သူရဿဝါနှင့် ဝက်ဋီကာ

သူရႆဝါAugust 10, 20111min09

“သူရဿဝါနှင့် ဝက်ဋီကာ”

ကျွန်ုပ်တို့ ပျော်မွေ့ကျက်စားရာ အင်တာနက် လောကကြီး တစ်ခုလုံးသည်ကား ယနေ့ခေတ် အချိန်အခါတွင် ဝက်များဖြင့် ဖုံးလွှမ်းလျက် ရှိသော ဝက်ကမ္ဘာကြီး၊ ဝက်ခေတ်ကြီး ဖြစ်၍ နေချေပြီ။ ကျွန်ုပ်ဆိုလိုသော ဝက်ဆိုသည်မှာ အသင်တို့ သိထားသည့် နားရွက်ကား၊ အမြီးကောက်၊ နှာခေါင်းထော်သည့် ဝက်အကောင်များ မဟုတ်ပါပေ။ အနောက်တိုင်း ဘာသာစကား အလိုအရ ဝက်ဘ်ဆိုက် (Website) ဟူသည့် အသံထွက်ကို ကျွန်ုပ်၏ ပိရိခန့်ညား လှစွာသော မထော်မနန်း ပရိုနောင်ဇေးရှင်းဖြင့် မန်းမှုတ်သောကြောင့် ထွက်ပေါ်လာသည့် ဝက်ဖြစ်လေသည်။ ၎င်းဝက် တို့ကို တီထွင်ရေးသား ဖန်တီးအပ်သည့် ဉာဏ်ကြီးရှင် များအား ဝက်ဒဗလုပ်ပါ ဟုခေါ်တွင်ကြပြီး အနှီသူတို့မှာ ၎င်းဝက်များကို လူအများ သုံးစွဲနိုင်အောင် မွေးထုတ် ပေးကြခြင်း ဖြစ်သောကြောင့် ဝက်သမိခင် ဝက်သဖခင်များ ဟုလည်း ခေါ်ဆို ဂုဏ်ပြု အပ်ပေသည်။ နောက်တစ်မျိုး မှာကား ထိုဝက်များ၏ အပြင်အဆင် အရောင်အသွေး တို့ကို ရောစပ် ခြယ်သ ပေးသူများ ဖြစ်ပြီး ၎င်းတို့ကိုမူ ဝက်ဒီဇိုင်နာ ဟုဖြစ်ပေ၏။ ထိုသူတို့မှာကား ဒီဇိုင်းအမြင် ရှိရ၍ ထိုဝက်များကို လှလှပပ ကြည့်ပျော် ရှုပျော် ဖြစ်အောင် ပြင်ဆင် ပေးသူများ ဖြစ်သဖြင့် ဝက်အလှဖန်တီးရှင် ဟုလည်း ခေါ်ဆို အပ်လေသည်။ နောက်ထပ် ရှိသေးသည် မှာကား အမျိုးမျိုးသော ဝက်ခြံ (Website) များကို ထိန်းသိမ်း စောင့်ရှောက်၍ လူအများ သုံးစွဲနိုင်အောင် နောက်ကွယ်မှ နည်းနစ်ပိုင်း ဆိုင်ရာများ ကြိုးကိုင် လှုပ်ရှား ပေးကြသူ များမှာ ဝက်သခင် (Web Master) ဖြစ်ပေ၏။ ထိုသို့သော ဝက်များကို သုံးစွဲကြသည့် လူအများကို စောင့်ကြည့်၍ ထိန်းချုပ်မှု ပြုကြသူများမှာ ဝက်ထိန်း (Web Administrator) များ ဖြစ်ကြပေ၏။ ကျွန်ုပ်အနေနှင့် ဤမည်သော ဩကာသ အင်တာနက် လောကကြီး အတွင်းတွင် ဂျောင်းဂျောင်းပြေး လည်ပတ် လှုပ်ရှားရသည့် အချိန်ကာလ အတန်ကြာ လာသည်နှင့်အမျှ ဤကဲ့သို့ အမျိးမျိုး အထွေထွေသော ဝက်တို့ကိုလည်း တွေ့မြင် ကြုံဆုံ ခဲ့ဖူးသည် ဖြစ်လေ၏။

