ကျွန်ုပ်တို့ တကယ်ချစ်နေတာ ဘာလဲ (အပိုင်း ၁)

True AnswerJuly 31, 20111min08

ရာထူး၊ အာဏာ၊ ငွေ ကို တန်ဖိုးထားစွဲလန်းနေသူများ၊ လောင်းကစား၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး များအပေါ် စွဲလန်းကာ ထိုအရာများ မသုံးရ၊ မစွဲရ လျှင် မနေနိုင်အောင် ဖြစ်နေကြသူများ၊ မိမိ စွဲလန်းနေသော ထိုအရာများ ဆုံးရှုံးရမှာ မသုံးစွဲရမှာ စိုးရိမ်၍ ကြီးစွာသော သောကဖြင့် မလုပ်သင့် မလုပ်ထိုက် သော အကုသိုလ်များကို ပြုလုပ်ကြသူများ ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။

တကယ်တော့ ထိုသူများဟာ ရာထူး၊ အာဏာ၊ ငွေ၊ မူးယစ်ဆေးဝါး တို့ကို အမှန်တကယ်ချစ်မြတ်နိုးခြင်းမဟုတ်ပါ။ မိမိရဲ့ ခံစားချက်ဝေဒနာ Feeling / perceptions/ sensations များကို ချစ်မြတ်နိုးခြင်းသာ အမှန်ဖြစ်ပါသည်။ မိမိ၏အာရုံခံစားမှုများ၊ သာယာသည်ဟုထင်သော ခံစားစရာများ (သုခဝေဒနာ) များကို ဒီရာထူး၊ အာဏာ၊ ငွေတို့က လိုအပ်လျှင် လိုအပ်သလို ဖြည့်ဆည်းပေးနိုင် မည်ဟု ယုံကြည် နေသဖြင့် ထို ရာထူး၊ ငွေ တို့ကို လိုချင်မက်မောနေကြခြင်းဖြစ်ပါတယ်။ ငွေရှိမှ စားချင်တာ စား၊ ကြည့်ချင်တာကြည့်၊ ဝတ်ချင်တာဝတ်၊ လှူချင်တာလှူ လို့ရတယ်ထင်ပြီး၊ အာဏာ၊ ရာထူးရှိမှ သူတပါးအထင်ကြီးခံရ၊ လိုချင်သောအခွင့်အရေး များရ၊ လုပ်ချင်သော အရာများလုပ်လို့ရသည်ဟု ထင်ပြီး လိုချင် မက်မောကြခြင်း ဖြစ်ပါတယ်။

ဒါတွေက ဘာကို ဖော်ပြသလဲ ဆိုရင် မိမိအာရုံခံစားမှုများ (သို့) မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့တွင်ပေါ်မည့် စိတ် ခံစားချက်ဝေဒနာများအာရုံ ခံစားမှုများအတွက် ရာထူး၊ အာဏာ၊ ငွေ ကို ချစ်နေရခြင်း ဖြစ်ပါတယ်။

စားချင်တာစားနိုင်ဖို့ဆိုတာ လျှာတွင်ပေါ်မည့် ခံစားချက်အတွက်ပါ။ တီဗွီ အကောင်းစား၊ ကက်ဆက်အကောင်းစားများ ဝယ်လို၊ ကြည့်လို၊ နားထောင်လို ခြင်းမှာ မျက်စိ၊ နား တို့ဖြင့် ခံစားနိုင်မည့် အာရုံခံစားမှုများအတွက်ဖြစ်ပါတယ်။ ဇိမ်ခံကား ကောင်းကောင်းစီးလိုခြင်းမှာ ကိုယ်ကာယဖြင့် ညက်ညောသော အတွေ့ အထိခံစားမှုများ နှင့် သူတပါး၏အထင်ကြီးခံရဖို့ ဆိုသည့် စိတ်အာရုံခံစားမှုများ အတွက်ဖြစ်ပါတယ်။

