သူရဿဝါနှင့် Cyber Bullying

သူရႆဝါJune 30, 20114min04

“သူရဿဝါနှင့် Cyber Bullying”


ဒီတစ်ခေါက် ကျွန်တော် ရေးချင်တာက Cyber Bullying အကြောင်း။ Bully ဆိုတာ လူတစ်ဦးက အခြား တစ်ဦးကို အနိုင်အထက် ပြုတာ၊ အနိုင်ကျင့် ခြိမ်းခြောက်တာလို့ ယေဘုယျ အဓိပ္ပါယ် ဖွင့်လို့ ရသည်။ ဒီတော့ Cyber Bullying ဆိုတာက ကျွန်တော်တို့ ကျင်လည် ကျက်စားလေ့ ရှိသည့်၊ ကိုယ့်အိမ် ကိုယ့်ယာ ပမာ သဘောထားသည့် ဖန်ကြိုးမျှင် ဆက်သွယ်ရေး လောကကြီး အတွင်းရှိ Account တစ်ခု ID တစ်ခုကို ကျန် Account တစ်ခု (သို့မဟုတ်) Account အစုအဖွဲ့ တစ်စုက အင်တာနက် ဆက်သွယ်ရေးကို ကြားခံထားပြီး အွန်လိုင်း အနိုင်ကျင့်မှု ပြုလုပ်တာ၊ အွန်လိုင်း အကြမ်းဖက်မှု ကျူးလွန်တာလို့ ပြောလို့ရမည် ထင်၏။ ကျွန်တော်တို့ ဆီမှာတော့ အတော်များများက Cyber Bullying အကြောင်း သေသေချာချာ အကျွမ်းတဝင် မသိရှိ ကြသေး။ ဘာပဲဖြစ်ဖြစ် တခါတလေမှာ ဘာမှမသိတာက သိထား တာထက် ပို၍ နေသာထိုင်သာ ရှိနေတတ်လေသည်။

တကယ်တော့ Bully ဆိုသည့် ဝေါဟာရ ကသာ ကျွန်တော်တို့နှင့် သိပ်မရင်းနှီးတာပါ။ အနိုင်အထက် ပြုမှု၊ ကြီးနိုင် ငယ်ညှင်းမှု ဆိုသည့် အမူအကျင့် မျိုးကတော့ ကျွန်တော် တို့နှင့် သိပ်ပြီး မစိမ်းကား လှဘူး မဟုတ်လား။ ခပ်ငယ်ငယ် နှာရည် တရှုံ့ရှုံ့ စွပ်ကျယ် အပေါက်လေး ဝတ်ပြီး လမ်းတကာ ဂေါ်လီလှည့်ရိုက်၊ ဖိနပ်ပစ် ကစားခဲ့သည့် ကလေး ဘဝ ကတည်းက ကိုယ့်ထက် အငယ်တွေနဲ့ ကစားရင် စည်းခိုးတာတို့၊ ပေါ်တင် ညစ်တာတို့ လုပ်ခဲ့တာ တွေကလည်း Bully တစ်မျိုးပါပဲ။ ကျောင်းတက်သည့် အရွယ် ကျောင်းစာသင်ခန်း အတွင်းမှာ ကျတော့ရောတဲ့။ ကိုယ်သိပ်ပြီး ကြည့်မရတဲ့ ကောင်ဆိုလျှင် မှတ်ထားပြီး မုန့်စားဆင်းလို့ သူလစ်တဲ့ အချိန်မှာ သူ့ဗလာစာအုပ်ရှိ သူစာရေးမည့် စာမျက်နှာ အပြည့် “ငပေါကြီး” ဟု ရေးခဲ့ပြီး ကိုယ်မဟုတ်သလို ပြန်နေလိုက် တာပဲ။ သူပြန်တွေ့လို့ ဆရာမ သွားတိုင်လည်း မမှု၊ ဘယ်မှုမလဲ … စရေး ကတည်းက လက်ရေးဖျက် ရေးခဲ့တာကိုး။ သင်း ယမ်းပုံမီးကျ ဒေါသထွက် တာကို ဒူးနန့်ပြီး ထိုင်ကြည့်နေရုံ။ ဒါလည်း ခိုးကြောင်ခိုးဝှက် စိတ်ဒုက္ခ ပေးနည်း၊ အနိုင်ကျင့်နည်း တစ်မျိုးပဲ .. Bully လုပ်ခြင်းပဲ ဖြစ်သပေါ့။