၎င်းတို့အနက် တစ်ခုသော အမည်တပ်၍ ရသည်မှာ အော်ဖစ်ရှယ်ဝက် (Official Web) ဖြစ်လေ၏။ လူသိများ ထင်ရှားသော ဆယ်လီဘရီတီများ၊ အနုပညာရှင်များ၏ အလှပြ ဓါတ်ပုံများနှင့် ၎င်းတို့၏ လက်ရှိ လှုပ်ရှားမှု အနည်းငယ် တို့ကို သိသာ ထင်ရှားစွာ ဖော်ပြထား သောကြောင့် အော်ဖစ်ရှယ်ဝက် အမည်တပ်ရခြင်း ဖြစ်ကာ အချို့မှာ နိုင်ငံကျော် ဝက်များ ဖြစ်၍ အချို့မှာ ကမ္ဘာကျော် ဝက်များ ဖြစ်ပြီး အတော်အတန် အရာရောက် ကြသဖြင့် လူတွင်ကျယ် နည်းတူ ဝက်တွင်ကျယ်များ ဖြစ်ကြလေ၏။ နောက်တစ်ခု မှာကား တွစ်တာ၊ ဖေ့ဘုတ်တို့ ကဲ့သို့သော ဝက်များ ဖြစ်ကြကာ ကမ္ဘာ တလွှားမှ လူအများ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ကို အချင်းချင်း ဖလှယ်နှီးနှော၍ သတင်းနှင့် အတင်းကို ရောတုပ် ကုန်ကြသည့် ဝက်များဖြစ်ပြီး ဆိုရှယ်ဝက်ဟု အမည်တပ်သော် ရလေ၏။ ထိုဆိုရှယ်ဝက် တို့မှာမူကား အခြားဝက်များ နှင့်မတူ တမူထူး၍ အတော်အတန် စကားများသော၊ အရေးအရာ ကိစ္စစုံလင်သော ဝက်လည် ဝက်ရှုပ်များ ဖြစ်ကုန်၏။

ကျွန်ုပ်ထပ်မံ၍ သတိပြုမိသော ဝက်တစ်မျိုးမှာ နည်းပညာဝက် ဖြစ်၏။ ထိုဝက်တို့မှာ သူမတူအောင် နှံ့စပ် တတ်ကျွမ်း၍ အိုင်တီ နည်းပညာဆိုင်ရာ အဆင့်မြင့် ပညာရပ်များ၊ လူအများအတွက် အသုံးဝင်သည့် ဝဲပျော့ (Software) များ၊ ဝဲမာ (Hardware) များ အကြောင်းကို လက်ဆင့်ကမ်း မျှဝေသော အကျိုးရှိသည့် ဝက်များပင် ဖြစ်လေ၏။ ၎င်းတို့ကိုမူ ဝက်ပညာရှိများဟု ခေါ်သော် ရနိုင်လေသည်။ နောက်တစ်မျိုးမှာကား လူတကာနှင့် မတည့်သော ဝက်များ ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အဝတ်အစားဖိုး မတတ်နိုင်သော မိန်းမပျိုများ၊ ယောင်္ကျားပျိုများ၏ ကြည့်မတော် ရှုမတော်သော ပုံရိပ်များ၊ ဗီဒီယိုဖိုင်များဖြင့် ပြည့်နှက်၍ နေသောကြောင့်ပင်။ ထိုဝက်အမျိုးအစားမှာ 18 + ဟု ခေါ်တွင်၍ အသက် ၁၈ နှစ်ကျော် လူပျိုဘဝ ရောက်သူများမှ ကြည့်ရှုခွင့် ရှိသဖြင့် ကာလသားဝက်များဟု ခေါ်လျှင် ရနိုင်မည် ဖြစ်ပေ၏။ ထို့အပြင် ကမ္ဘာတခွင် မြန်မာတခွင် ပြဲပြဲစင်အောင် စပ်စု၍ ထိုသတင်းစုံတို့ကို ပြန်လည် ဖော်ပြသည့် ဝက်များလည်း ရှိလေ၏။ ကမ္ဘာ၏ မည်သည့် နေရာတွင် ဘာဖြစ်နေနေ လူအများ ချက်ခြင်းလိုလို သိရှိရအောင် အုတ်အော်သောင်းနင်း ဖော်ကောင်လုပ် လောဆော်သည့် ထိုဝက်များကို လော်စပီကာဝက် ဟုခေါ်တွင်လေ၏။