ချစ်သူမျက်နှာ တစိမ့်စိမ့်ကြည့်လိုခြင်းမှာ ချစ်သူကို ချစ်မြတ်နိုး သည်ဆိုသော်လည်း အမှန်တကယ်က ချစ်သူမျက်နှာမြင်နေရချိန်မှာ ပျော်ရွှင်ကျေနပ်နေမိတဲ့ မိမိရဲ့စိတ်၊ ချစ်သူနှင့် အတူနေရချိန် ကြည်နူး သာယာမိနေတဲ့ မိမိရဲ့ခံစားချက် ကိုသာ ချစ်နေတာပါ။ ထိုကြည်နူး သာယာမိနေသော မိမိရဲ့ခံစားချက် ထပ်တလဲလဲ ဖြစ်ပေါ်နေရေး အတွက် ချစ်သူကို တစိမ့်စိမ့် ကြည့်နေလိုခြင်း ဖြစ်ပါတယ်။ ချစ်သူ နှင့် တွေ့ရချိန် ကြည်နူးသာယာသောခံစားချက် မရပါက ချစ်သူကို တစိမ့်စိမ့် ကြည့်လိုမည် မဟုတ်ပါ။ ချစ်သူနှင့်တွေ့နေရချိန် သာယာ ကြည်နူး မိနေသော မိမိရဲ့စိတ်၊ မိမိရဲ့ ခံစားချက်များကိုသာ တွယ်တာ နေခြင်း ချစ်နေခြင်းဖြစ်ပါသည်။

မိမိခံစားချက်ဝေဒနာ၊ မိမိ-အာရုံခံစားမှု အတွက်သာ ပြင်ပ အာရုံများကို ချစ်မြတ်နိုးခြင်း ဖြစ်ပါတယ်။ အကောင်းအဆိုး ခံစားချက် ဝေဒနာများ အတွက်သာ ရာထူး၊ အာဏာ၊ ငွေ၊ တီဗွီ၊ ကား ၊ ချစ်သူ စသည်တို့ကို နှစ်သက်မြတ်နိုး နေခြင်းဖြစ်ပါတယ်။

ဒါတကယ်ဟုတ်မဟုတ် မိမိနာမကျန်းဖြစ်သောအခါ (သို့မဟုတ်) အကြောင်း တစုံတရာကြောင့် အာရုံခံအင်္ဂါတစ်ခုခု ချွတ်ယွင်းသွားသောအခါ ထို ရာထူး၊ ငွေ၊ တီဗွီ ကား တို့ဟာ အလကား ဖြစ်သွားရပါတယ်။ အမြင်အာရုံ-မခံစားနိုင်သူအတွက် တီဗွီ၊ ရုပ်ရှင်၊ ပြဇာတ်၊ ကပွဲတို့ ဟာ နှစ်သက်စရာ မဟုတ် တော့ပါဘူး။ မိမိ အိပ်ရာပေါ်လဲချိန် ခံစားစရာအာရုံတို့အပေါ် မခံစားနိုင်ချိန် ထို-ရာထူး၊ အာဏာ၊ ငွေ၊ ဇိမ်ခံပစ္စည်းတို့ ဟာ မြတ်နိုးစရာမဟုတ်တော့ပါ။

ကျွန်ုပ်တို့ အိမ်မွေးတိရစ္ဆာန်လေး၊ ကြက်တူရွေး၊ ရွှေငါးစသည်များကို တယုတယ ချစ်မြတ်နိုးစွာ မွေးမြူကြသူ များကို တွေ့ဖူးကြပါတယ်။ တကယ်တော့ သူတို့ဟာ ထို တိရစ္ဆာန်လေးများကို ချစ်မြတ်နိုးခြင်းမဟုတ်ပါ။ မိမိ ခံစားချက်များ (feeling/perception) ကို မိမိမြတ်နိုးနေခြင်းသာ ဖြစ်ပါတယ်။ ထို ကြက်တူရွေး၊ ငါးကလေး တို့ကို ကြည့်နေ-မြင်နေရချိန် ပျော်ရွှင်နေသည့် မိမိစိတ်ခံစားချက်များကိုသာ နှစ်သက် မြတ်နိုးမိနေ ကြခြင်း ဖြစ်ပါသည်။ ကြက်တူရွေးလေးရဲ့ လှပသောအရောင်အသွေး၊ ရွှေငါးကလေး တို့ ရေထဲကူးခတ်နေပုံ တို့ကို ကြည့်နေရ မြင်နေရသည်ကို ကျွန်ုပ်တို့ နှစ်သက်နေသည်။

