၂၀၁၁ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ရံပုံငွေရှာပွဲ (NY)

OLYMPUS DIGITAL CAMERA

ယနေ့ မေလ(၁) ရက် ၂၀၁၁ခုနှစ် တနင်္ဂနွေနေ့ နံနက် ၁ဝနာရီမှ ညနေ ၄နာရီအထိ (ခန့်မှန်း) နယူးယောက်မြို့ ကွင်းစ်အရပ် ဝုဆိုက်ဒ်မြို့နယ်ရှိ ပီအက်စ်၁၂ မူလတန်းကျောင်းတွင် ၂၀၁၁ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ရံပုံငွေရှာပွဲ ဈေးရောင်းပွဲနှင့်အကပဒေသာ တင်ဆက်ဖျော်ဖြေခြင်းတို့ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ပွဲကျင်းပရာ P.S.12 ကျောင်း

အစားအသောက် ဈေးရောင်းပွဲတွင် မြန်မာ့အစားအစာ အမျိုးအမည် ၃ဝခန့် ရောင်းချခဲ့ပြီး ခန့်မှန်းခြေ လူတထောင်ခန့် ဈေးရောင်းပွဲသို့ လာရောက်ခဲ့ပြီး မြန်မာ့ စားသောက်ဖွယ်ရာများကို ဝယ်ယူအားပေးကြသည်။ မုန့်ဟင်းခါး၊ မုန့်တီ၊ ဝက်သားဒုတ်ထိုး စသည် အမယ်များမှာ တပွဲငါးဒေါ်လာ၊ တို့ဟူးသုပ်၊ သာခွေယိုင် တို့မှာ တပွဲ သုံးဒေါ်လာ၊ လဘက်ရည် ကျောက်ကျော တဒေါ်လာ အသီးသီးရောင်းချကြသည်။
စားသောက်စရာ စုံလင်စွာ၊ ပိုက်ဆံလေးတော့ မစပါ..

ပဏာမရွေးချယ်ခံရသူ ပုဂ္ဂိုလ်အယောက်နှစ်ဆယ်ထဲမှ မိမိနှစ်သက်ရာ ငါးဦးခန့်အား ဆန္ဒပြုမဲပေးခြင်း ကိုလည်းပြုလုပ်နိုင်ရန် စီစဉ်ပေးထားသည်။
၈၈မျိုးဆက် ကျောင်သားခေါင်းဆောင် ကိုနေတင်မြင့်

ကပွဲတင်ဆက်မှုကို အခမ်းအနားတင်ဆက်သူ ကိုစုတ်ဖွားမှ အဖွင့်ဟာသ အနည်းငယ်ဖြင့် ဧည့်ခံခဲ့ပြီး ပရိတ်သတ်အား ကမာ္ဘမကြေသီချင်း ပြိုင်တူသီဆိုရန် မေတ္တာရပ်ခံခြင်းနှင့် စတင်ဖွင့်လှစ်ခဲ့သည်။
ကမာ္ဘမကြေ မြန်မာပြည်၊ ဒို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ...

ပွဲအစပိုင်းတင်ဆက်မှု နှစ်ပင်တိုင် မင်းသမီးအက (ဟုတ်မဟုတ်တော့ မသိဘူး လျောက်ရွှီးလိုက်တာ)
အနီနဲ့အစိမ်း (အဝါသာပါရင်တော့ ရပ်ကြည့်သွား အကပဲ)

အကတင်ဆက်မှု အစီအစဉ်ကို ဆန်ဖရန်စစ်စကိုမှ မဆုဝေနှင့်အဖွဲ့နှင့် (နာမည်မှားလျင်ခွင့်လွှတ်ပါ) မြို့ခံမျိုးဆက်သစ် မြန်မာခလေးများမှ အားပါးတရ တင်ဆက်ခဲ့သည်။ ပရိတ်သတ်မှလည်း ပျော်ပျော်ရွှင်ရွှင် လက်ခုတ်တီး၊ ပန်းကုံးစွပ် အားပေးခဲ့ကြသည်။ (တကုံးငါးဒေါ်လာ)
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန် (အကျင်္ီအကွက်နဲ့လူ)

ြြြြမြို့ခံမျိုးဆက်သစ် မြန်မာခလေးနှစ်ဦးကလည်း အားကျမခံ အပြိုင်တင်ဆက်ခဲ့သည်။
မီးမီးတို့လည်း ကတတ်တယ်..