ထို့အပြင် ကွန်ပျူတာ စက်ထဲတွင် ထည့်သွင်း အင်စတော လုပ်၍ ဆော့စရာ မလိုဘဲ အွန်လိုင်းပေါ်တွင်ပင် ဆော့ကစားခြင်း အမှုကို ပြုနိုင်သော ဂိမ်းဝက်များလည်း ရှိသေး၏။ အနီးတွင်ရှိသော ကီးဘုတ်၊ မောက်စ်တို့ကို အသုံးပြု၍ တစ်နေကုန် တွီတွီတွမ်တွမ်ဖြင့် မျောက်ရှုံးအောင် လက်ဆော့ခြေဆော့ လုပ်နေ၍ ရသဖြင့် ၎င်းတို့ကိုကား မျောက်တူဝက်တူ ဟုခေါ်သော် ရ၏။ ထို့အပြင် ၎င်းအွန်လိုင်းပေါ်ရှိ ဝက်စာရွက် (Web Page) များတွင် ဝါသနာအရ စာရေးသားမှု ပြုကြသူတို့ကို ဝက်စာရေးဆရာများဟု ခေါ်တွင်၍ အွန်လိုင်းရှိ သတင်းဝက် များပေါ်တွင် ဖော်ပြမည့် သတင်းများ ရေးသားသူ တို့ကိုမူ ဝက်သတင်းထောက် များဟု ခေါ်တွင် လေသည်။ ထို့အပြင် ဖော်ပြပြီးအပ်သော ဝက်စာရွက် (Web Page) များ၏ အားနည်းမှု၊ လုံခြုံရေး ချို့ယွင်းမှု တို့ကို အသုံးချကာ အချက်အလက်များ ဖောက်ထွင်း ခိုးယူသူများကို Hacker (သို့မဟုတ်) ဝက်နင်ဂျာ ဟုလည်း နာမည်တပ်၍ ရနိုင်ပေ၏။

မည်သည့် ဝက်တွင်မဆို ကိုယ်ပိုင် အမည်ပေါက် နာမည်များ ရှိကြပြီး အမည်နာမ များလည်း မတူကွဲပြား ခြားနားကြလေ၏။ ဥပမာ ဆိုရသော် အော်ဖစ်ရှယ်ဝက် အမျိုးအစား ထဲတွင်ပင် သူရဿဝါဝက်၊ ရှာကီရာဝက်၊ ဂျပ်စတင်ဘီဘာဝက် စသဖြင့် အမည်ခွဲခြား ထားကြခြင်း ဖြစ်လေ၏။ ထိုဝက်များ နေစရာ နေရာအတွက်မူ ဟိုစတင်ခေါ် ကိုယ်ပိုင် ဝက်ဋ္ဌာနေ များလည်း ရှိကြသည် ဖြစ်၏။ ဤသည်မှာကား ကျွန်ုပ်လေ့လာ စပ်စုသိရှိ ထားသမျှသော ထွေလီကာလီ ဝက်ပေါင်းစုံ အကြောင်း ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးသည် နေ့စဉ်နေ့တိုင်း ဝက်ကမ္ဘာကြီး အတွင်းတွင် ပြေးလွှား လှုပ်ရှား၍ နေကြသည့် ဝက်လောကသားများ ဖြစ်ကြောင်းကို ယခုဖတ်ရှုနေသည့် ကျွန်ုပ်၏ ချစ်ခင်လှစွာသော ဝက်စာဖတ်သူများ သိရှိစေရန် ရည်သန်၍ ရေးသားပြုစုအပ်သည့် ဝက်ဋီကာကြီး ဖြစ်ပေတော့သတည်း။

သူရဿဝါ

ဩဂတ်စ် ၁ဝ ရက် ၊ ၂၀၁၁ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.facebook.com/LiteraryArtBlog