အမှန်က ထို တိရစ္ဆာန်လေးများကို ကြည့်နေရ မြင်နေရချိန်-ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များကိုသာ ကျွန်ုပ်တို့ ချစ်မြတ်နိုးနေခြင်း ဖြစ်ပါတယ်။ တိရစ္ဆာန်လေး များကို ကျွန်ုပ်တို့ တကယ် မချစ်ပါ။ တကယ်ချစ်လျှင် လှောင်အိမ်၊ မှန်အိမ် အတွင်းမှာ တိရစ္ဆာန်လေးများကိုု ပိတ်လှောင်မထားဘဲ သူတို့ရဲ့သဘာဝနေရာ၊ သူတို့၏အဖော်များ ရှိရာ သို့ သွားရောက်ခွင့် လွတ်လပ်ခွင့် ရှင်သန်ခွင့်ပေးပေလိမ့်မည်။

ထို့အတူ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးစွဲ ကြသူများမှာ လည်း ထို အရာများကို မြတ်နိုးခြင်းမဟုတ်ပဲ ထိုအရာများ သုံးစွဲရသောအခါ ဖြစ်ပေါ်လာသည့် ယစ်မူးသောအရသာ ခံစားချက်များကိုသာ ((မိမိ ခံစားရသည်-ငါ ခံစားရသည် (သို့) ခံစားချက်ဝေဒနာများကို တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိအဟုတ်ထင်ကာ အတည်ယူလျှက်)) မြတ်နိုးမိခြင်း ဖြစ်ပါသည်။

ဆိုလိုတာကတော့ တစ်လောကလုံး မိမိ စိတ်ခံစားချက် (ဝေဒနာများ) အတွက် လှုပ်ရှား ယှဉ်ပြိုင်နေကြပါတယ်။

ရာထူး၊ အာဏာ၊ ငွေ အတွက် တကယ်တော့ မဟုတ်ပါ။ ဘယ်လောက်တန် တီဗွီ၊ ဘယ်လောက်တန်ကား၊ ဘယ်လောက်တန်အိမ်၊ ဘယ် လောက်တန်အစားအစာ စသည်ဖြင့် တစ်ချိန်နှင့် တစ်ချိန်မတူအောင် ဆန်းသစ်နေသော ခေတ်မီနေတယ် ဆိုသော ဇိမ်ခံပစ္စည်းအမျိုးမျိုးကို ဈေးကွက်မှာ တွေ့ရှိ ထုတ်လုပ် ယှဉ်ပြိုင် ဝယ်ယူ ရောင်းချ နေကြတာဟာ ဒီခံစားမှုဝေဒနာတွေ feeling/perception/sensations အတွက်ပါ။ အာရုံခံစားမှု တွေအတွက်ပါ။ တလောကလုံး ယောက် ယက်ခတ်နေတာ ဒီခံစားမှုဝေဒနာ အတွက်ပါ။