ဆန်ဖရန်အဖွဲ့၏ ရွှေအိုးစည်၊ ဝါးလက်ခုတ်၊ လဂွင်းနှင့် ပုလွေတင်ဆက်မှု အကမှာ မြိုင်ဆိုင်လွန်း၍ ပရိတ်သတ် တခဲနက်အားပေးခဲ့သည်။
ရွှေအိုးစည်သံ ညံသလေးလေ့ ညံသလေးလ့..

မွန်းလွဲပိုင်း ၁နာရီတွင် အကပဒေသာ တင်ဆက်မှု အစီအစဉ်ဖြင့် ရွှေပွဲလာပရိတ်သတ် များအား ဧည့်ခံခဲ့သည်။ ထိုင်ခုံ ၄၀ဝကျော်ဆန့် ပြဇာတ်ခန်းမတခုလုံး ခုံပြည့်အားပေးခဲ့ကြသည်။ (ဝင်ကြေး အခမဲ့၊ ဘာပဲဖြစ်ဖြစ် အားပေးရကောင်းမှန်း သိတာကိုက ဂုဏ်ယူစရာ၊ ယေး…. မျိုးချစ်တဲ့ ဒို့ မြန်မာကွ…)။ နိုင်ငံခြားသား အချို့လည်း လာရောက် အားပေးခဲ့ကြသည်။

ရွှေပွဲလာ ဧည့်ပရိတ်သတ်

ပရိတ်သတ်ကတော့ မြင်တဲ့အတိုင်းပါပဲ။ ပြည်ပရောက် မြန်မာတွေ မညီညွတ်ဘူးလို့ ဘယ်သူပြောတာလဲ။
ရုံပြည့်တယ်ဗျို့

Burmeseclassic.com ကလည်း တကမာ္ဘလုံးကို live လွှင့်တယ်ပြောတာပဲ။ မတွေ့ရင် မမြင်လို့မှတ်။
တကမာ္ဘလုံးကို တိုက်ရိုက်လွှင့်တဲ့ပွဲဗျို့...

ရခိုင်ဆီမီးခွက်အက ကလည်း အံ့မခန်းပါဘဲ။
ဟော့တယ်ဆိုတာ ဒါမျိုး...

မန္တလာသူ ဝတ်စုံနဲ့ ကနေသူလေးက ဘယ်သူပါလိမ့်….
ရှေ့ဆုံးကနေ ကြည့်ချင်ရင်တော့ နားပိတ်ထားပါ...

စင်ပေါ်မှာ ကသူက က၊ တီးသူက တီး၊ စင်အောက်မှာ ရွှီးသူကလည်း ရွှီး မြန်မာ့ရိုးရာ အစဉ်အလာလေ။ လာကြည့်သူ နိုင်ငံခြားသားတွေကတော့ စင်ပေါ်ကအဆိုအကအတီးနဲ့ စင်အောက်က ရွှေမြန်မာတို့ရဲ့ အရွှီးကို တပြိုင်ထဲသောတဆင်ကြပြီး အစောကြီး လစ်သွားကြပါတယ်။ စိတ်မပူပါနဲ့ ဝင်ကြေးအခမဲ့ဆိုတော့ သူတို့စိတ်ဆိုးသွားမယ် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူ့ဂုဏ်ရည် ရံပုံေှုငွရှာပွဲလေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါကြောင်း….
ပွဲပြီးမီးသေတဲ့... (မသေလို့လည်းမရဘူး.. ရဲဖမ်းလိမ့်မယ်)

အချို့ပုံတွေမပါတာ ခွင့်လွှတ်ပေးပါ။ ပုံအားလုံး တင်လိုက်ရင် အရမ်းလေးသွားမှာစိုးလို့ အဆင်ပြေသလို ကျပန်းရွေး တင်လိုက်ပါတယ်။