အထက်မှာ ပြောခဲ့တာ တွေက ပြင်ပ လောကမှ Bully လုပ်သည့် ကိစ္စတွေ၊ အဲဒီ အမူအကျင့်တွေ၊ စကားလုံး တွေကို ကျွန်တော်တို့၏ ဒုတိယ ကမ္ဘာ ဖြစ်နေသည့် အင်တာနက် လောကထဲ ဆွဲသွင်း လာကြသည့် အခါ … အဲဒါမျိုးကို Cyber Bullying ဟု ခေါ်သည်။ နိုင်ငံတကာမှာ အခုဆိုလျှင် Cyber Bullying Crime တွေ တဖြည်းဖြည်း များပြား လာပြီ ဖြစ်သလို အဲဒီအတွက် တားမြစ်သည့် ဥပဒေ တွေတောင် ထုတ်နေကြပြီဟု ဖတ်ရ မှတ်လိုက် ရဖူးသည်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီစကားလုံးကို တော်ရုံတန်ရုံ အင်တာနက် သုံးသူများ မသိကြ သေးသလို Cyber Bullying ပြုလုပ်သည့် ကိစ္စမျိုး တွေနှင့်လည်း တော်ရုံ မကြုံဖူး ကြသေးပါ။ ကိုယ်က အမှုမဲ့ အမှတ်မဲ့ ပြုလုပ်ခဲ့ပြီး ကိုယ်ပြုခဲ့သည့် ကိစ္စက Cyber Bullying ပြုလုပ်သည့် အဖြစ်သို့ ရောက်နေမှန်း မသိကြ တာလည်း ဖြစ်နိုင်၏။

အောင်မယ် .. Cyber Bullying လုပ်တာပဲ။ အွန်လိုင်းမှာ ကိုယ်မကျေနပ်တဲ့သူ၊ ကိုယ်က ဒုက္ခပေးချင်သည့် သူကို စာတွေရေး၊ E-mail ပို့ပြီး ခြိမ်းခြောက် တာပဲ … အလုပ်ခံရသူက ဘာကြောက်စရာ ရှိသလဲ .. တွေးကြပါလိမ့်မည်။ သေချာ စဉ်းစား ကြည့်ပါ။ လူကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက် အနိုင်ကျင့်၍ လက်လွန် သွားလျှင် ခံရသူမှာ ခြေကျိုး လက်ကျိုး၊ လူဒုက္ခိတ ဖြစ်နိုင်သလို စိတ်ကို အနိုင်ကျင့် ခံရတော့ စိတ်ကျိုး၊ စိတ်ဒုက္ခိတ၊ စိတ်လေတစ်ခြမ်း ဖြတ်တာမျိုး မဖြစ်နိုင် ဘူးလို့ ဘယ်သူ ပြောရဲသလဲ။ ခြေကျိုး၊ လက်ကျိုး၊ ဒုက္ခိတဖြစ်၊ လေဖြတ် သွားလျှင် ဆေးကု၍ ဆေးထိုး၍ ရသည်။ စိတ်ကျိုး တာတို့၊ စိတ်လေဖြတ် တာတို့ ကျတော့ ဘယ်လို ပြန်ဆက် ကြမလဲ။ သူရဿဝါ ကိုယ်တိုင် မဟုတ် သော်လည်း ပွဲကြည့် ပရိသတ် အနေနှင့် အဲဒါမျိုး ကြုံဖူးပါသည်။