ဘဝမှာ လောဘ ၊ ဒေါသ၊ သောက၊ မနာလိုမှု၊ ဝန်တိုမှု၊ စိတ်ဆင်းရဲမှု၊ ဂုဏ်တုဂုဏ်ပြိုင်မှု၊ မာနကြီးမှု၊ အားငယ်မှု၊ သိမ်ငယ်မှု၊ ပြေးလွှား နေရမှု၊ ဘုရားစုံလိုက်ပြီး မမောနိုင်-မဆုံးနိုင် ဆုတောင်းနေရမှု၊ နားချိန်မရ အရေးကြီးပြီးရင်း ကြီးနေကြတာဟာ ဒီခံစားမှုဝေဒနာ feeling တွေအတွက် ပါ။ သာယာသောအာရုံခံစားမှုများ ပြည့်ပြည့်စုံစုံ ခံစားနိုင် ရေး၊ မကောင်းသော-ဆိုးသော ခံစားချက်များ ပေါ်ပေါက် မလာရေးအတွက်ပါ။

ဆက်လက်ဖော်ပြပါမည်။

8 comments

  • naywoonni

    July 31, 2011 at 6:21 pm

    လူဆိုတာ (သတ္တဝါ ဆိုတာက ) ကိုယ့်ကိုကိုယ် အချစ်ဆုံးပါပဲ..။ ကျန်တဲ့အရာတွေကိုချစ်တယ်ဆိုတာက သူ့အကျိုးတစ်ခုခု ရှိနေလို့ပါ..။ အကျိုးလိုလို့ ညောင်ရေလောင်းဆိုတဲ့ စကားက ဒါကြောင့်ပေါ်လာတာပေါ့…။

    Reply

  • mandalarthu

    July 31, 2011 at 9:34 pm

    Thanks for sharing this idea .We sometime forget that whom we really love.In reality,we love ourselves more than others.We are always finding to have with pleasant feelings and sensations that we fond of.Mostly ,we forget that reality.
    Now,yr sharing can warm us the reality of that and it gives us not to lose our way while walking to our goal in life.Million Thanks..,my frd.

    Reply

  • ကြောင်ကြီး

    August 1, 2011 at 11:31 am

    ဒီစာဖတ်ရတော့ မားကတ်တင်းသဘောတခုကို သွာသတိရတယ်။ ပစ္စည်းတခုရောင်းတယ်ဆို အဲဒီပစ္စည်းကိုရောင်းတာမဟုတ်ဘဲ သူ့ရဲ့အသုံးဝင်မှု၊ ဝယ်သူရဲ့လိုအင်ဆန္ဒကိုဖြည့်တာဆိုတာပါ။ ဝယ်သူက မော်တော်ကားကြီးကို ဝယ်တာမဟုတ်ဘဲ သယ်ယူပို့ဆောင် သို့မဟုတ် စီးနင်းသွားလာ သို့မဟုတ် ဇိမ်ခံ သို့မဟုတ် ဂုဏ်ဒြပ်အတွက် ဝယ်တာဖြစ်လို့ ဝယ်သူရဲ့ အမြင်ခံစားမှုပေါ် မူတည်ပြီး ဈေးကွက်တည်ဆောက်ကြတယ်တဲ့…။ ဆရာကြီးရွှေဥဒေါင်းပြောသလိုပေါ့နော် ရုပ်နာမ်သဘောကို အနောက်တိုင်းစိတ်ပညာရှင်တွေလည်း သူ့နည်းသူ့ဟန်နဲ့လေ့လာကြ၊ သိရှိနားလည်ကြတာပါပဲ၊ ဒါပေမယ့် သစ္စာမထိုက်လေတော့ ပညာမဖြစ်ဖူးပေါ့။ ဘာရယ်မဟုတ်ပါဘူး အတ္တဝါဒီသဂျီး အလန့်တကြားဖြစ်သွားမလားလို့ ဗျောက်အိုးဖောက်ကြည့်တာပါ…။

    Reply

  • pan pan

    August 1, 2011 at 11:47 am

    ဘယ်သတ္တဝါပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ့်အချစ်ဆုံးပဲ
    ကိုယ့်ထက်သူများကို ပိုချစ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်ချစ်တာကနေဖြစ်လာတာပဲ
    လူတိုင်း ဘာကိစ္စဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ကနေ အခြေတည်ပြီး စဉ်းစားကြတာ

