အန်အယ်ဒီကွဲထွက် ၂၈ ဦး ပါတီထောင်

BayoteMay 7, 20101min02

သဘောကွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၂၈ ဦးက ပါတီသစ်တရပ် ထူထောင်ပြီး ရွေးကောက်ပွဲ ဝင်သွားရန် ယနေ့ ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲဥပဒေများကို မကြိုက်၍ NLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ခြင်းကို မကျေနပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ၄ ဦးဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်နှင့် ဦးသိန်းညွန့်၊ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း ၃ ဦးဖြစ်သည့် ဦးစိန်လှဦး၊ ဦးစိုးဝင်း၊ ဦးသန်းဝင်းတို့ အပါအဝင် ၂၈ ဦးသည် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်တွင် ဆွေးနွေးခဲ့ပြီးနောက် ပါတီထောင်ရန် ဆုံးဖြတ်လိုက်ကြသည်ဟု ဆိုသည်။

ပါတီကို ”အမျိုးသား ဒီမိုကရေစီ အင်အားစု” (National Democratic Force) ဟု အမည်ပေးထားပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ရ ဦးက ဦးဆောင်ကာ လက်ရှိ အဖွဲ့ဝင်ပေါင်း ၂၈ ဦး ရှိနေကြောင်း သိရသည်။ သို့သော်လည်း ပါတီဖွဲ့စည်းပုံကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

“ကျနော်တို့အနေနဲ့ ပါတီတခု တည်ထောင်ဖို့ သဘောတူညီတဲ့ အစုအဖွဲ့လေးတခုအနေနဲ့ ပါတီတောင်မယ်ဆိုတဲ့ သဘောထားတရပ်တော့ ကျသွားပါပြီ” ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခုနှစ်တွင် NLD က ဒီမိုကရေစီနိုင်ငံ တည်ထောင်ပေးမည်ဟု ပြည်သူကို ပေးခဲ့သည့်ကတိအား ဆက်လက်၍ အကောင်အထည်ဖော်သွားရန်၊ NLD အား မဲပေးလိုသည့် မဲဆန္ဒရှင်များအတွက် NLD ပါတီဝင်များအား ဆက်လက်စုစည်းထားနိုင်ရန်နှင့် တရားဝင် ပါတီအဖြစ် ရပ်တည်ကာ နိုင်ငံရေးကို တရားဝင် လုပ်ကိုင်ရေးအတွက် ရည်ရွယ်ကြောင်း ဒေါက်တာသန်းငြိမ်းက ပြောသည်။

နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခြင်းကို ယခုလလည်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ပါတီရုံးခန်းကို လမ်းမတော်မြို့နယ်တွင် ငှားရမ်းထားပြီး မကြာမီ ရုံးခန်းဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Source : Mizzima

2 comments

  • susunosuki

    May 12, 2010 at 8:27 am

    ပါတီထူထောင်တယ်ဆိုတော့
    ဒေါ်အောင်ဆန်းစုကြည် ရဲ့သဘောထားကို တိုက်ရိိုက်ဆန့်ကျင်တာပေါ့

    Reply

  • Sayagyi

    May 25, 2010 at 7:15 am

    NLD ရော NDF ရော ဒေါ်စုမပါရင် ပြည်သူတွေထောက်ခံမှာ မဟုတ်ဘူး။
    လက်ရှိ NLD တွေ ဒေါ်စုအပေါ်မှာ မှီခိုလွန်းအားကြီးတာ မကောင်းပါ။ အဲဒါကNLD ကိုချောင်ပိတ်မိပြီး အနှစ်နှစ်ဆယ်လုံးဘာမှမလုပ်နိုင်ပါ။ NDF ကလည်း ဒေါ်စုကိုဆက်လက်မှီခိုနေမယ်ဆိုရင်တော့ ထူးမခြားနား NLD ပဲဖြစ်သွားမယ်။

    Reply

Leave a Reply

Your email address will not be published.