တစ်ခါသားပေါ့ … ပြည်တွင်း အားကစား ဝက်ဘ်ဆိုက် တစ်ခုထဲရှိ ဆောင်းပါး အောက်တွင် ထိုဆိုက်ထဲရှိ User များ သူ့အသင်း ကောင်းသည်၊ ကိုယ့်အသင်း သာသည် ဆိုတာကို စာဖြင့် အပြိုင်အဆိုင် တစ်လှည့်စီ ငြင်းကြရင်းမှ မခံမရပ်နိုင် ဖြစ်လာသည့် တစ်ယောက်သော သူက နောက်တစ်ယောက်ကို “ငါလုပ်ထည့်လိုက်ရ .. သေသွား ချင်လို့လား .. မင်းက” ဟု မှတ်ချက်ရေး (Comment ပေး) ၏။ ဒါလည်း Cyber Bullying ပဲ။ အပြောခံရသည့် သူကရော ငြိမ်ခံနေမည် မထင်ပါနှင့်၊ အားကျမခံ ပြန်ပြီး Bully ပြန်လုပ်၏။ “အောင်မာ .. ငါ့ကို မင်းသတ်တော့ .. မင့်နှမလေး မုဆိုးမ ဖြစ်သွား မှာပေါ့” ဟူသတတ်။ ဪ … စာနှင့် ခြိမ်းခြောက်တာ .. အိမ်က ညီမလေးတောင် မနေရ။ အပြောခံ ရသူတော့ ဘယ်လို နေမည် မသိ … ကျွန်တော့်မှာ “သူ့ညီမလေးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားရင် သနားစရာ .. ဘယ်လို နေရှာမလဲ” ဟု ကြားထဲက ဝင်ပြီး စိတ်ဆင်းရဲ နေမိ၏။ ဘောလုံး အကြောင်း ငြင်းခုံရာက ဘာမဆိုင် ညာမဆိုင် သမီး ယောက်ဖ ကိစ္စတွေပါ ပါလာသည်။ သူတို့ နှစ်ယောက် ကတော့ အချင်းချင်း Cyber Bullying လုပ်မိ နေတာကို သိလိုက် မှာတောင် မဟုတ်ပါ။

ခုနက ပြောသလို မဟုတ်ဘဲ တစ်ဖက်သားကို ရည်ရွယ်ချက် ရှိရှိဖြင့် Cyber Bullying လုပ်သူတွေလည်း ကျွန်တော်တို့ နိုင်ငံမှာ ရှိနေနိုင် တာပါပဲ။ အရေအတွက် နည်းလို့၊ သိပ်မကြုံ ကြသေးလို့သာ သိပ်ပြီး မသိကြတာ ဖြစ်လိမ့်မည်။ သူရဿဝါ ကတော့ အဲဒါတွေ အကြောင်းကို သေသေချာချာ ကြီးကို သိပါသည်။ သိဆို … နေ့တိုင်း နေ့တိုင်း Cyber Bullying လုပ်ကြခြင်းကို ကျွန်တော် ခံနေရတာကိုး။ ခံရတာမှ တစ်နေကုန် Bully ခြင်းကို ခံရပါသည်။ အင်းလေ .. အပင်မြင့် တော့လည်း လေတိုက် ခံရပေမပေါ့။ မယုံမရှိ ကြပါနှင့် .. တကယ်ပါ။ မနက် ရုံးရောက်လို့ အင်တာနက် လေလှိုင်းပေါ် သူရဿဝါ ရောက်လာပြီ ဆိုတာနဲ့ စာဖတ် ပရိသတ် ကောင်မလေး အတော်များများ Bullying လုပ်ကြ ပါတော့သည်။

“သမီး မနေ့ကလေ အစ်ကို့ ဖေ့ဘုတ်ထဲ ရောက်တယ် … အစ်ကို့ ဓါတ်ပုံတွေလည်း ကြည့်ခဲ့တယ် … ကိုသူရဿဝါကြီး ခန့်ချက် ..” ဆိုတာက တစ်မျိုး၊ “Netguide မှာ ရေးတဲ့စာတွေ ဖတ်ရတယ် ကိုကြီးရေ … သိပ်ကောင်းတာပဲ …. ဝမ်းနည်းပြီး ငိုရလွန်းလို့ မျက်ရည်တောင် ရေသန့်ဘူး နှစ်လုံးစာ ကျတယ် .. ဟိဟိ” ဆိုတာက တစ်ဖုံပေါ့။ အော် .. သရော်စာ ရေးပါတယ် ဆိုနေမှ ကလိတိတိ ပြုံးစိစိ မဖြစ်ဘဲ ဝမ်းနည်း မျက်ရည် ကျတယ် ဆိုတော့ ကိုယ်ရေးတာက သူ့ကို ဘယ်နေရာ သွားမှန်သည် မသိ။ ဒါက ကိစ္စမရှိပါ။ အခုနကလို ကိုသူရဿဝါကြီး ချောလိုက်တာ .. ခန့်လိုက်တာ .. ကျက်သရေ ရှိလိုက်တဲ့ မျက်နှာပေးကြီး စသဖြင့် ကောင်မလေးများ အချိန်နှင့် တပြေးညီ လာလာ ပြောနေကြတော့ ကိုယ့်မှာ စိတ်ထဲ မလုံမလဲ ဖြစ်ရသည်ပေါ့ .. .အဟဲဟဲဟဲ။ ကိုယ့်ကိုယ်ကို ခန့်မှန်း ချောမှန်း အသိသားပဲ .. ဒါကို မရိုးနိုင်အောင် အထပ်ထပ် လာလာ ပြောနေတော့ ကိုယ့်များ လာရွဲ့ နေသလားဟု ကြာတော့ စိတ်ထဲ မသိုးမသန့် ဖြစ်လာသည်။ အမြဲတမ်း ဒီလိုဆိုတော့ ကိုယ့်ကို အွန်လိုင်းရှိ ကောင်မလေးများ Cyber Bullying လုပ်သည်ဟု ထင်လာသည်။