    Reply

  • True Answer

    August 6, 2011 at 9:30 am

    ဟုတ်ပါတယ် ကို pan pan ကိုယ့်ကိုကိုယ်အချစ်ဆုံးဖြစ်တယ်လို့ အပြောအားဖြင့် ပြောသော်လည်း တကယ်တော့ စိတ်ခံစားချက် (ဝေဒနာ)တွေကို ချစ်နေခြင်းပါ။
    နောက်တဆင့်အနေနဲ့ အဲဒီလို စိတ်ခံစားချက်တွေကို အဟုတ်ထင် ငြိတွယ် – အတည်ယူ – ဆုပ်ကိုင်နေခြင်း ဦးစားပေးနေခြင်းဟာ တကယ့်ကို အလှည့်စားခံနေရပါလားလို့ နားလည်သဘောပေါက်လာဖို့ အဓိကလိုအပ်ပါတယ်။

    Reply

  • manawphyulay

    October 29, 2011 at 2:43 pm

    ဘဝမှာ လောဘ ၊ ဒေါသ၊ သောက၊ မနာလိုမှု၊ ဝန်တိုမှု၊ စိတ်ဆင်းရဲမှု၊ ဂုဏ်တုဂုဏ်ပြိုင်မှု၊ မာနကြီးမှု၊ အားငယ်မှု၊ သိမ်ငယ်မှု၊ ပြေးလွှား နေရမှု၊ ဘုရားစုံလိုက်ပြီး မမောနိုင်-မဆုံးနိုင် ဆုတောင်းနေရမှု၊ နားချိန်မရ အရေးကြီးပြီးရင်း ကြီးနေကြတဲ့ လောကကြီးထဲက ရုန်းထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။

    ခုထိတော့ ဒီတောထဲမှာပဲ တဝဲလည်လည်ဖြစ်နေမိသေးတယ်။ တစ်ခါတလေ အများနဲ့တစ်ယောက် ဘယ်သူမှားပြီး ဘယ်သူမှန်နေလဲဆိုတာတွေလည်း မစဉ်းစားချင်တော့ဘူး။ အေးအေးဆေးဆေးပဲနေချင်နေမိတယ်။

    Reply

  • KMN

    October 29, 2011 at 4:04 pm

    True Aswer မှန်ကန်ကြောင်းလက်ခံပါသည်။ ဘာဖြစ်လို့ဆိုတော့ ကျနော်တောင်မှ လွန်ခဲ့သော 1လလောက်
    ကမှ ပါမောက္ခချုပ်ဆရာတော်အရှင်နန္ဒမာလာဘိဝံသ ၏ တရားတော်ကို ကြားနာမိကာမှ သဘောပေါက်သွား
    မိခြင်းဖြစ်။
    ဒါပေမဲ့ အပြောလွယ်သလောက် အလုပ်ခက်တယ်ဗျ၊ ကျနော်တို့တတွေဟာ ဒီအာရုံတွေကိုအရမ်းခုံမင်နေ
    ကြလေတော့၊ လောကကြီးမှ ရုန်းမထွက်နိုင်ပဲဖြစ်နေလေရဲ့။

    Reply

  • True Answer

    November 2, 2011 at 8:04 am

    ဟုတ်ပါတယ် ကို KMN ဒါ့ကြောင့် နောက်အပိုင်းပို့စ်တွေမှာ ဒီအာရုံတွေကိုအရမ်းခုံမင်နေ
    မှုကို ဝိပဿနာပညာဖြင့် စွန့်ရပုံ၊ ထိုသို့ စွန့်နိုင်လေလေ ၊ အများအကျိုးကို စောင်ရွက်နိုင်လေလေဆိုတာကို ဆက်လက်ရှင်းပြထားပါတယ်။

    Reply

Leave a Reply

Your email address will not be published.