယ်မောရင်း
    ပြင်းရှရှ နာကြည်းမိတာက
    ငါကိုယ်တိုင် မသိနားမလည်ခဲ့တဲ့

    လောကနိယာမ တွေကိုပေါ့

    လျော့တိလျော့ရဲနိုင်လွန်းတဲ့
    ငါ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်
    ငါ သစ္စာမရှိခဲ့တော့
    မလှတော့တဲ့ အနာဂါတ်ဟာ အနှစ်မပါသလိုပဲ.။

    ဟား……………………………….။
    မိုင်ချီတဲ့ သက်ပြင်းမောကြီးနဲ့အတူ

    ဖြူစင်မှုမရှိတော့တဲ့ ငါ့လမ်းပေါ်မှာ
    ငါ……………………………………………….။

    ထားလိုက်ပါတော့
    မော့ကြည့်ရင်တောင် မမြင်ရတဲ့
    ယိုင်နဲ့နဲ့ ကောင်းကင်ကို မေ့ထားလိုက်တယ်
    ခုလောလောဆယ် သွားရဦးမယ်..။

    ဘယ်ကိုလဲဆိုတော့…….
    ………………………………………….
    ……………………………………………..
    ……………………………………………..
    စိတ်ရိုင်းစေရာ…….။

    **************

    Reply

  • thit min

    August 19, 2011 at 4:54 pm

    No, No Thu Gyee! His name might be coming from “R Khine, R Zarni” , so that is R Ga. ( Never put “y” after Ga…Just kidding! )

    Reply

Leave a Reply

Your email address will not be published.