၎င်း Cyber Bullying အကြောင်းကို သေသေချာချာ ပြည့်ပြည့်စုံစုံ ရေးချင်လှ ပါသော်လည်း အချိန် မအားလပ် တာက တစ်ကြောင်း၊ ဘာမှမသိ၍ ရမ်းသမ်း ရေးရတာ ဖြစ်၍ တစ်ကြောင်း တို့ကြောင့် ယခုလောက်ပဲ ရေးပြ နိုင်ပါသည်။ အဆိုးဆုံး ကတော့ ဒီစကားလုံးနှင့် ဒီအကြောင်းအရာ တွေကို သိထားတော့ အွန်လိုင်းမှာ ဘာလေးပဲ ကြုံလာလာ ဒါကြီးနှင့် ယှဉ်၍ စဉ်းစားပြီး ကိုယ့်ကိုများ Cyber Bullying လုပ်သလား၊ ကိုယ်ကများ Cyber Bullying လုပ်ခဲ့ မိလေ သလားဟု တွေး၍ စိတ်ဒုက္ခ ရောက်နေ ရတာနဲ့ကို စာကောင်းကောင်း မရေးဖြစ်တော့။ ဒါကြောင့် ဒီဆောင်းပါး အစမှာ ပြောခဲ့တာပေါ့။ တခါတလေကျ … ဘာမှမသိတာက ဟိုစပ်စပ် ဒီစပ်စပ် သိနေတာထက်စာလျှင် ပိုပြီး နေသာထိုင်သာ ရှိနေတတ် ပါတယ်လို့ … ။

သူရဿဝါ
ဇွန်လ ၃ဝ ရက် ၊ ၂၀၁၁ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.facebook.com/LiteraryArtBlog
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 89 တွင် ပုံနှိပ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်)

 

4 comments

  • windtalker

    June 30, 2011 at 10:26 am

    အေးဗျာ စဉ်းစားစရာ တော့ ဖြစ်ရပါပြီ ။ ဘာပဲဖြစ်ဖြစ် cyber buylling ဆိုတာ ကို အခုလို သိရှိခွင့်ရအောင် ရှင်းပြပေးလို ့ကျေးဇူးတင်ပါတယ် ဗျာ ။

    Reply

  • padonmar

    June 30, 2011 at 3:12 pm

    ကိုသူရ ၊ဟိုတစ်ခါရေးသလို ကွန်ပျူတာ တစ်နေ့လုံး clean လုပ်နေသလို ဖြစ်အုံးမယ်နော်။Bully လုပ်မိသလားလို့ စိတ်ညစ်ပြီး အင်တာနက်နဲ့ ဝေးနေမယ်။

    Reply

  • nature

    June 30, 2011 at 3:19 pm

    ပန်းချီလေးကမိုက်တယ်ဗျာ။အဓိပါယ်လဲရှိတယ်။

    Reply

  • ဆူး

    June 30, 2011 at 3:31 pm

    ကာတွန်း စိတ်ကူးကတော့ ရှယ်ပဲ လန်ထွက်နေတာပဲ.. ကြူကြူတွေ များတဲ့ ခေတ်မှာ ဒါမျိုးပါပဲ..
    ကောင်လေးနဲ့ ကောင်မလေး ချစ်ကြိုက် ကွဲ.. အဲဒီအခါမှာလည်း တဖက်သား ခံစားရတော့ Cyber Bullying ဖြစ်ပြန်ကော..

    Reply

Leave a Reply

Your email address will not be published.