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 95 တွင် ပုံနှိပ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်)

9 comments

  • ကြောင်ကြီး

    August 11, 2011 at 10:08 am

    အင်တာနက်သတင်း စီးဆင်းမှုလမ်းကြောင်းကို ရှာဖွေဖြတ်တောက် ပိတ်ဆို့ပေသော အာဏာရှင်အစိုးရ အလိုကျ အိုင်တီပညာရှင်များကား ဝက်သတ်သမားများ ဖြစ်ပေ၏။ သူတပါး ဝက်ဘ်ဆိုက်အား ဝင်ရောက်နှောက်ယှက် သူဟက်ကာများကား ဝက်ဆိုးများဖြစ်၏။ ဝက်ဘ်ဆိုက်ထဲရှိ သတင်းအချက်အလက်များ ခိုးယူသူအိုင်တီသမားများကား ဝက်ခိုးများဖြစ်သည်။

    Reply

  • Shwe Ei

    August 11, 2011 at 10:23 am

    cyber bullying လုပ်သူများကား ဝက်ရူးပျံ သူများဖြစ်ကြသည်။

    Reply

  • icecube

    August 11, 2011 at 10:30 am

    ဟိုဖြတ်ဒီဖြတ် ဟိုပိတ်ဒီပိတ် လုပ်သော ဝက် အာဏာရှင်များ နောက်ဘဝ မှာ ဝက်ခြံထဲ အပုပ်အသိုးစားရပီး
    အသွားထက်ထက်နဲ့ဒါးကိုစောင့်နေရသောဘဝမျိုးသို့ ရောက်စေသတည်း။
    ဗိုင်းရပ်စ် ပို့ပေးသော ဝက်ဆိုးများ ဝက်နားရွက်ပြာရောဂါ ဖြင့်သေကျေကြစေသတည်း။
    ဝက်ကမ ္ဘာကြီးအတွင်းမှ ဝက်လောကသားများသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့်
    ဝက်ခြံတွင်းမှ ထွက်၍ ဝက်စာရွက် (Web Page) များစွာ လှန်လှော လေ့လာနိုင်ကြစေသတည်း။

    Reply

  • researcher

    August 11, 2011 at 2:03 pm

    သူ ရ ဿ ဝါ ရဲ့ အရေးအသားကို သဘောကျတယ်။ သရော်စာ အမျိုးအစားမျိုးလို့ပြောရမယ်ထင်တယ်။ ကြိုက်တယ်..။ အရေးအသားကို…။

    Reply

  • pan pan

    August 11, 2011 at 3:01 pm

    တို့ကတော့ ဝက်အလှပြင်ရတာ ဝါသနာပါတယ်
    ဒေတာဘေ့တော့ မသုံးချင်ဘူး
    ဝက်ကလေးအရောင်ခြယ်ရုံပဲ
    ဝက်ခြံရဲ့ကျန်တဲ့ကိစ္စတွေ မလုပ်ချင်တော့ဘူး 😛

    Reply

    • Thu Ra Tha Wah

      August 12, 2011 at 11:18 am

      Web Designer (ဝက်အလှဖန်တီးရှင်) ပေါ့လေ

      Reply

      • pan pan

        August 12, 2011 at 12:02 pm

        ဟုတ်ကဲ့
        လောလောဆယ်တော့ ပရိုဂရမ်မာလုပ်နေပါတယ်
        အားရင်အားသလို တခြားဝက်ခြံက ဝက်တွေကြည့်ပြီးတော့
        ဝက်ကလေးတွေကို စမ်းသပ်အလှပြင်ပါတယ်

        Reply

  • nature

    August 11, 2011 at 11:26 pm

    ဒါဆို သူကြီးက ဝက်ထိန်းပေါ့။ ရွာထဲမှာ ဝက်ဘယ်နှစ်ကောင်လောက်ထိန်းနေရလဲမသိဘူး။ တော်ကြာ မကြေနပ်တဲ့ဝက်တွေကို ဝက်သားကင်လုပ်စားနေဦးမယ်။

    Reply

Leave a Reply

Your email address will not be published.