7 comments

  • zoe

    May 2, 2011 at 3:59 am

    စိတ် ဝင်စား ဖို့ကောင်းတယ် ။ တင်ပြ ပုံ လဲ ကောင်း ပါ တယ် ။ ဒါမျိုး လေးတွေ ဖတ် လို့ကောင်း တယ် ။ ဓာတ်ပုံ တချို့ မှောင်လွန်း အားကြီး လို့ မျက်နှာ တောင် မ မြင် ရတာက လွဲရင် ပေါ့ ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2011 at 4:25 am

    သူမြားနိုင်ငံမှာနေပြီး
    ကမ္ဘာမကြေနေကြတယ်လား
    ဘာဖြစ်ဖြစ် ဒီသတင်းကို
    ကျွန်တော့်ရဲ့ဝက်ဘ်ဆိုက်မှာ တင်ဘို့ခွင်းတောင်းပါတယ်ခင်ဗျား။

    Reply

    • bigcat

      May 4, 2011 at 4:22 am

      မနောက်ပါနဲ့ ကိုပုရယ်။ အရင်က ခင်ဗျားနာမည်နဲ့ လင့်ခ်တွေအားလုံးက အင်တွေကြီးပဲ…. ကြောင်ကြီးကိုနောက်ရဖူးနော်…..

      Reply

  • char too lan

    May 2, 2011 at 9:42 am

    စားသောက်စရာနားမှာ ခါးကုန်းနေတာ ဦးကြောင်ကြီးလား 🙂
    ကျနော်လဲ ကူးယူသွားတာမို့ ခွင့်ပြုပါ……

    Reply

  • shwe ni

    May 4, 2011 at 7:13 am

    ဇကာတင်(၅)ဦးမှ(၁)ဦးကို မဲဘယ်လို ပေးရမလဲ သိချင်ပါတယ်ရှုင့်

    Reply

  • kai

    May 4, 2011 at 8:40 am

    ပြည်သူ့ဂုဏ်ရည်ဝက်ဘ်ဆိုက်က သတင်းကို ကူးတင်ပေးလိုက်ပါတယ်..။
    ဇကာတင်၅ဦးကနေ.. ၁ဦးကို ဝဘ်ဆိုက်ကပဲ..မဲပေးစံနစ်နဲ့ ရွေးတာဖြစ်ပါတယ်..။
    ရွေးပုံကို အောက်က သတင်းမှာဖတ်ပါနော..။
    ==============================
    အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)
    http://www.citizenofburma.org

    ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင်အမည်စာရင်း ထုတ်ပြန်ခြင်း

    နေ့စွဲ – ၂၀၁၁ ခုနှစ် မေလ ၂ ရက်

    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ဒုတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ)၌ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

    အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများ တင်သွင်းခြင်းကို ဧပြီလ ၁၅ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၄ ဦး အဆိုပြုခဲ့ပါသည်။ ယင်းတို့အနက် ၂ဝ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။ ထိုပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များနေထိုင်ရာ မြို့အသီးသီးက မေလ ၁ ရက်နေ့တွင် ရွေးချယ်ခဲ့ကြပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ၁။ ဦးဇာဂနာ (လူရွှင်တော်၊ ဒါရိုက်တာ၊ လူမှုဝန်ထမ်း)
    ၂။ ဒေါ်ဖြူဖြူသင်း (တောင်ဒဂုံ အိတ်ချ်အိုင်ဗွီစင်တာ တာဝန်ခံ)
    ၃။ ဒေါ်ရှု (အကျဉ်းကျ သံဃာတော်များအား စောင့်ရှောက်နေသူ)
    ၄။ ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
    ၅။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

    အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ပစိဖိတ်စံတော်ချိန် မေလ ၄ ရက် ည ၁၂ နာရီ မှ မေလ ၁၄ ရက် ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ http://www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၁၅ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။

    ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

    ဆက်သွယ်ရန်။ ။ ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇၊ ကိုလေး (၀၁) ၆၂၆ ၃၈၃ ၆၉၀၁၊ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇၊ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁၊ ကိုဂျေစင် (၀၁) ၅၁ဝ ၄၀၂ ၇၇၇၉

    Reply

  • shwe ni

    May 4, 2011 at 10:08 am

    ကျေးဇူးပါ ကိုခိုင်

    Reply

Leave a Reply

Your email address will not be published.